ယဉ်ကျေးမှုအမွေအနှစ်များသည် တစ်မျိုးသားလုံး၏ဂုဏ်သိက္ခာ

 

ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့(ယူနက်စကို)က မြန်မာနိုင်ငံတွင် ကမ္ဘာ့အမွေအနှစ်အဖြစ် အသိအမှတ်ပြုထား သည့် ရှေးမြို့ဟောင်း လေးမြို့ရှိသည်။ ၎င်းတို့မှာ ၂၀၁၄ ခုနှစ် ဇွန်လတွင်  ကမ္ဘာ့အမွေအနှစ်အဖြစ်   သတ်မှတ်ကြေညာခဲ့သည့် ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ ပျူမြို့ဟောင်းသုံးမြို့နှင့် ၂၀၁၉ ခုနှစ် ဇူလိုင်လတွင် ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ် ကြေညာခဲ့သည့် ပုဂံမြို့တို့ဖြစ်သည်။

 


ယူနက်စကိုသည် ကမ္ဘာ့နိုင်ငံများက အဆိုပြုတင်သွင်းသည့် မြို့ဟောင်းများ၊ နေရာဒေသများ စသည်တို့ကို ကမ္ဘာလုံးဆိုင်ရာ စံတန်ဖိုးသတ်မှတ်ချက်(Outstanding Universal Value- OUV) များဖြင့်    တိုင်းတာပြီး   ကိုက်ညီမှုရှိမှသာ   ကမ္ဘာ့အမွေအနှစ် အဖြစ်  သတ်မှတ်ခြင်းဖြစ်သည်။   မြန်မာနိုင်ငံအတွင်း   ဒေသ ကွဲပြားစွာတည်ရှိနေသည့် ပျူမြို့ဟောင်းသုံးမြို့သည် အရှေ့ တောင်အာရှဒေသ၏ ပထမဆုံးသော မြို့ပြယဉ်ကျေးမှုဖြစ်ပြီး ဗုဒ္ဓဘာသာကိုအခြေပြုသည့် ပထမဆုံးသော လူ့အဖွဲ့အစည်း လည်း ဖြစ်သည်။ ရေအရင်းအမြစ်များကို ကောင်းစွာစီမံခန့်ခွဲခြင်း နှင့် မြို့ပြအဆောက်အအုံ၊ ဘာသာရေးအဆောက်အအုံများကို ကိုယ်ပိုင်ဟန်ဖြင့် ဖန်တီးတည်ဆောက်ခဲ့ခြင်း စသည်တို့အပါအဝင် ပျူမြို့ဟောင်းများတွင်   တွေ့ရှိရသည့်  ယဉ်ကျေးမှုအမွေအနှစ် သမိုင်းသက်သေအထောက်အထားများက ယူနက်စကို၏ ကမ္ဘာ့ အမွေအနှစ် စံတန်ဖိုးသတ်မှတ်ချက်များနှင့် ကိုက်ညီ၍သာ ကမ္ဘာ့ အမွေအနှစ်များအဖြစ်  သတ်မှတ်ကြေညာခံရခြင်း  ဖြစ်သည်။ ပျူမြို့ဟောင်းများကို ဇုန်နယ်နိမိတ်များ တိုင်းတာသတ်မှတ်ထား ပြီး ရှေးဟောင်းအဆောက်အအုံတည်ရှိရာဇုန် (Ancient Monu-ment Zone) ၊ ရှေးဟောင်းနေရာတည်ရှိရာဇုန် (Ancient Site Zone) ၊ ကြားခံဇုန် (Buffer Zone) ၊ ကာကွယ်ထိန်းသိမ်းရေးဇုန် (Protected and Preserved Zone) များ ပိုင်းခြားသတ်မှတ်ထား သည်။ ဥပဒေအရလည်း ၁၉၉၈ ခုနှစ် ယဉ်ကျေးမှုအမွေအနှစ် ဒေသများ   ကာကွယ်ထိန်းသိမ်းရေးဥပဒေကို   ပြဋ္ဌာန်းထားရာ နိုင်ငံအတွင်းရှိ    ယဉ်ကျေးမှုအမွေအနှစ်ဒေသများ   အားလုံးကို ကာကွယ်ထားခြင်းဖြစ်သည်။

 


ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှုနှင့် တည်ငြိမ်အေးချမ်း မှု   ပျက်ပြားမှုတို့ကို   အကြောင်းပြု၍   မိမိတို့နိုင်ငံအတွင်းရှိ ယဉ်ကျေးမှုအမွေအနှစ်များတည်ရှိရာ ဒေသအချို့တို့တွင် ဥပဒေမဲ့ ပြုလုပ်နေမှုများရှိကြောင်း သိရှိရသည်။ လူသူရှင်းလင်းကင်းမဲ့နေမှု နှင့် တားဆီးကာကွယ်ထိန်းသိမ်းနိုင်မှု လျော့ရဲနေသည့် အခြေ အနေကို အခွင့်ကောင်းယူကာ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် များကို ခိုးယူခြင်း၊ တူးဖော်ရှာဖွေခြင်း၊ အရောင်းအဝယ်ပြုလုပ်ခြင်း များကို ပုံမှန်ကာလထက် ပိုမိုကျူးလွန်လာကြခြင်း ဖြစ်ကြောင်း လည်း သိရသည်။

 


ဟန်လင်း၊  ဗိဿနိုး၊ သရေခေတ္တရာ ပျူမြို့ဟောင်းများ၊ ပုဂံ ရှေးဟောင်းယဉ်ကျေးမှု  အမွေအနှစ်ဒေသနှင့်     မြန်မာနိုင်ငံ၏ တတိယမြောက် ကမ္ဘာ့အမွေအနှစ်ဖြစ်လာစေရန် ကြိုးပမ်းနေ သည့် ရခိုင်ပြည်နယ်မှ မြောက်ဦးဒေသတို့အပါအဝင် ယဉ်ကျေးမှု အမွေအနှစ်များအားလုံးကို ဒေသခံပြည်သူများနှင့်တကွ တစ်မျိုး သားလုံးက ထိန်းသိမ်းကာကွယ်စောင့်ရှောက်ကြရန် တာဝန်ရှိ သည်။ မှောင်ခိုလမ်းကြောင်းမှတစ်ဆင့် အိမ်နီးချင်းနိုင်ငံအချို့၏ ဈေးကွက်များသို့ရောက်ရှိသွားသည့် မြန်မာ့ယဉ်ကျေးမှုအမွေ အနှစ်များမှာ တန်ဖိုးကြီးမားလှသည့် အမျိုးသားရေးဂုဏ်သိက္ခာ များပင် ဖြစ်ပါကြောင်း။       ။