
COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃၈/၂၀၂၀) ကျင်းပ
နေပြည်တော် မတ် ၂၂
COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် လုပ်ငန်းညှိနှိုင်းအစည်း အဝေး (၃၈/၂၀၂၀)ကို ယနေ့ ညနေ ၅ နာရီခွဲတွင် နေပြည်တော်ရှိ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးက ယခုအခါ COVID-19 ရောဂါသည် ကမ္ဘာ့နိုင်ငံပေါင်း ၁၈၅ နိုင်ငံသို့ ကူးစက်ပြန့်ပွားနေပြီး ယခုရက်ပိုင်း အတွင်း ထိုင်းနိုင်ငံတွင် အလုပ် လုပ်ကိုင်နေသော မြန်မာနိုင်ငံသား အများအပြားသည် ပြည်တွင်းသို့ ဝင်ရောက်နေပြီဖြစ်သဖြင့် မိမိတို့ နိုင်ငံတွင်းသို့ ရောဂါဝင်ရောက်ဖြစ်ပွား နိုင်ခြေသည် ပိုမိုမြင့်မားလာပါကြောင်း၊ ပြန်လည်ဝင်ရောက် လာကြသူများ သည် အလွန်များပြားသဖြင့် ၎င်းတို့ အား သတ်မှတ်နေရာများတွင် အသွားအလာကန့်သတ်ခြင်း (Facility Quarantine) ကို ဆောင်ရွက်ရန်မှာ မဖြစ်နိုင်သဖြင့် ၎င်းတို့၏ သက်ဆိုင်ရာ နေအိမ်များတွင် အသွားအလာ ကန့်သတ်ခြင်း (Home Quarantine) ကို ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ထိုသူများအနေဖြင့် သတ်မှတ်ထား သည့်အချက်များကို အသိစိတ်ဓာတ် ရှိစွာဖြင့် တိကျစွာလိုက်နာကာ ၁၄ ရက်တာ ကာလအထိ နေအိမ်တွင် အသွားအလာ ကန့်သတ်နေထိုင်ရမည် ဖြစ်ပါကြောင်း၊ သို့မှသာ ရောဂါဖြစ်ပွား မှု ရှိပါက ချက်ချင်းသိရှိကာ လျင်မြန် စွာကုသမှုပေးနိုင်မည်ဖြစ်ပြီး မိမိ၏ မိဘ၊ ဆွေမျိုးများနှင့် အိမ်နီးချင်းများကို ရောဂါမကူးစက်စေရန် ထိရောက်စွာ တားဆီးထိန်းချုပ်နိုင်မည် ဖြစ်ကြောင်း ကို ၎င်းတို့အား သေချာစွာပြောကြားအသိပေးရမည်ဖြစ်ပါကြောင်း၊ နေအိမ် များတွင် အသွားအလာ ကန့်သတ် နေထိုင်သူများအနေဖြင့် နေ့စဉ် သက်ဆိုင်ရာ ကျန်းမာရေးဌာနသို့ တယ်လီဖုန်းဖြင့် မဖြစ်မနေသတင်း ပေးပို့ရမည်ဖြစ်ပါကြောင်း၊ လိုက်နာ ဆောင်ရွက်ရမည့် အချက်များကို ဆောင်ရွက်ခြင်း ရှိ၊ မရှိကိုလည်း ကျန်းမာရေးဝန်ထမ်းများနှင့် အထွေထွေ အုပ်ချုပ်ရေးဝန်ထမ်းများက ပြည်သူ များ၏ ပူးပေါင်းပါဝင်မှုဖြင့် ကြီးကြပ် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။
စောင့်ကြပ်ကြည့်ရှု
ဟိုတယ်လုပ်ငန်းရှင်များအသင်း မှ တာဝန်ရှိသူများနှင့် ချိတ်ဆက် ညှိနှိုင်းပြီးသည်ဖြစ်၍ ဟိုတယ်အချို့ ကို အသွားအလာကန့်သတ်ပြီး စောင့်ကြပ်ကြည့်ရှုမည့် နေရာအဖြစ် သတ်မှတ်ကာ ဟိုတယ်များ၌ ထားရှိ ၍ အသွားအလာကန့်သတ်ခြင်းကို ဆောင်ရွက်ရန် စတင်လုပ်ဆောင်နေပြီဖြစ်ပါကြောင်း၊ မန္တလေးတိုင်း ဒေသကြီးတွင်လည်း အသွားအလာ ကန့်သတ် စောင့်ကြပ်ကြည့်ရှုခြင်း ဆောင်ရွက်ရန်နေရာများကို တိုင်း ဒေသကြီးအစိုးရအဖွဲ့နှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ နယ်စပ် ဝင်ထွက်ပေါက်များတွင် ရောဂါ စောင့်ကြပ်ကြည့်ရှုမှုများ ဆောင်ရွက် နေမှုများကို အားဖြည့်ဆောင်ရွက် နိုင်ရန်အတွက် ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စုဝန်ကြီးရုံး)၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ ကျန်းမာ)နှင့် ညွှန်ကြားရေးမှူး (ရောဂါ နှိမ်နင်းရေး)တို့ ပါဝင်သည့်အဖွဲ့မှ ကွင်းဆင်းဆောင်ရွက်လျက် ရှိပါ ကြောင်း၊ နိုင်ငံတော်အစိုးရမှ ထုတ်ပြန် ကြေညာထားသော COVID-19 ရောဂါ ကူးစက်ပြန့်ပွားလျက်ရှိသော နိုင်ငံ များမှ မြန်မာနိုင်ငံသို့ ရောက်ရှိလာ သည့် ကုလသမဂ္ဂအဖွဲ့နှင့် ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းများ၊ သံရုံး ဝန်ထမ်းများနှင့် မိသားစုဝင်များကို သက်ဆိုင်ရာ နေအိမ်များတွင်သာ နေထိုင်စေ၍ အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိပြီး လိုက်နာရန် အချက်များကို တိတိကျကျလိုက်နာ ရန် မှာကြားထားပြီး ဖြစ်ပါကြောင်း။
ပိုမိုအားစိုက်ဆောင်ရွက်
COVID-19 ရောဂါကြောင့် သေဆုံးမှုရာခိုင်နှုန်းသည် စတင် ဖြစ်ပွားစဉ်ကာလ၌ ၂ ဒသမ ၁ ရာခိုင် နှုန်းခန့်သာရှိသော်လည်း ယခုအခါ ရောဂါကြောင့် သေဆုံးမှုရာခိုင်နှုန်း သည် ၄ ဒသမ ၂ ရာခိုင်နှုန်းအထိ မြင့်တက်လာသည်ကို တွေ့ရှိရ၍ မိမိတို့အနေဖြင့် COVID-19 ဓာတ်ခွဲ အတည်ပြုလူနာများကို တွေ့ရှိပါက ကုသမှုပေးနိုင်ရန်အတွက် ဆေးရုံပိုင်း ဆိုင်ရာ ကြိုတင်ပြင်ဆင်မှုများကို ပိုမို အားစိုက်ဆောင်ရွက်လျက် ရှိပါ ကြောင်း၊ ရောဂါကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများ၊ ဆေးနှင့် ဆေးပစ္စည်းများ ဝယ်ယူဖြန့်ဖြူးရေး လုပ်ငန်းများ၊ အသွားအလာကန့်သတ် ခြင်းလုပ်ငန်းများနှင့် ဤရောဂါနှင့် ပတ်သက်၍ အရေးကြီးသည့် ကိစ္စများ ကို ပိုမိုတိကျစွာ အချိန်နှင့်တစ်ပြေးညီ ချိတ်ဆက်နိုင်စေရေးအတွက် “ပေါင်းစပ် ညှိနှိုင်းရေးနှင့် စီမံခန့်ခွဲရေးဗဟို ဌာနများကို ဝန်ကြီးဌာန၊ ရုံးအမှတ် (၄) တွင် တစ်ခု၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနတွင် တစ်ခု၊ နယ်စပ်ဝင်၊ ထွက်ပေါက်နေရာများအတွက် တစ်ခု ထားရှိကာ မတ် ၂၃ ရက်မှ စတင် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။
အဆိုပါ (Command Center)များ တွင် ခေတ်မီဆက်သွယ်ရေးနည်းပညာ များအသုံးပြု၍ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ကုသရေးဦးစီးဌာန၊ ဗဟို ကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ၊ ဝယ်ယူဖြန့်ဖြူးရေး၊ အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန စသည့်ကဏ္ဍများမှ တာဝန်ရှိသူများ အပါအဝင် အထောက်အကူပြုအဖွဲ့များ ပါဝင်ကာ တစ်ရက်လျှင် အဆိုင်း သုံးဆိုင်းဖြင့် အလှည့်ကျတာဝန် ထမ်းဆောင်တော့မည် ဖြစ်ပါကြောင်း၊ ဝယ်ယူဖြန့်ဖြူးရေးကဏ္ဍအနေဖြင့် (က) လက်ဝယ်တွင်ရှိသော ဆေးနှင့် ဆေးပစ္စည်းများ၊ (ခ) မှာယူရရှိရန် ရှိသော ဆေးနှင့်ဆေးပစ္စည်းများ၊ (ဂ) လှူဒါန်းရရှိမှုမှရရှိသော ဆေးနှင့်ဆေးပစ္စည်းခွဲဝေချထားမှုများကို စနစ် တကျ ဆန်းစစ်သုံးသပ်နိုင်ရေးအတွက် Dashboard များ ပြုလုပ်ထားရှိ၍ လိုအပ်ချက်များကို ဖြည့်ဆည်း ပေးနိုင်ရေး အချိန်နှင့်တစ်ပြေးညီ စတင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ် ရေးလုပ်ငန်းများတွင် ဆုံးဖြတ်ချက် များ ချမှတ်ဆောင်ရွက်ရန်မှာ အချိန် နှင့် အမျှအရေးကြီးသဖြင့် မိမိအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန မှူးများအား လုပ်ပိုင်ခွင့်ကို ယမန်နေ့ က စတင်၍ အပြည့်အဝ ပေးအပ် ထားပါကြောင်း၊ ဆုံးဖြတ်ချက်ချ လုပ်ဆောင်ရန်ရှိသည်များကို လုပ် ဆောင်ပြီး ဗဟိုအဆင့် (Command Center) သို့ သတင်းပေးပို့ရမည် ဖြစ်ပါ ကြောင်း။
အသိပညာပေးဖို့နှိုးဆော်
ရုပ်မြင်သံကြား၊ ရေဒီယို၊ အင်တာ နက်တို့မှာ တစ်နိုင်ငံလုံးသို့ ရောက်ရှိ ရန်ခက်ခဲသဖြင့် တစ်နိုင်ငံလုံးမှ ပြည်သူများသိရှိရန်အတွက် မြို့နယ် နှင့် ကျေးလက်တောရွာများတွင် သက်ဆိုင်ရာ မြို့နယ်ပြည်သူ့ကျန်းမာ ရေးနှင့် ကုသရေးဦးစီးဌာနမှူးများ နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တို့ ပူးပေါင်း၍ လက်ကိုင်အသံချဲ့စက် ငယ်များအသုံးပြုကာ ကျန်းမာရေး အသိပညာပေးနှိုးဆော်မှုများ အရှိန် အဟုန်ဖြင့် ဆောင်ရွက်တော့မည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံမှ သက်ဆိုင်ရာ နေရပ်နိုင်ငံများသို့ ပြန်လည်သွားရောက်လိုသည့် သံရုံး ဝန်ထမ်းများနှင့် ကုလသမဂ္ဂဝန်ထမ်း များအတွက် ယခုလက်ရှိတွင် COVID-19 ရောဂါလက္ခဏာများ မရှိကြောင်း ထောက်ခံချက်ကိုလည်း ပြုလုပ်ပေးနိုင်ရေး စီစဉ်ဆောင်ရွက် တော့မည်ဖြစ်ပါကြောင်း၊ ယခုလက်ရှိ တွင် ဖွံ့ဖြိုးတိုးတက်မှုအမြင့်မားဆုံးသော အမေရိကန်ပြည်ထောင်စုနှင့် ဥရောပနိုင်ငံများတွင်လည်း ရောဂါ ကူးစက်ဖြစ်ပွားသေဆုံးနှုန်းများ မြင့်မား နေသည်ကို တွေ့ရှိနေရပါကြောင်း၊ မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများနှင့် ဒေသတွင်းနိုင်ငံများမှာလည်း ယခု ရက်ပိုင်းအတွင်း ရောဂါကူးစက် ပြန့်ပွားမှုများ များပြားလာကာ သေဆုံးမှုများလည်း မြင့်တက်လာ သဖြင့် မိမိအနေဖြင့် မိမိတို့နိုင်ငံသို့ ဝင်ရောက်လာမည်ကို အထူးစိုးရိမ်မိပါ ကြောင်း၊ ပြည်သူများအနေဖြင့် COVID-19 ရောဂါ၏ မိမိတို့နိုင်ငံ အပေါ် ရိုက်ခတ်နိုင်သော အခြေအနေ အတိမ်အနက်ကိုသိရှိကာ ပေါ့လျော့ ခြင်းလုံးဝမရှိဘဲ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ တွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း နှင့် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟို ကော်မတီနှင့် ဝန်ကြီးဌာနအသီးသီးမှ ထုတ်ပြန်ထားသည့် အချက်များကို စနစ်တကျ လိုက်နာကျင့်သုံးခြင်းတို့ကို ဆောင်ရွက်ကြပါရန် တိုက်တွန်းလိုပါ ကြောင်း ပြောကြားသည်။
ကွင်းဆင်းဆောင်ရွက်
အစည်းအဝေးတွင် နိုင်ငံတကာ ၌ ရောဂါဖြစ်ပွားကူးစက်မှု၊ သေဆုံး မှုအခြေအနေများ၊ နိုင်ငံတကာတွင် အခြားနိုင်ငံများမှ နိုင်ငံတွင်းသို့ ဝင်ရောက်လာကြသူများကို ဝင်ရောက် ခွင့်ပိတ်ပင်မှု၊ အသွားအလာကန့်သတ် ခြင်းဆောင်ရွက်မှု အခြေအနေများ၊ နိုင်ငံတကာကုသရေး ကုထုံးဆိုင်ရာ လေ့လာတွေ့ရှိမှုနှင့် မိမိတို့နိုင်ငံ အတွက် ကြိုတင်ပြင်ဆင်ထားရှိမှု၊ ကရင်ပြည်နယ် မြဝတီမြို့သို့ ဗဟို ကွင်းဆင်းအဖွဲ့၏ ကွင်းဆင်းဆောင် ရွက်မှုအခြေအနေများ၊ တစ်ကိုယ်ရေ ရောဂါကာကွယ်ရေးဝတ်စုံ (PPE) များ ချိတ်ဆက်ဝယ်ယူမှု၊ လှူဒါန်းလက်ခံ ရရှိမှု၊ ဆေးနှင့်ဆေးပစ္စည်းများ ချိတ်ဆက်ဝယ်ယူမှု၊ လှူဒါန်း လက်ခံ ရရှိမှု၊ ဓာတ်ခွဲစစ်ဆေးမှုဆိုင်ရာ ကိစ္စ ရပ်များ၊ စသည်တို့ကို ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။
သတင်းစဉ်