ယနေ့လူငယ်နှင့်် မူးယစ်ဆေးဝါးအန္တရာယ်

Type
1

လွန်းပိုးအိမ်

လောကတွင် အကောင်းနှင့်အဆိုး အလင်းနှင့်အမှောင် ဒွန်တွဲလျက်ရှိ ပေသည်။ လူငယ်များဘဝကို တိုးတက်ဖွံ့ဖြိုးစေမည့် နည်းပညာများ ထွန်းကားလာသလို အမှောင်ထု ချောက်ကမ်းပါးထဲ ဆွဲချမည့် အဖျက် အန္တရာယ်   မူးယစ်ဆေးဝါးများသည်လည်း   လူငယ်ထုလက်ထဲသို့ ရောက်ရှိနေသည်ကို တွေ့ရမည်ဖြစ်သည်။ ထိုသို့သော ဆွဲဆောင်မှု အမျိုးမျိုးဖြင့်   လူငယ်ထုတစ်ရပ်လုံးကို   လမ်းမှားရောက်စေမည့် မူးယစ်ဆေးဝါးအန္တရာယ်ကို သတိရှိစွာဖြင့် ကာကွယ်တိုက်ဖျက်ရန်မှာ လူသားအားလုံး၏ အဓိကတာဝန်ပင် ဖြစ်သည်။


မူးယစ်ဆေးဝါးအန္တရာယ်ကို နားလည်သင့် 


လူငယ်များအနေဖြင့် မိမိတို့အပေါ် နည်းမျိုးစုံဖြင့် လွှမ်းမိုးဖျက်ဆီး လျက်ရှိသည့် မူးယစ်ဆေးဝါးများ၏အကြောင်းကို သိရှိနားလည်နိုင် စေရန်၊ မူးယစ်ဆေးဝါးအန္တရာယ်ကို မည်သို့ ကာကွယ်တိုက်ဖျက်ရ မည်ကို သိရှိရုံသာမက သတိပြု နားလည်နိုင်ရန်နှင့် မူးယစ်ဆေးဝါး၏ သားကောင်ဖြစ်နေသည့်  လူငယ်များကို  မည်ကဲ့သို့  လမ်းမှန်ပေါ် ပြန်လည်ခေါ်ဆောင်၍ရမည်ကို သဘောပေါက်စေရန် လိုအပ်သည်။


ကမ္ဘာ့နိုင်ငံများကို  ပြန်ကြည့်လျှင်  နိုင်ငံတိုင်းလိုလိုသည်  မိမိ၏ အနာဂတ်  လူ့ဘောင်အဖွဲ့အစည်းကြီး  ဖွံ့ဖြိုးသာယာစေရန်အတွက် Social Capital ဟုခေါ်သည့်   လူမှုအရင်းအနှီးများ၊   Intellectual Capital ဟုခေါ်သည့် ဉာဏအရင်းအနှီးများ အပြိုင်အဆိုင် ရင်းနှီးမြှုပ်နှံ ကြရာတွင် မျိုးဆက်သစ်လူငယ်များကို ပိုမိုပျိုးထောင်လာခဲ့ကြသည်ကို တွေ့ရသည်။   မိမိတို့နိုင်ငံတော်၏  အနာဂတ် လူ့ဘောင်အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်  သာယာလှပအောင်  လူငယ်များ၏  စွမ်းပကားကို တိုးမြှင့်ကြရပေမည်။  လူငယ်များ၏  စွမ်းပကားကို  မြှင့်တင်ပေးရန် ဆိုလျှင် နိုင်ငံတော်အစိုးရတစ်ခုတည်းက ဆောင်ရွက်ပေးရုံဖြင့် မလုံ လောက်ဘဲ လူ့အဖွဲ့အစည်းအသီးသီး၊ ပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူ အသီးသီးက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရပေမည်။


လူငယ်များကို အသက်ဆုံးရှုံးစေသည်အထိ အဓိက ခြိမ်းခြောက် လျက်ရှိသည်မှာ မူးယစ်ဆေးဝါးပင်ဖြစ်သည်။ လူသားများ၏ ကျန်းမာ ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကို ထိခိုက် ခြိမ်းခြောက်လျက်ရှိသော အရက်၊ ဆေးလိပ်၊ ဆေးရွက်ကြီး၊ စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများ အန္တရာယ်ကို ကြိုတင်ကာကွယ်ရန်နှင့် ထိရောက်စွာ တိုက်ဖျက်နှိမ်နင်း နိုင်ရန် အလွန် လိုအပ်ပါသည်။ တရားမဝင်  မူးယစ်ဆေး၊  စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ၊ အရက်၊ ဘီယာနှင့် ဆေးလိပ်တို့ကို စွဲလမ်းခြင်းအန္တရာယ်မှ ကင်းဝေးစေရန်နှင့် မူးယစ်ဆေးဝါးအန္တရာယ် ဆိုးကျိုးများကို ပိုမိုသိရှိ နားလည်လာစေရန် အသိပညာပေး ဆောင် ရွက်ခြင်းအားဖြင့် မူးယစ်ဆေးဝါးနှင့် နောက်ဆက်တွဲ ဆိုးရွားလှသည့် အန္တရာယ်များကို လူသားများ ကိုယ်တိုင်ကိုယ်ကျ နားလည်သဘော ပေါက်မှသာ ရှောင်ရှားနိုင်ကြမည်ဖြစ်သည်။


မူးယစ်ဆေးဝါး၏ သမိုင်းကြောင်း


မူးယစ်ဆေးဝါးသည် ကမ္ဘာပေါ်တွင် ရှေးအကျဆုံးသော ဆေးဝါး တစ်မျိုးဖြစ်သည်။ ယခင်က မူးယစ်ဆေးဝါးကို အပင်များမှရရှိပြီး ဘယဆေးတစ်မျိုးအဖြစ် အသုံးပြုခဲ့ကြသည်။ ဘိန်းပင်၊ ကုက္ကားပင်၊ ဆေးခြောက်ပင်တို့ကို  မူးယစ်ဆေးဝါးဟု ခေါ်ပါသည်။ ဘိန်းပင်နှင့် ဆေး ခြောက်ပင်တို့သည် ထင်ရှားသည့် မူးယစ်အနွယ်ဝင် အပင်များ ဖြစ်ကြသည်။ ခေတ်အဆက်ဆက် ပြောင်းလဲလာသော အခြေအနေများ အရ မူးယစ်ဆေးနှင့် မူးယစ်စေတတ်သောအရာများ၊ အပင်ထွက်ပစ္စည်း များကို သုံးစွဲရုံသာမကဘဲ လူတို့ကိုယ်တိုင်  တီထွင်အသုံးပြုလာခဲ့ကြ သည်။ ဆေးအဖြစ်သာမက စွဲလမ်းစေသည့် ဖျော်ဖြေရေးပစ္စည်း၊ ထိုမျှ မက လူတို့ကို လွှမ်းမိုးချုပ်ကိုင်လာသော သေမင်းတမန်အဖြစ် အဆင့် ဆင့် ပြောင်းလဲသုံးစွဲလာခဲ့ရာမှ ယခုအခါတွင် မူးယစ်ဆေးဝါးသည် လူသားများအကြားတွင် စွဲလမ်းစေတတ်သော ကြောက်မက်ဖွယ်ရာ တစ်ခုအဖြစ် တည်ရှိနေပြီဖြစ်သည်။


လူသည် စူးစမ်းတတ်သော သတ္တဝါတစ်မျိုးဖြစ်ပြီး ထိုစူးစမ်းစိတ် ကြောင့်ပင်  ယနေ့ ကမ္ဘာကို  ပုံဖော်ပြောင်းလဲနိုင်ခဲ့ခြင်း  ဖြစ်သည်။ စူးစမ်းလိုစိတ်သည် လူကို ကောင်းကျိုးပြုသလို ဆိုးကျိုးလည်းပြုနိုင် ပေသည်။ အထူးသဖြင့် အန္တရာယ်ရှိသော မူးယစ်ဆေးဝါးသည် စူးစမ်းမိ  သည့်လူကို ချုပ်နှောင်ဖမ်းစားရင်း မပြန်လမ်းသို့ ဆွဲခေါ်သွားနိုင်သော အရာဖြစ်သည်။ လူသားများအနေဖြင့် မူးယစ်ဆေးဝါးကို သူငယ်ချင်း အပေါင်းအသင်း၏ ဆွဲဆောင်မှုကို မလွန်ဆန်နိုင်ခြင်း၊ မိသားစုအိမ်တွင်း ရေး မပြေလည်ခြင်း၊ လူမှုရေးပြဿနာရှိနေခြင်းနှင့် မူးယစ်ဆေးဝါး၏  အန္တရာယ်အကြောင်း ဗဟုသုတနည်းပါးခြင်း စသည်တို့ကြောင့် သုံးစွဲမိ သည်ဟုဆိုသော်လည်း မိမိ၏စိတ်ကြောင့်သာ ပျက်စီးခြင်းကို ရောက် ကြခြင်းဖြစ်သည်။ မိမိကိုယ်တိုင်ဖျက်မှ ပျက်စီးခြင်းဖြစ်၍ ဘယ်သူမပြု မိမိမှုသာ ဖြစ်သည်။


လူသားများအကြားတွင် မူးယစ်ဆေးဝါးသုံးစွဲမှုနှုန်း မြင့်တက်လာ သည်နှင့်အမျှ စာရိတ္တမဏ္ဍိုင် ယိမ်းယိုင်လာပြီး ရာဇဝတ်မှုခင်းများ  များပြားလာသည့် မှုခင်းသံသရာကို ဖြစ်ပေါ်စေသည်။


မူးယစ်ဆေးဝါး အန္တရာယ်များ


ယနေ့အချိန်တွင် နိုင်ငံ၏မျိုးဆက်သစ် လူငယ်များကို လူညွန့်တုံး စေမည့် မူးယစ်ဆေးဝါးအန္တရာယ်ကို တားဆီးကာကွယ်ရန် တစ်နိုင်ငံ လုံး၊ ပြည်သူတစ်ရပ်လုံး၏ အမျိုးသားရေးတာဝန်ကြီးတစ်ရပ်အဖြစ် အရှိန်အဟုန်မြှင့်တင် ကြိုးပမ်းကြရန် အလွန်ပင် အရေးကြီးပါသည်။ လူ့အဖွဲ့ အစည်းတစ်ရပ်လုံးကို ဖြည်းဖြည်းချင်း ဝါးမျိုပြီး လူငယ်များကို အညွန့်ချိုးနေသည့်၊ နိုင်ငံ၏ဂုဏ်သိက္ခာနှင့် အနာဂတ်ကို ဖြည်းဖြည်း ချင်း နင်းချေပစ်နေသည့် မူးယစ်ဆေးဝါးအန္တရာယ်ကို ပြည်သူနှင့်အတူ စုပေါင်းပြီး နှိမ်နှင်းကြရန်လည်း အထူးလိုအပ်ပါသည်။
မူးယစ်ဆေးဝါးပြဿနာသည်  တစ်နိုင်ငံတည်း  ဆောင်ရွက်၍ မရသည့်အတွက် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် မူးယစ်ဆေးဝါး တရားမဝင်ရောင်းဝယ်ဖောက်ကားမှုများကို တိုက်ဖျက် နိုင်ရန်အတွက် အိမ်နီးချင်းနိုင်ငံများ အပါအဝင် တစ်ကမ္ဘာလုံးရှိ နိုင်ငံ အသီးသီးက  ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုမြှင့်တင်လုပ်ဆောင်နိုင်ရန်လည်း အရေးကြီးသည်။


မူးယစ်ဆေးသည် သုံးစွဲမိသူကို စွဲလမ်းစေတတ်သည်။ သုံးနေစဉ် ကာလအတွင်း စိတ်ဓာတ်တက်ကြွခြင်း၊ အလွန်အမင်း လန်းဆန်းခြင်း၊ စိတ်ကူးကွန့်မြူးလွယ်ခြင်းနှင့် လွတ်လပ်ပေါ့ပါးခြင်း စသည့် ခံစား မှုများ ဖြစ်ပေါ်စေသဖြင့် သုံးစွဲသူများ  စွဲလမ်းနှစ်ခြိုက်နေခြင်းဖြစ်သည်။ မူးယစ်ဆေးဝါးသည် ဦးနှောက်ကို မူးယစ်ထုံထိုင်းသွားစေပြီး စိတ်ပိုင်း ဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ နှစ်မျိုးစလုံးကို စွဲလမ်းမှုဖြစ်စေသည်။ 


ယနေ့ ကမ္ဘာပေါ်တွင် မူးယစ်ဆေးဝါးအန္တရာယ်ကို ကမ္ဘာ့နိုင်ငံတိုင်း လိုလို ရင်ဆိုင်နေရသည်။ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီးက “Problem of Drug and Drug Problem of People” ဟူ၍ ဆောင်ပုဒ်ထားရှိပြီး မူးယစ်ဆေးဝါးသည်   လူသားတစ်မျိုးနွယ်လုံး    ရင်ဆိုင်နေရသည့် ပြဿနာဖြစ်သည်ဟု   ဖွင့်ဆိုခဲ့သည်။   ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံများ၊ ဖွံ့ဖြိုးဆဲနိုင်ငံများပါမကျန် မူးယစ်ဆေးသည် ဘုံရန်သူအဖြစ် တိုက် ထုတ်နေရသည့်အရာလည်းဖြစ်သည်။ မူးယစ်ဆေးဝါးကို အချို့သော နိုင်ငံများက ပြတ်ပြတ်သားသားတိုက်ထုတ်နေသလို အချို့နိုင်ငံများ ကလည်း  ကာကွယ်တုံ့ပြန်နည်းဖြင့်  ရင်ဆိုင်နေကြရသည်။  ပြုပြင် ထုတ်လုပ်ထားသည့် ဆေးဝါးများပါသည့်အတွက် ဥပဒေကို ပြောင်းလဲ ပြဌာန်းရခြင်းဖြစ်သည်။


ဘိန်း၊ ဘိန်းဖြူနှင့် စိတ်ကြွဆေးပြား


မူးယစ်ဆေးကို အပိုင်းသုံးပိုင်းခွဲမည်ဆိုပါက ဘိန်း၊ ဘိန်းဖြူနှင့် စိတ်ကြွဆေးပြားတို့ဖြစ်သည်။ ယနေ့ကာလတွင် စိတ်ကြွဆေးပြား သည် လူသားများကြားထဲသို့ ပိုမိုပျံ့နှံ့ ဝင်ရောက်လျက်ရှိပြီး အထူး သဖြင့် ကျောင်းသားလူငယ်များကြားထဲသို့ပါ စိမ့်ဝင်လျက်ရှိသည်ကို တွေ့ရသည်။ ကမ္ဘာပေါ်တွင်လည်း မူးယစ်ဆေးဝါးသုံးစွဲသည့် အသက် အရွယ်သည်  ၉  နှစ်အရွယ်မှ   စတင်ကြောင်း   ကောက်ယူရရှိသည့် စစ်တမ်းများအရ သိရှိရသည်။ မြန်မာနိုင်ငံတွင်လည်း မူးယစ်ဆေးဖြတ် သူများကို စာရင်းကောက်ယူသည့်အခါ အသက် ၂၀ မှ ၃၉ နှစ်ကြားတွင် ရှိကြောင်း သိရှိရသဖြင့် မည်သည့်အရွယ်တွင် ဆေးစတင်သုံးစွဲသည် ဆိုသည်ကို ခန့်မှန်းသိရှိနိုင်မည်ဖြစ်သည်။


ဘိန်း၊ ဘိန်းဖြူနှင့် စိတ်ကြွဆေးပြားတို့ကို လက်လှမ်းမမီသည့် လူငယ်များကမူ ကော်ရှူခြင်း၊ ဓာတ်ဆီရှူခြင်း စသည့် နည်းလမ်းများမှ တစ်ဆင့်လည်း မူးယစ်ဆေးအရသာကို ရှာဖွေခံစားတတ်ကြသည်။ ထို့ကြောင့် မူးယစ်ဆေးသည် လက်လှမ်းမီသုံးစွဲနိုင်သည့် လူငယ်များ ကြားတွင်သာမက   ငွေကြေးမပြည့်စုံသည့်   လူငယ်များအကြားသို့ပါ ထိုးဖောက်  ရောက်ရှိလာနေပြီဖြစ်သည်။ ခေတ်၏ပြောင်းလဲလာမှု ကြောင့် မူးယစ်ဆေးဝါးများသည်လည်း နည်းလမ်းမျိုးစုံဖြင့် ပြောင်းလဲ လာကြသည်။ ဘိန်းခင်းများကို ဖျက်ဆီးခြင်း၊ ဘိန်းအစားထိုးသီးနှံများ စိုက်ပျိုးခြင်းတို့ဖြင့် ဘိန်းကို အမြစ်ပြတ်အောင် လုပ်ဆောင်နေချိန်တွင် စိုက်ခင်းမလို၊ လူအင်အားလည်းမလိုဘဲ ဓာတ်ခွဲခန်းတစ်ခုရှိရုံမျှဖြင့် ပစ္စည်းအရေအတွက် သိန်းပေါင်း၊ သန်းပေါင်းများစွာ ထုတ်လုပ်နိုင် သော စိတ်ကြွရူးသွပ်ဆေးမှာ ဝိသမလောဘသားများ၏ သည်းခြေ ကြိုက် ဖြစ်လာခဲ့သည်။ ဝိသမလောဘသားများအနေဖြင့် မူးယစ်ဆေးဝါး ဈေးကွက်အတွက် လူငယ်များကို အဓိက ပစ်မှတ်ထားလာကြသည်ကို တွေ့မြင်နေရသည်။  ကျောင်းများတွင်သော်လည်းကောင်း၊  ရပ်ကွက် အတွင်း၌သော်လည်းကောင်း၊ စိတ်ကြွရူးသွပ်ဆေးပြားများကို အလွယ် တကူ ဝယ်ယူရရှိနိုင်ပြီး ကျောင်းသားကျောင်းသူချင်း၊ လူငယ်လူရွယ် ချင်းမှတစ်ဆင့် ရောင်းဝယ်ဖောက်ကားမှုများ ပြုလုပ်လျက်ရှိသည်ကို တွေ့ရှိရသည်။

 

စိတ်ကြွရူးသွပ်ဆေးများသည်လည်း ဈေးကွက်အတွင်း တွင် နာမည်အမျိုးမျိုးနှင့် ထွက်ရှိလျက်ရှိသည်။ ယခင်က စိတ်ကြွဆေး များကို နိုင်ငံခြားတိုင်းပြည်များတွင် နေ့မအား၊ ညမနား အလုပ်လုပ် ကြရသည့် လုပ်သားများသောက်သုံးရန် ထုတ်လုပ်ခြင်းဖြစ်ပြီး ထိုမှ တစ်ဆင့် လူသားများကြားတွင် အဆင့်ဆင့် ထိုးဖောက်ဝင်ရောက် လာခြင်းဖြစ်သည်။


ဆေးအာနိသင်မှာ ညမအိပ်ဘဲ အလုပ်လုပ်နိုင်ခြင်း၊ အစာမစားဘဲ အလုပ်လုပ်နိုင်ခြင်း၊ ခွန်အားပြည့်ဝသကဲ့သို့ ခံစားရခြင်း၊  ဉာဏ်ရွှင်ခြင်း စသည်တို့ဖြစ်သည်။   သို့သော်  သုံးစွဲသည့်ကာလ  ကြာလာလျှင်မူ ဆေးအာနိသင်မရပါက အားအင်မရှိသကဲ့သို့ ပင်ပန်းနွမ်းနယ်ခြင်း၊ မှတ်ဉာဏ်ချို့ယွင်းခြင်း၊ သွားများကျွတ်ခြင်း၊ ယိုင်နဲ့ခြင်း၊ ကိုယ်တွင်း ကလီစာများ ပျက်စီးခြင်း စသည့် ဘေးထွက်ဆိုးကျိုးများနှင့် ရင်ဆိုင် ရမည်ဖြစ်သည်။


မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့်  သုံးစွဲသူကိုယ်တိုင်တွင်  စိတ် ကျန်းမာရေးထိခိုက်ခြင်း၊ ပုံမှန်အသိစိတ်မရှိခြင်း၊ သံသယဝင်ခြင်း၊ နှလုံးခုန်မြန်ခြင်း၊ သွေးတိုး၊ နှလုံးသွေးကြောကျဉ်း ရောဂါများ၊ အိပ်ရေး ပျက်ပြီး အသိဉာဏ်ချို့ယွင်းလာခြင်းများ ဖြစ်တတ်သည်။ နောက်ထပ် ဦးနှောက်ကြောင်လာခြင်း၊ ဉာဏ်ရည်ကျဆင်းပြီး ခုခံအားကျဆင်း လာသည့် HIV/AIDS စသော ရောဂါဝေဒနာများပါ ခံစားရတတ်သည်။ 


မူးယစ်ဆေးဝါး အလွန်အကျွံသုံးစွဲမှုကြောင့် စိတ်အာရုံချောက်ချား မှုများ  ဖြစ်လာပြီး  စာရိတ္တပျက်စီးခြင်း၊  ဥစ္စာပျက်စီးခြင်းတို့ကြောင့် လူ့အသိုင်းအဝန်းကိုလည်း ထိခိုက်စေနိုင်ပါသည်။ တစ်မျိုးသားလုံး လူညွန့်တုံးစေမည့် မူးယစ်ဆေးဝါးအန္တရာယ်ကို တားဆီးကာကွယ် ရန်မှာ အမျိုးသားထုတစ်ရပ်လုံး၏ တာဝန်ဖြစ်သည်။ မူးယစ်ဆေးဝါးကို ထုတ်လုပ်၊ ဖြန့်ချိ၊ ရောင်းချ၊ တင်ပို့၊ တင်သွင်းခြင်းကို ကိုယ်တိုင်မလုပ် သော်လည်း အားပေးကူညီထောက်ပံ့လျှင် ထောင်ဒဏ်၊ သေဒဏ်အထိ ကျခံနိုင်ရဖွယ်ရှိသည်။ 


မူးယစ်ဆေးဝါးအန္တရာယ်ကို တိုက်ဖျက်ရန်


မူးယစ်ဆေးဝါးသုံးစွဲပါက ယခင်က ထောင်ဒဏ်ချမှတ်ခဲ့သော်လည်း ယခုအခါတွင် ထောင်ဒဏ်အစား လူမှုရေးပြစ်ဒဏ်သို့ ပြောင်းလဲချမှတ် ရန် ပညာရှင်များက အဆိုပြုကြသည်။ ထို့ပြင် မူးယစ်ဆေးသုံးစွဲသူများ ကိုလည်း  ပစ်ပယ်ထားခြင်းမပြုဘဲ  မူးယစ်ဆေးစွဲခြင်းကို  စိတ်ပိုင်း ဆိုင်ရာ   ရောဂါတစ်ခုအဖြစ်   သတ်မှတ်ကာ   လူ့အသိုင်းအဝိုင်း၏ ဖေးမမှုဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုလည်း ဆောင်ရွက် ကြရမည်ဖြစ်သည်။ မိမိတို့၏ ရင်သွေးငယ်များကိုလည်း မူးယစ်ဆေးဝါး ၏ မကောင်းကျိုးများကို ပြောဆိုဆုံးမရုံသာမက ယနေ့ခေတ် လူငယ် များ ရင်ဆိုင်နေရသည့် အခက်အခဲများ၊ စိတ်ပိုင်းဆိုင်ရာ မွန်းကျပ်မှု များနှင့် ခံစားမှုများကို လူကြီးမိဘများက နားလည်မှုရှိရှိ မျှဝေသိရှိ နိုင်မှသာ မူးယစ်ဆေးကဲ့သို့သော မကောင်းသည့်ထွက်ပေါက်များကို ရှာဖွေမှု   လျော့နည်းသွားမည်ဖြစ်သည်။   မူးယစ်ဆေး သုံးစွဲသူများ အနေဖြင့် မိမိတို့ကိုယ်တိုင် မူးယစ်နွံထဲမှ ရုန်းထွက်လိုသော်လည်း မူးယစ်ဆေးဖြတ်ပြီးနောက်ပိုင်း   ရုပ်ပိုင်းဆိုင်ရာ   ကုသမှုများကိုသာ ဆောင်ရွက်ပြီး စိတ်ပိုင်းဆိုင်ရာကုသမှု မပြုလုပ်သည့်အတွက် ယခင် အသိုက်အဝန်းနှင့် ပြန်လည်တွေ့ဆုံပါက ပြန်လည်သုံးစွဲမိသည့်အဆင့် သို့ ရောက်ရှိသွားသည်ကို မကြာခဏ တွေ့ရသည်။ ထို့ကြောင့် မူးယစ် ဆေးဖြတ်ထားသူများ၊ မူးယစ်ဆေးဖြတ်လိုသူများကိုလည်း မိသားစုက ပစ်ပယ်မထားဘဲ ဂရုတစိုက် ဖေးမလျှင် မူးယစ်ကင်းစင်ပြီး လှပသော လူမှုဘဝများကို ပိုင်ဆိုင်နိုင်မည်မှာ အသေအချာပင်ဖြစ်သည်။


မူးယစ်ဆေးဝါးကင်းစင်ရေးသည် တစ်နိုင်ငံလုံး၏ အရေးသာမက ကမ္ဘာ့လူသားအားလုံး၏အရေးဖြစ်ရာ   နိုင်ငံသားတိုင်းက  ပူးပေါင်း ဆောင်ရွက်သင့်ပါသည်။  သို့မှသာ လူသားများ၏ဘဝ  သစ်လွင်၍ နိုင်ငံကို အလှဆင်နိုင်မည်ဖြစ်သည်။ လူ့ဘောင်တစ်ခုလုံးကို ပျက်ပြုန်း စေနိုင်သော  မူးယစ်ဆေးဝါးအန္တရာယ်ကို  နိုင်ငံသားတိုင်း  ကမ္ဘာသူ ကမ္ဘာသားတိုင်းက စုပေါင်းလက်တွဲ တွန်းလှန်တိုက်ဖျက်သင့်ပါသည်။ သို့ဖြစ်၍ ၂၀၂၁ ခုနှစ် ဇွန် ၂၆ ရက်တွင် ကျရောက်သည့် အပြည်ပြည် ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက် ဖျက်ရေးနေ့တွင် မူးယစ်ဆေးဝါးပြဿနာကို ကျန်းမာရေးရှုထောင့်မှ ရှုမြင်သုံးသပ်ပြီး ကုသရေးလုပ်ငန်းများကို ထိထိရောက်ရောက် ဆောင် ရွက်ကြရန် လိုအပ်သလို ဥပဒေပြုရေးနှင့် တရားစီရင်ရေး အပိုင်းတွေ မှာလည်း ပိုမိုထိရောက်စွာ ပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်သည်။

 
မူးယစ်ဆေးဝါးအန္တရာယ်ကို တားဆီးကာကွယ်ရန် အစိုးရဆိုင်ရာ အဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများအချင်းချင်း ပူးပေါင်းဆောင်ရွက်ပြီး ပြည်သူလူထုတစ်ရပ်လုံးကလည်း     အမျိုးသားရေးပြဿနာအဖြစ် ခံယူပြီး အဖွဲ့အစည်းတစ်ခုချင်းစီမှ လူတစ်ဦးတစ်ယောက်ချင်းစီအထိ တာဝန်ကိုယ်စီရှိစွာဖြင့် မူးယစ်ကင်းစင်သည့် လူ့အဖွဲ့အစည်း ဖြစ်ပေါ် လာစေရေးအတွက် ပြည်သူ့ကျန်းမာရေးအမြင်နှင့် မျှတမှုရှိရန် ဥပဒေ ပြုရေး၊ တရားစီရင်ရေး၊ မီဒီယာနှင့် အရပ်ဘက်လူ့အဖွဲ့အစည်းများက အလေးအနက် ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းနှိုးဆော်လိုက်ရ ပါသည်။      ။