
ဝါရှင်တန် စက်တင်ဘာ ၁၅
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် နိုင်ငံ အနောက်ပိုင်း၌ ဖြစ်ပေါ်နေသည့် မိုးခေါင်မှုအခြေအနေများနှင့် တောမီး လောင်ကျွမ်းမှုများကိုသိရှိရန် ကော်လိုရာဒို ပြည်နယ်သို့ သွားရောက်ခဲ့ပြီးနောက် အမေရိကန်နိုင်ငံသည် ယခုနှစ်တွင် ဆိုးရွားသည့် ရာသီဥတုဖြစ်စဉ်များကြောင့် အမေရိကန်ဒေါ်လာ ၁၀၀ ဘီလီယံကျော် ကုန်ကျမည်ဖြစ်ကြောင်း စက်တင်ဘာ ၁၄ ရက်တွင် ပြောကြားခဲ့သည်။
အပူပိုင်းမုန်တိုင်း နီချိုလက်စ်သည် စက်တင်ဘာ ၁၄ ရက်တွင် တက္ကဆက်နှင့် လူဝီစီးယားနား ကမ်းရိုးတန်းဒေသများ တွင် တိုက်ခတ်ခဲ့ခြင်းကြောင့် လမ်းများ နှင့် ထောင်ပေါင်းများစွာသော လူနေအိမ် များအား ရေလွှမ်းမိုးခြင်းနှင့် လျှပ်စစ်မီး ပြတ်တောက်ခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် ရာသီဥတုပြောင်းလဲမှု၏ ကြီးထွားလာသော ခြိမ်းခြောက်မှုကို တိုက်ဖျက်ရန်နှင့် အစိုးရ၏ အခြေခံ အဆောက်အအုံ အသုံးစရိတ်များအတွက် အထောက်အပံ့ပေးရန် အဆိုပါဒေသများ သို့ သွားရောက်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့်နှစ်က ဆိုးရွားသည့် ရာသီ ဥတုဖြစ်စဉ်များကြောင့် အမေရိကန်နိုင်ငံ၌ ဒေါ်လာ ၉၉ ဘီလီယံ ကုန်ကျခဲ့ကြောင်းနှင့် ယခုနှစ်တွင် ဆိုးရွားသည့် ရာသီဥတု ဖြစ်စဉ်များကြောင့် ဖြစ်ပေါ်လာမည့် စီးပွားရေး ထိခိုက်ပျက်စီးမှုသည် အမေရိကန်ဒေါ်လာ ၁၀၀ ဘီလီယံကျော် ရှိမည်ဟု ခန့်မှန်းထားကြောင်း အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်က ပြောကြားခဲ့သည်။
ကိုးကား - စီအင်န်အေ
ဘာသာပြန် - အလင်းသစ်