ဇာတိချက်ကြွေ မွေးရပ်မြေကိုချစ်ကြသည်ဟုဆိုရာဝယ်

Type

 

စာချစ်သူ
 

မြန်မာဟူသည် ကိုယ်မွေးဖွားရာ ဇာတိချက်ကြွေမွေးရပ်မြေကို ချစ်ခင်စွဲလမ်း မြတ်နိုးတတ်ကြသည်။ သံယောဇဉ်ကြီးသည်။ အသက်အရွယ်ရလာလေလေ မွေးရပ်မြေနှင့် ငယ်ပေါင်းသူငယ်ချင်းများ၊ ဆွေမျိုး မိတ်ဆွေသင်္ဂဟများကို သတိရလေလေဖြစ်ကြရ၏။
ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့အဖို့ လောက၌ မမေ့ကောင်းသော အကြောင်းအရာ ငါးမျိုးရှိ၏။


    ၁။    ရတနာသုံးပါးကို မမေ့ကောင်း။
    ၂။    မိဘနှစ်ပါးကို မမေ့ကောင်း။
    ၃။    မိမိအား စတင်ပညာသင်ကြားပေးသော ဆရာကိုမမေ့ကောင်း။
    ၄။    မိမိ   ဒုက္ခရောက်စဉ်      ကြည့်ရှုပေးသော ကျေးဇူးရှင်ကိုမမေ့ကောင်း။
    ၅။    မိမိချက်မြှုပ်ဒေသကို  မမေ့ကောင်းဟူ၍ ဖြစ်၏။ 


မြန်မာနိုင်ငံတွင်      ထင်ရှားကျော်ကြားသူ အများစုကို   လေ့လာကြည့်လျှင်   ကျေးလက် တောရွာများမှ  မွေးဖွားလာခဲ့ကြသူများဖြစ်ကြ၏။ ရန်ကုန်၊ မန္တလေးမြို့ကြီးပြကြီးများ၌ ဖြစ်စေ၊ ပြည်ပ နိုင်ငံကြီးများ၌ဖြစ်စေ ပဝတ္တိဒေသတို့တွင် အခြေချ ရင်း  ကြီးပွားတိုးတက်လာကြသူများဖြစ်ကြ၏။ အများစုကတော့   ဇာတိချက်ကြွေမွေးရပ်မြေကို မမေ့နိုင်ကြ။ အထူးသဖြင့် စာရေးဆရာ၊ ဂီတစာဆို၊ အဆိုတော်အများစုဆိုမူ     ကိုယ့်မြို့    ကိုယ့်ရွာ အကြောင်းကို သတိတရ ရေးဖွဲ့သီဆိုလေ့ရှိကြ၏။ အနုပညာနာမည်နောက်တွင်  ကိုယ့်ဇာတိမွေးရပ် မြေကို မပျက်မကွက်ထည့်သွင်းဖော်ပြလေ့ရှိ၏။


မြောင်းမြသို့အပြီးပြောင်းရွှေ့နေထိုင်


တို့ဗမာအစည်းအရုံးခေတ်ကာလက   သခင် နိုင်ငံရေးသမားကြီးနှင့်  သတင်းစာ ဆရာကြီးဖြစ်သူ သခင်အောင်ဖေက “ကျွန်ုပ်သည် မြောင်းမြနှင့် မိုင် နှစ်ဆယ်ခန့်ဝေးသော ပကိတ်ကြီးရွာ၌ ချက်မြှုပ်ခဲ့ သည်။ ရွာဦးကျောင်း၌ စတင်စာသင်ခဲ့သည်။ ရွာဦး ကျောင်း၌ပင်  ကိုရင် နှစ်ဝါဝတ်ခဲ့သည်။ ရွာမှာနေ ရင်း သခင်အမည်ခံခဲ့သည်။ အသက် ၂၂ နှစ်တွင် မြောင်းမြသို့ ယာယီပြောင်းရွှေ့နေထိုင်ပြီး ၂၅ နှစ် သားတွင်   မြောင်းမြသို့   အပြီးပြောင်းရွှေ့နေထိုင် သည်။


ကျွန်ုပ်ဘဝမှာ     တောရွာ၌    ချက်မြှုပ်ပြီး တောသားဖြစ်ငြားလည်း မြို့၌ အနေများခဲ့သည်။ မည်မျှလောက်   အနေကြာကြာ၊  မည်မျှလောက် မြို့ထမင်း၊   မြို့ဟင်းစား၊  မြို့ရေကို  သောက်၊ မြို့ အဝတ်ကို   ဝတ်နေရပေမင့်  တောစိတ်၊  တောအမူ အရာ၊ တောအကျင့်၊ တော အပြောအဆို၊ တောဓလေ့ ကို အခါခပ်သိမ်းစွဲမက်နေသည်။


မလိမ်မိုး မလိမ္မာအရွယ်တုန်းက တောသားဟု ခေါ်လျှင် နှိမ်၍ခေါ်သည်ဟုယူဆပြီး ရှက်၏။ ထို  အချိန် ထိုအရွယ်တုန်းက မြို့ကို အလွန်အထင်ကြီး ၏။ မြို့သားမှ လူရာဝင်သည်ဟု ထင်၏။ မြို့သား ဖြစ်ရတာ ကံထူးလေစွ၊ ကံကြီးလေစွ၊ ကံကောင်း လေစွ၊ ဂုဏ်ရှိလေစွဟု ခံယူစွဲမှတ်ခဲ့သည်။


မနိမ့်ကျကြောင်း သိရှိတွေ့မြင်လာ


အသက်အရွယ်ကြီးရင့်ပြီး    အတွေ့အကြုံ များလာသောအခါ တောသားဟု မည်သူက ခေါ်ခေါ် မရှက်တော့ပေ။ ရှက်စရာမဟုတ်ဟု သိလာသကိုး။ ရင်းမြစ်ကို   စိစစ်သောအခါ      မြို့တော်၌ရှိသော  ရေမွှေးနံ့သာ     အထုံအကြိုင်များထက်    တော၌ သာရှိသော ကတိုးအမွှေးသည်  မနိမ့်ကျကြောင်း သိရှိတွေ့မြင်လာသည်။


ကျွန်ုပ်သည်   တောသားပီပီ  ထမင်းစားလျှင် ငါးပိ တို့စရာ မပါမရှိစေရ။ တို့စရာဆိုလျှင်  အစိမ်း လိုက်တို့စရာရော၊   အပြုတ်တို့စရာပါ  ကြိုက်၏။ အဲသည်တို့စရာများထဲတွင်မှိုနားတိုကို အကြိုက်ဆုံး။   အကြောင်းအားလျော်စွာ     မြောင်းမြမှ ရန်ကုန်သို့ ပြောင်းရွှေ့လာပြီးနောက် ဃရာဝါသော ဗဟုကိစ္စော ဆိုသည့်အတိုင်း  မိမိအလုပ်နှင့်မိမိ   မအားမလပ် ဖြစ်နေ၍ မြောင်းမြသို့ နှစ်ပေါင်း ၄၀ ခန့်အတွင်း လေးငါးခြောက်ခေါက်သာရောက်တော့၏။ ကျွန်ုပ် သည်   မြောင်းမြသို့   သွားသင့်၏။    ကျွန်ုပ်သည် မြောင်းမြသားဖြစ်၍   မြောင်းမြကို  မမေ့ပါ”ဟူ၍ “မမေ့ကောင်းသောအရာ”ဆောင်းပါးတွင် မွေးရပ် မြေကို တခုတ်တရရေးဖွဲ့ခဲ့၏။


ဆရာကြီး ဒဂုန်တာရာကတော့ “ကျွန်တော်၏ ဇာတိမြေကို    ကျိုက်လတ်ဟု   ဖော်ပြခဲ့သည်။ တကယ်တော့ ကျွန်တော်မွေးဖွားရာ   နေရာမှာ ဒေးဒရဲမြို့နယ်   ထိုင်ကူမြစ်တန်းရွာ  ဖြစ်သည်။ ဒေးဒရဲမြို့နယ်ဟူ၍ အုပ်ချုပ်ရေးအားဖြင့် သတ်မှတ် ထားသော်လည်း  ဒေးဒရဲနှင့်  အတော်ကလေးဝေး သည်။ ကျိုက်လတ်နှင့်ကား အနီးကလေး။ သင်္ဘော နှင့်သွားလျှင်  နာရီဝက်ခန့်သာကြာမည်ထင်သည်။


ကျိုက်လတ်ရုပ်ပုံကားချပ်


အမှန်က ကျွန်တော်ကျိုက်လတ်တွင် ၁၀ နှစ် ခန့်သာ နေဖူးသည်။ ၁၉၃၈ ခုနှစ်လောက်ကစ၍ ရန်ကုန်ကျောင်းရောက်နေသည်။ ကျိုက်လတ်ကို သိပ်ပြန်မရောက်။  စစ်ပြီးတော့လည်း   ရန်ကုန် ရောက်လာသဖြင့်  ကျွန်တော်သည် ကျိုက်လတ်နှင့် ခပ်ဝေးဝေး ဖြစ်နေသည်။ ကျိုက်လတ်သို့ ပြန်သွား သည်က အင်မတန်နည်းသည်။ကျွန်တော် သူတို့ နှင့်စကားပြောရင်း    ကျိုက်လတ်ရုပ်ပုံကားချပ် များသည်  ကျွန်တော့်အား  တဖျတ်ဖျတ်ရိုက်ခတ် တိုးဝင် လျက်ရှိသည်။


မြို့အစွန်    မြို့ပတ်လမ်းတွင်   ကျယ်ဝန်းလှ သော  ရေကန်ကြီးရှိနေသည်။   ညနေစောင်းတွင် ကျွန်တော်တို့ ရေကန်ပေါင်မြင့်မြင့်ကြီးပေါ်တက်၍ တစ်ပတ်လမ်းလျှောက်ကြသည်။   လေက နုနု အေးအေး မွှေးမွှေး၊ တစ်ဖက်ရှိ လယ်ကွင်းများထဲမှ ကောက်ရိုးနံ့များ သင်းပျံ့လာတတ်သည်။ မြို့ပတ် လမ်းဘေးတွင် အုတ်တံတိုင်းကြီးများဖြင့် ခမ်းနား သာယာသော ဘုန်းကြီးကျောင်းများရှိနေသည်။


တစ်ဖက်အစွန်တွင်တော့     ခရစ်ယာန်ဘုရား ရှိခိုးကျောင်း။ ဆည်းလည်းသံ၊ ကြေးစည်သံ၊ ခေါင်း လောင်းသံ။ မြစ်ဘေးမှကမ်းနားလမ်းကြီးမှာ တစ် မျှော်တစ်ခေါ်   အဝေးကြီးပင်။  ကွင်းပေါက်ဘက် ကြိုးတံတားအထိ ရှည်လျားသည်။ တစ်ဖက်ကမ်း တွင် ကျွန်တော့်ဖခင်၏ခြံနှင့် အိမ်ရှိသည်။


သူတို့    ပြန်သွားကြသော်လည်း    ကျိုက်လတ် ပုံကားချပ်ကတော့ ကျွန်တော့်ရင်ကို လှုပ်ရှားစေပေ သည်။ ကျွန်တော်က ပထမမျိုးဆက်ခေတ် ကျိုက် လတ်က၊ သူတို့က ဒုတိယ မျိုးဆက်ခေတ် ကျိုက် လတ်များပင်”ဟု ကျိုက်လတ်ရုပ်ပုံလွှာကို ကျိုက် လတ် မဂ္ဂဇင်းတွင် ရေးဖွဲ့ခဲ့ပေသည်။
ဆရာကြီးသိန်းဖေမြင့်၏ “အညာပြန်”မူကား အတော့်ကို ထင်ရှား၏။ စာတစ်စောင် ပေတစ်ဖွဲ့ စာအုပ်အဖြစ်ပင် ထွက်ရှိခဲ့လေ၏။


“ကိုယ့်ရပ်ကိုယ့်ရွာအညာသို့     ပြန်မရောက် သည်မှာ ဆယ့်လေးငါးနှစ်ရှိလေပြီ။

အောက်ပြည်အောက်ရွာ  ဖျာပုံသူနှင့်  ညားမိ သောကြောင့် အညာပြန်မရောက်သည်ကား မဟုတ် ပါပေ။
ငါးပိရည်ကြိုက်တတ်ပြီး ပဲကြားပြုတ်ကို မေ့နေ သောကြောင့်   အညာပြန်မရောက်  ရခြင်းလည်း မဟုတ်ပါချေ။
အကြောင်းမဆုံ  အခွင့်မသင့်ခြင်းကြောင့်သာ မရောက်ရခြင်းဖြစ်ပေသည်။


အညာသို့     ပြန်ရမည်ရှိသောအခါ  သခင် ကိုယ်တော်မှိုင်း ရေးခဲ့သော “ဖာတစ်တန် အထုပ် တစ်ဖက် ထမ်းပါလို့၊ အညာပြန် ရုတ်တရက် မလှမ်း နိုင်ဘူ့၊  ဪ နှုတ်ဆက်စမ်းချင်လို့   လာခဲ့တယ်” ဟူသော ကဗျာအပိုင်းအစလေးကိုသာ သတိရမိပေ သည်။ ရန်ကုန်မှ မထွက်ခွာမီ သုံးကြိမ်သုံးခါပြန်ပြီးနှုတ်ဆက်ရလေသည်။   အကြောင်းသော်ကား လေယာဉ်ပျံ နှစ်ကြိမ် နှစ်ခါမထွက်ဖြစ်သောကြောင့် တည်း။


ကွန်မြူနစ်များက  မီးရှို့


ဘုတလင် အဝင်လမ်းကား အနည်းငယ်စိုပြည် သည်။ လမ်းဘေး  တာကျင်းများမှာ ရေတင်နေသည်။ ချုံပုတ်ကလေးတွေက ရွက်သစ်ဝေလျက်၊ တမာပင် တွေက  စိမ်းဖန့်ဖန့် ရွက်နုများ  ဖြူဝါဝါအပွင့်များဖြင့် ဝေဆာနေသည်။   တမာပွင့်က  သင်းလှသည်။ ဘောလုံးကွင်း၊ ပြီးတော့ နိုင်ငံတော်အစိုးရအထက် တန်းကျောင်း။  ရှေးတုန်းက   ဗိုလ်တဲနေရာဖြစ် သည်။ ကျောင်းသား ၈၀၀ ကျော်ရှိသည်ဟု သိရ၏။ ကျွန်တော်တို့ငယ်ငယ်က အင်္ဂလိပ် မြန်မာအထက် တန်းပညာသင်ကြားလိုလျှင် မုံရွာသို့သွားသင်ကြရ ၏။ မျက်နှာချင်းဆိုင်တွင် မြို့အုပ်မင်း၏ ရုံး။ မြို့အုပ် မင်းရုံးလွန်တော့    ကျွန်တော့်ဘတ်စ်ကားသည် ဘယ်ဘက်ကွေ့သည်။ ထိုကွေ့အနီးတွင် ဆေးရုံကြီး တစ်ခု ဆောက်ထားခဲ့သည်။  ယခု ထိုဆေးရုံကြီး မရှိတော့ပြီ။  ကွန်မြူနစ်များက  မီးရှို့သွားသည်။ ရပ်ရွာလူကြီးတွေက  ဝိုင်းတောင်းပန်တာတောင် မရဟု  ပြောကြလေသည်။  အစိုးရလုပ်ထားတာ မှန်သမျှ ဖျက်ဆီးပစ်မှ ပြတ်သားသောတော်လှန်ရေးလမ်းစဉ်ဖြစ်သည်ဟူသော သဘော၏ ယုတ္တိ အဆုံးပေလော။ 


မြေပဲ၊ ပဲဖြူကလေးတို့နှင့်အတူ    ကြီးပွား စည်ကားခဲ့သော ဘုတလင်  ဘူတာကလေး။ နွား တောင်   စားမကုန်သော  ဆီးသီးကိုပင်  တန်ဖိုးရှိ အောင်လုပ်ပေးသော ဘူတာကလေး။  ရန်ကုန်နှင့် ဘုတလင်ကို ခဏချင်း ကြေးနန်းဆက်ပေးနိုင်သော ဘူတာကလေး။  ထိုဘူတာကလေးကား   စစ်ကြီး အတွင်းမှာ ငုံးတိဖြစ်အောင်ပျက်စီးပြိုလဲခဲ့သည်။ စစ်ပြီးတော့ ပြန်မထူထောင်နိုင်။ ပြည်တွင်းစစ်ကျ ပြန်တော့လည်း ပြန်လည်ထူထောင်ရေး  ပိုဝေးသွား ခဲ့လေသည်။


“ဟောဟိုနေရာမှာပေါ့၊ ရဲဘော်ဖြူတစ်ယောက် ကျဆုံးတာ”
“ဒီနေရာမှာတော့    ကွန်မြူနစ်တစ်ယောက် ကျဆုံးတယ်”


ကိုသန်းဖေသည်  ရဲဘော်ဖြူနှင့်   ကွန်မြူနစ် အချင်းချင်းတိုက်ကြပုံကို  အတိတ်ဆောင် နေလေ သည်။ ကိုဘထွန်းက    သူ့အိမ်သို့  ရဲဘော်များ ကွန်မြူနစ်ဟန်ဆောင်ကာ ဝင်လာပြီး  သူ့အား ကွန် မြူနစ်ဘက်သားဟုတ်/မဟုတ် အစ်ထုတ်ပုံပြောပြ လေသည်။ ကွန်မြူနစ်တို့က ရဲဘော်ဘက်သားဟု ထင်သူတစ်ဦးကို လက်ပြန်ကြိုးတုပ်၍ ရွာအနောက် ဘက်   သင်္ချိုင်းကုန်းသို့ခေါ်သွားပြီး  သေနတ်နှင့် ပစ်သတ်ပြပုံကလည်း ရှိသေးသည်။ ကြားရချက် များကား  စိတ်မချမ်းသာစရာချည်းဖြစ်သည်။


မဟာဗန္ဓုလ  နေသွားဖူးသည်ဆိုသော မင်းဝင်းရပ်


ကျွန်တော်သည် တစ်ခါတုန်းက “စစ်သည် တော်”ဟူသော မျိုးချစ်စိတ်လှုံ့ဆော်ရေး ဝတ္ထုတို တစ်ခုကို ရေးဖူးလေသည်။ ထိုဝတ္ထုတို၏ ပတ်ဝန်း ကျင်ကား ဘုတလင်၏  တစ်ခါတုန်းက  စည်ကား ခဲ့ပြီး    မဟာဗန္ဓုလ  နေသွားဖူးသည်ဆိုသော မင်းဝင်းရပ်၊ တစ်ခါတုန်းက သပ္ပာယ်ကြည်ညိုဖွယ် ကောင်းလှသော မုခ်ကျောင်းကြီးစေတီတို့ဖြစ်လေသည်။


ထိုနေရာများသို့ သွားကြည့်သည်။ ကိုယ့်ဝတ္ထုကို ကိုယ့်ဘာသာစိတ်ကူးနှင့် ဖန်တီးထားသည်ဖြစ်ပါ လျက် စစ်သည်တော်ဝတ္ထုသည် ထိုပတ်ဝန်းကျင်မှာ တကယ်ဖြစ်ခဲ့သလို ထင်ယောင်မြင်ယောင်လာပေ သည်။ လွမ်းသလိုလို ဆွေးသလိုလိုဖြစ်လာလေသည်။


ကျွန်တော်သည် စာရေးဆရာတစ်ယောက်အနေနှင့် အောင်မြင်မှုရသလောက်ရသည်။ ထိုအောင်မြင်မှု၏ ရေသောက်မြစ်ကား အဘယ်နည်း။
ပထမဆုံး  ဘုတလင်  မုံရွာပတ်ဝန်းကျင်ကို ကျေးဇူးတင်ရမည်။ ဘယ်ရပ် ဘယ်ရွာ ရောက်နေနေ ဘုတလင်  မုံရွာပတ်ဝန်းကျင်ကို  ကျွန်တော်မမေ့။ ကလောင်ဖျားမှ ထွက်ထွက်လာသည်။ သင်းပျံ့သော တမာပွင့်နံ့ကား နှာခေါင်းထဲကမထွက်။ ခံပွင့်ဖြူဖြူ က မျက်စိထဲမှ မပျောက်။ ထနောင်းပင်ရိပ်က အမြဲ အုပ်မိုးနေ၏။ ၎င်းနောက်  ကျွန်တော်ရသမျှသော အောင်မြင်မှုအတွက်    ဘုတလင်မုံရွာတစ်ဝိုက်က လူထုအား ကျေးဇူးတင်ရပေမည်” ဟူ၍ ဆရာကြီး သိန်းဖေမြင့်သည်    ဇာတိချက်ကြွေမွေးရပ်မြေ အညာမြေကို  ထိုသို့  အမှတ်တရ  ရေးဖွဲ့ခဲ့ပါ၏။


ဆရာမကြီး    လူထုဒေါ်အမာ၏  “မန္တလေး မန္တလေး  ကျွန်မတို့ရဲ့  မန္တလေး”၊ “မန္တလေးသူ မန္တလေးသားများ”၊ “ကျွန်မတို့ငယ်ငယ်က” စာအုပ် များကလည်း ထင်ရှားကျော်ကြားသည်။


ထိုထိုသော ဆရာကြီး၊ ဆရာမကြီးများသို့နှယ် ပဝတ္တိဒေသတွင်  အခြေချရင်း   ကြီးပွားတိုးတက် လာကြသူအများစုသည်  ဇာတိချက်ကြွေ   မွေးရပ် မြေကိုမမေ့ကြ။      ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ  ကိုယ့်ရပ်ကိုယ့်ရွာ  ကြီးပွားတိုးတက်ရေးအတွက် ကျရာကဏ္ဍမှ    နိုင်သည့်ဝန်ကိုထမ်းရွက်ကြသည်။ ရပ်ကျိုးရွာကျိုး  အများအကျိုးအတွက်   သယ်ပိုး  ရွက်ဆောင်ကြသည်။


နိုင်ငံ့ခေါင်းဆောင်များကလည်း    မူဘောင် အတွင်းမှ  အခါအားလျော်စွာ  ကိုယ့်မြို့  ကိုယ့်ရွာ စည်ပင်ဝပြောရေးနှင့် သားစဉ်မြေးဆက်အကျိုးရှိစေ မည့် ပညာရေး၊ ကျန်းမာရေး၊  လူမှုရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေးတို့    တိုးတက်ဖွံ့ဖြိုးလာ စေရန် စီမံကိန်းများအလိုက် အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ကြသည်။


နိုင်ငံတော်သမ္မတ (ငြိမ်း)      ဦးသိန်းစိန်သည်  နိုင်ငံတော်အေးချမ်းသာယာရေးနှင့်       ဖွံ့ဖြိုးရေး ကောင်စီအတွင်းရေးမှူး(၁) တာဝန်ယူစဉ်က ၎င်း၏ ဇာတိချက်ကြွေ  မွေးရပ်မြေဖြစ်သော  ဧရာဝတီတိုင်း ဒေသကြီး ငပုတောမြို့နယ် ကျုံကူးရွာရှိ ငယ်စဉ်က ပညာသင်ကြားခဲ့ဖူးသော ကျုံကူးကျောင်းကို အလှူ ရှင်များ၏အကူအညီဖြင့်     နှစ်ထပ်ကျောင်းဆောင် သစ်ကြီး     ဆောက်လုပ်လှူဒါန်းပေးခဲ့လေသည်။


ဦးသိန်းစိန်ငယ်စဉ်က ကျုံကူးရွာတွင် မူလတန်း ကျောင်းသာရှိသည်။     ပင်လယ်ဝရေပြင်ကျယ်  တစ်ဖက်ကမ်းရှိ ချောင်းဝရွာတွင် ဆွေမျိုးသားချင်း များနှင့် နေထိုင်၍    အလယ်တန်းကို တက်ခဲ့ရသည်။ ထိုအခက်အခဲကို မျိုးဆက်သစ်များမကြုံတွေ့ကြစေ ရန်နှင့် ကိုယ့်ရပ်ရွာကို  အတုံ့အလှည့်    ကျေးဇူး ဆပ်ခဲ့ခြင်းဖြစ်ပေသည်။ ထို့အပြင် ပုသိမ်မြို့ အထက် တန်းကျောင်းတွင် ဆက်လက်ပညာသင်ကြားနိုင်ရန် ပံ့ပိုးစီစဉ်ပေးသည့် ရွာသူကြီး ဦးလှမြင့်၏  ကျေးဇူး ကို မမေ့သောအားဖြင့်    “ဘဝရှေ့ဆောင်ရွာသူကြီး ဦးလှမြင့်  စာကြည့်တိုက်”ကို  ဆောက်လုပ်လှူဒါန်း ပေးခဲ့လေသည်။


အမျိုးသားစီးပွားရေးဘဝတွင်     အောင်မြင် ထင်ရှားကျော်ကြားခဲ့ကြသူ  စီးပွားရေးလုပ်ငန်းရှင် များသည်လည်း ၎င်းတို့၏ ဇာတိချက်ကြွေမွေးရပ်မြေ အလိုက် မြို့ရွာဖွံ့ဖြိုး စည်ပင်ရေးအတွက် တတ်အား သရွေ့ ပံ့ပိုးကူညီလှူဒါန်းခဲ့ကြပေသည်။ အချို့က မြို့လူထုကျန်းမာရေးအတွက် ဆေးရုံ၊ ဆေးခန်းများ။ အချို့ကား ကျေးလက်ဒေသရှိ ရင်သွေးငယ်တို့ ပညာ ရေးအတွက် စာသင်ကျောင်းများ    ဆောက်လုပ် လှူဒါန်းခြင်း၊ မွမ်းမံပြင်ဆင်ခြင်း၊  ပညာရေး၊ လူမှု ရေး ဖောင်ဒေးရှင်းများ ဖွဲ့စည်းခြင်း၊  ရန်ပုံငွေများ ထူထောင်ခြင်းတို့ဖြင့် ကျေးဇူးဆပ်ကြလေသည်။


လက်ရှိကာလတွင် မြန်မာနိုင်ငံရှိ  ကျေးလက် ဒေသအများစုသည်   နိုင်ငံတော်အေးချမ်းသာယာ ရေးနှင့်      ဖွံ့ဖြိုးရေးကောင်စီအစိုးရခေတ်တွင် တည်ဆောက်ခဲ့သော လမ်း၊ တံတားစီမံကိန်းများ၊    စိုက်ပျိုးရေရရှိရေးအတွက် အကောင်အထည်ဖော် တည်ဆောက်ခဲ့သော ဆည်မြောင်းတာတမံ၊ မြစ်ရေ တင်စီမံကိန်းများ၊    ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းစဉ်ငါးရပ် စီမံကိန်းများကြောင့်  အထိုက် အလျောက်  မြို့ရွာများ   စည်ပင်ဖွံ့ဖြိုးစပြုလာခဲ့ ချေပြီ။   သို့ရာတွင်   ဆင်းရဲနွမ်းပါးမှုလျှော့ချရေး အတွက်ကမူ ကြိုးပမ်းရုန်းကန်နေရဆဲပင်။


အိမ်နီးချင်း တရုတ်ပြည်ကြီး၏ ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးစီမံကိန်းများကတော့    အတော် ခရီးပေါက်နေခဲ့ချေပြီ။    ဗဟိုအစိုးရနှင့်   ဒေသခံ အာဏာပိုင်များသည် စီမံကိန်းများကို အကောင် အထည်ဖော်ရာတွင် ဆင်းရဲသည့်ပြည်သူများကိုထောက်ပံ့ငွေပေးသည်ထက် ငွေရှာသည့်နည်းလမ်း ကို   သင်ပေးခြင်းက ပိုအရေးကြီးသည်ဟုခံယူပြီး ဆင်းရဲသည့်ဒေသများတွင် ဆင်းရဲမှုပပျောက်ရေး အတွက်   ဒေသနှင့်ကိုက်ညီသော   လုပ်ငန်းများကို စီစဉ်ဆောင်ရွက်ပေးခဲ့သည်။


မြန်မာနှင့်   ခြံစည်းရိုးကပ်လျက်တည်ရှိရာ ယူနန်ပြည်နယ်တွင်မူ  လွန်ခဲ့သည့်   တစ်နှစ်ကျော် ခန့်က ဒေသခံပြည်သူ တစ်သန်းကျော်    ဆင်းရဲ နွမ်းပါးမှုပပျောက်ရေးအတွက်     အဓိကဦးတည် ဆောင်ရွက်လျက်ရှိသည်။ ခရိုင် ၁၅ ခုနှင့် ဒေသခံ ပြည်သူသုံးသိန်းကျော် ကို ပြောင်းလဲတိုးတက်အောင် လုပ်ဆောင်နိုင်ခဲ့သည်ဟု ယူနန်နော်မန်တက္ကသိုလ်မှ ပါမောက္ခတစ်ဦးက ဆိုသည်။


နိုင်ငံတော်က      လမ်းပန်းဆက်သွယ်မှုနှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အပါအဝင် စီမံကိန်းအလိုက် အကောင်အထည်ဖော်ဆောင်ရွက် ပေးလျက်ရှိသည့်အပြင် နော်မန်တက္ကသိုလ်ကလည်း အသေးစိတ်ပါဝင်လုပ်ဆောင်လျက်ရှိသည်။ စိုက်ပျိုး မွေးမြူရေး အကယ်ဒမီသိပ္ပံမှ ကျွမ်းကျင်သူများက စိုက်ပျိုးမွေးမြူရေးအတွက် ဒေသခံပြည်သူများကို နည်းပညာများ       ဖြန့်ဝေပံ့ပိုးကူညီပေးသည်။ တာဝန်ခံက ဒေသခံပြည်သူတို့ စိုက်ပျိုးထားသော ဟင်းသီးဟင်းရွက်များကို အိမ်အပြန်ကြုံကြိုက်ပါက ကားပေါ်တင်၍ပင် ရောင်းချပေးသည်ဟုဆိုသည်။


ထိုသို့အပြောမဟုတ်၊       လက်တွေ့ကျကျ လုပ်ဆောင်နေသော တရုတ်ပြည်၏ ဆင်းရဲနွမ်းပါး မှုပပျောက်ရေးစီမံကိန်းက   အားကျအတုယူစရာ ဖြစ်ရသည်။


မြန်မာပြည်၏   ဆင်းရဲနွမ်းပါးမှုလျှော့ချရေး စီမံကိန်းများ         အောင်မြင်ရေးအတွက်လည်း ဆက်လက်ကြိုးပမ်း    ဆောင်ရွက်ကြရပါဦးမည်။ နိုင်ငံတော်နှင့်အတူ   ဒေသခံပြည်သူများကလည်း အင်တိုက်အားတိုက်  ပူးပေါင်းပါဝင်လုပ်ဆောင် ကြဖို့လိုသည်။ လူငယ်တို့ အားကား အဓိကကျသည်။ ကိုယ့်မြို့ကိုယ့်ရွာ ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ဆင်းရဲ တွင်းမှ   လွတ်ကင်းရေးအတွက်   မြန်မာလူငယ် မောင်မယ်များသည်  ကိုရီးယားဇာတ်လမ်းတွဲများ တွင်ပြောလေ့ရှိသည့် “နှာခေါင်းသွေးထွက်အောင် ကြိုးစားကြ”ဆိုဘိသို့နှယ် နှာခေါင်းသွေးထွက်သည် အထိ ဇွဲလုံ့လအပြည့်ဖြင့် ကြိုးပမ်းတည်ဆောက် ကြရပေဦးမည်။


နိမ့်ကျနေသည့် အမိနိုင်ငံတော်ကြီးကို ခေတ်မီ ဖွံ့ဖြိုးတိုးတက်ရေးအတွက်   ဆောင်ရွက်ရာတွင် ဒုတိယကမ္ဘာစစ်အတွင်းက   ပြာပုံဘဝမှ  ရုန်းထ လာခဲ့သော ဂျပန်ပြည်၊ ဂျပန်၏ ဖွံ့ဖြိုးတိုးတက်မှုကို မခံချင်စိတ်ဖြင့်   ကြိုးပမ်းခဲ့ကြသော  တစ်ချိန်က ဂျပန်ပြည်၏ ကိုလိုနီလက်အောက်ခံ ကိုရီးယားတို့၏ ဇာတိပုည ဂုဏ်မာနနှင့် လုံ့လတို့ကို မြန်မာလူငယ် များ စံပြုအတုယူသင့်သည်။


“ကျွန်တော်က   ကျိုက်လတ်၏  ကိုလိုနီခေတ် အတိတ်ကလူ၊  သူတို့က   ကျိုက်လတ်မြို့သစ်ကို ဖန်တီးကြမည့် ဒုတိယမျိုးဆက်သစ်။ သူတို့သည် စာပေမွေ့သူများ ဖြစ်နေသည်ဆိုတော့ ကျွန်တော် ကျေနပ်ရသည်။ ကျွန်တော်တို့အတိတ်က ကိုလိုနီ ခေတ်ထက်   သာလွန်သော  ကျိုက်လတ်မြို့ကို ဖန်တီးကြပေလိမ့်မည်”ဟူသော “ကျိုက်လတ်ရုပ်ပုံ လွှာ” ထဲက ဆရာကြီးဒဂုန်တာရာ၏ မျှော်လင့်ချက် စာစုလေးကို      ကျွန်တော်သဘောကျပါသည်။ ဆရာကြီးဒဂုန်တာရာသို့နှယ် ကျွန်တော်သည်လည်း ကိုယ့်ရပ်ကိုယ့်ရွာ ကိုယ့်ဒေသ၊  ကိုယ့်နိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေးအတွက် လက်ရှိမျိုးဆက်တို့၏ ဖန်တီး တည်ဆောက်မှုကို မျှော်လင့်မိပါ၏။   


ကိုယ့်မြို့၊ ကိုယ့်ရွာ၊  ကိုယ့်ဒေသ၊ ကိုယ့်နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် မြန်မာလူငယ် မောင်မယ်တွေ   ဘာလုပ်ကြမလဲ။  ဘာလုပ်ကြရင် ကောင်းမလဲ။  ။