ယူအက်စ်အိုးပင်း တင်းနစ်ပြိုင်ပွဲ ရာဒူကာနူနှင့် ကော်နက် ယှဉ်ပြိုင်ကစားမည်

 

ဗြိတိန်၏  နာမည်ကျော်တင်းနစ်မယ်  ရာဒူကာနူသည်  ယူအက်စ် အိုးပင်းပြိုင်ပွဲတွင် ပြင်သစ်တင်းနစ်မယ် ကော်နက်နှင့်စတင်ယှဉ်ပြိုင် သွားရမည် ဖြစ်သည်။ ရာဒူကာနူသည် အဆိုပါပြိုင်ပွဲ၏ လက်ရှိချန်ပီယံ  တစ်ဦးလည်းဖြစ်သည်။ 

 


ကမ္ဘာ့အဆင့် (၁၁) ရှိသော ရာဒူကာနူသည် ယမန်နှစ်က အသက် ၁၈ နှစ်အရွယ်တွင် ယူအက်စ်အိုးပင်းဖလား ဆွတ်ခူးနိုင်ခဲ့သည့်အတွက်  ကမ္ဘာကို အံ့အားသင့်စေခဲ့သည်။ သို့သော်လည်း ၎င်းသည် ယခုနှစ် တွင် ကျင်းပမည့် ယူအက်စ်အိုးပင်းပြိုင်ပွဲတွင် အဓိက ပြိုင်ပွဲများ၌ အတွေ့အကြုံရှိပြီး အရည်အချင်းပြည့်ဝသော ကမ္ဘာ့အဆင့် (၃၇) ရှိ ကော်နက်နှင့် စတင်ယှဉ်ပြိုင်သွားရမည်ဖြစ်သောကြောင့် နောက် တစ်ဆင့်သို့ တက်ရောက်သွားနိုင်မလား စိတ်ဝင်စားဖွယ်ရာပင်။ 

 


ဆီရီနာဝီလျံသည် ၎င်း၏ တင်းနစ်ကစားသမားဘဝနောက်ဆုံး  ပြိုင်ပွဲဖြစ်သည့် ယခုပြိုင်ပွဲတွင် မွန်တီနီဂရိုးတင်းနစ်မယ် ကိုဗီနစ်နှင့် ယှဉ်ပြိုင်သွားရမည် ဖြစ်သည်။ အမေရိကန်နာမည်ကျော် တင်းနစ်မယ် ဝီလျံသည် လာမည့်လတွင် အသက် ၄၁ နှစ်ပြည့်တော့မည် ဖြစ်သည်။

 


၂၀၂၁ ခုနှစ် အောက်တိုဘာလနောက်ပိုင်း အမေရိကန်နိုင်ငံသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးမထိုးနှံထားသောသူများကို နိုင်ငံတွင်း ဝင်ရောက်ခွင့်ပိတ်ပင်ထားမြစ်ထားသောကြောင့် ဒီဂျိုကိုဗစ်အနေဖြင့် ဩဂုတ် ၂၉ ရက်ကျင်းပတော့မည့်  ယူအက်စ်အိုးပင်းတင်းနစ် ပြိုင်ပွဲ အတွက်  နယူးယောက်သို့  သွားရောက်နိုင်မည်မဟုတ်ကြောင်း သိရ သည်။ 

မိုးဇက် - စုစည်းသည်