
ရန်ကုန် ဖေဖော်ဝါရီ ၆
ဘက်စုံကိုယ်ခံပညာသုံး MMA ပြိုင်ပွဲများ စီစဉ်ကျင်းပနေသည့် ONE Championship အဖွဲ့အစည်းသည် ယခုနှစ်အတွင်း ပြိုင်ပွဲ ၂၄ ခုကျင်းပရန် စီစဉ်ထားသည်။
အာရှနိုင်ငံများတွင် MMA ပြိုင်ပွဲများကျင်းပနေသည့် ONE Championship အဖွဲ့အစည်းသည် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ယခင်ကဲ့သို့ နိုင်ငံအများစုတွင် ကျင်းပနိုင်ခြင်းမရှိသော်လည်း စင်ကာပူနိုင်ငံတွင် ပြိုင်ပွဲများပြုလုပ်ကာ နိုင်ငံအနှံ့အပြားတွင် ကြည့်ရှုနိုင်ရန် ရုပ်သံမှ ထုတ်လွှင့်ပြသလျက်ရှိသည်။ ONE Cham-pionship အဖွဲ့အစည်းသည် ယခုနှစ်တွင် တစ်လလျှင် နှစ်ပွဲနှုန်း ကျင်းပမည်ဖြစ်ပြီး ဇန်နဝါရီတွင် နှစ်ပွဲ ကျင်းပထားပြီးဖြစ်ကာ ဖေဖော်ဝါရီတွင် ၁၁ ရက်နှင့် ၂၅ ရက်၌ ပြိုင်ပွဲများ ထပ်မံကျင်းပမည် ဖြစ်သည်။ ယခုလအတွင်းကျင်းပမည့် ပြိုင်ပွဲများတွင် မြန်မာ ကစားသမားများ၏ တွဲဆိုင်းများပါဝင်မည်ဖြစ်ပြီး ဖေဖော်ဝါရီ ၁၁ ရက်ပြုလုပ်မည့်ပြိုင်ပွဲတွင် ထီရယ်လ်ထန်၊ ဖေဖော်ဝါရီ ၂၅ ရက် ပြုလုပ်မည့်ပြိုင်ပွဲတွင် အောင်လအန်ဆန်တို့၏ ပွဲစဉ်များပါဝင်မည် ဖြစ်သည်။ ထီရယ်လ်ထန်သည် ဘင်တန်ဝိတ်တန်း စိန်ခေါ်ပွဲအဖြစ် အင်ဒိုနီးရှားနိုင်ငံသား ဆူနိုတို၊ အောင်လအန်ဆန်သည် မစ်ဒယ် ဝိတ်တန်း စိန်ခေါ်ပွဲအဖြစ် ရုရှားနိုင်ငံသား ဗစ်တာလီဘစ်ဒက်ရှ်တို့နှင့် ယှဉ်ပြိုင်ထိုးသတ်ရမည်ဖြစ်သည်။
ရဲရင့်လွင်