ဈေးချိုနေ့ပွဲ

Type
၁

ဆောင်းပါး

=======

 

ဈေးချိုနေ့ပွဲ

========

 

ဆူးငှက်

 

ကောင်းကင်တစ်ခုလုံး မိုးသားတိမ်လိပ်တွေနဲ့ ပိတ်ဖုံးနေ တယ်။ ဂျိုးဂျိုးဂျိမ့်ဂျိမ့် မိုးခြိမ်းသံတွေလည်း ကောင်းကင်က နေရာအနှံ့...။ နေရောင်က ဘယ့်နှယ်လုပ်ဖြန့်ကြက်နိုင်မှာ လဲ...။ မှောင်မည်းလုလု...။ မိုးတွေမည်း မိုးတွေ ထစ်ချုန်း နေသလောက် မိုးကတော့ ဝုန်းဒိုင်းကြဲ သဲသဲမဲမဲ မရွာသေးပါဘူး။ ခပ်ဖွဲဖွဲလေးတော့ ကျနေပါ သေးတယ်။ မနက်မလင်းခင်ကတည်းက ရွာနေတဲ့မိုးကြောင့် မန္တလေးဟာ ထုံးစံအတိုင်း ဘာအလုပ်မှ မလုပ်တော့ဘူး ပေါ့။ ကတ္တရာလမ်းပေါ်မှာ မသွားမဖြစ်လူတွေ၊ စက်ဘီး တွေ၊ ဆိုက်ကားတွေ၊ မြင်းလှည်းတွေပဲရှိတယ်။ ကျွန်တော် တို့ အမှတ်(၁)အထက်တန်းကျောင်းကလည်း အတန်းပိုင် ဆရာမ ဒေါ်ခင်မြမြအေးက မိုးရွာပြီး ကျောင်းသားမစုံ တော့ အတန်းဆင်းပေးလိုက်ပါပြီ။ ဒါကြောင့် ထမင်းစား ကျောင်းမှာ ကျွန်တော်တို့လည်း မိုးဖွဲဖွဲမှာ အိမ်ပြန်ကြရပါ တော့တယ်။

 

တန်ဆောင်မုန်းလဆန်း ၇ ရက်နေ့

 

သူငယ်ချင်းတွေက မစိုးရိမ်ရုပ်ရှင်ရုံမှာ ရုပ်ရှင်ဝင်ကြည့်ရ အောင်လို့ အဖော်ညှိတယ်။ တချို့က ရေနီမြောင်းသွားပြီး ရေချိုးကြရအောင်တဲ့။ တချို့က နန်းတွင်းသွားရေကူးကြ မယ်ပြောတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ သူတို့ ပြောတဲ့နေရာ တစ်နေရာကိုမှ စိတ်မဝင်စားဘူး။ ကျွန်တော်သွားချင်တဲ့နေရာက တစ်နေရာ။ ဘယ်သူ လိုက်လိုက် မလိုက်လိုက် ကျွန်တော်ကတော့ အဲဒီနေရာပဲ သွားမယ်။ တကယ်ဆို မနက်ကတည်းက ကျွန်တော် ကျောင်းသွားချင်လှတာ မဟုတ်ဘူး။ ဆရာမကို ကြောက် လို့ သာ သွားရတာ။ အခုလို ကျောင်းဆင်းပေးလိုက်တော့ ပျော်လိုက်တာမပြောပါနဲ့တော့။ ဒီကနေ့ တန်ဆောင်မုန်း လဆန်း ၇ရက်နေ့ မဟုတ်လား။

 

ဈေးချိုထဲမှာ ဒီနေ့ ကထိန်တွေ အများကြီးရှိတယ်။ အေရုံ၊ ဘီရုံ၊ ရွှေဆိုင်တန်း၊ ပန်းတန်း၊ တောင်မလွယ်၊ ဂျီရုံနဲ့ မုန့်စုံတန်းမှာ ကထိန်တွေရှိတယ်။ မိုးအေးအေးမှာ ဈေးချို ရုံတွေထဲကထိန်မှာ ကပြကြမယ့်အငြိမ့်တွေကို သိပ်ကြည့် ချင်ပါတယ်။ ဘယ်ရုံ၊ ဘယ်အတန်းမှာ ဘယ်သူ့အငြိမ့် ရှိမလဲ မသိဘူး။ ဒါကြောင့် ဘီလမ်းအတိုင်း ခပ်သွက်သွက် လျှောက်ပြီး ခန်းမ(၂)အောက်ကနေ တောင်ဘက်ကိုအပြေး အလွှားဝင်လိုက်ပါတယ်။ စီရုံဘေးက အုန်းထမင်းဆိုင် တွေနားရောက်တော့ အေရုံထဲမှာ'မြို့မ' ရှိသတဲ့။ ဒါကြောင့် အေရုံဘက် သုတ်ခြေတင်ရတာပေါ့။

 

မန်းမြို့တွင် နတ်နန်းသဖွယ်

 

ဈေးချို အေရုံဆိုတာ ဆန်နဲ့ ကောက်ပဲသီးနှံရောင်းတဲ့ ရုံကြီးပါ။ မြောက်ဘက်တန်း အနောက်ဘက်ဆုံးမှာ ရှိပါ တယ်။ အခြားရုံတွေနဲ့ မတူတာက ရုံကြီးတစ်ရုံလုံး ဆိုင်ခန်းအကန့်တွေ ခုံတွေမရှိဘူး။ Hall ပုံစံ ရုံကြီးပါပဲ။ ပဲအိတ်တွေ၊ ဆန်အိတ်တွေ၊ အထပ်လိုက်စီထားတာတွေပဲရှိ တယ်။ ရုံထဲဝင်လိုက်တော့ 'မြို့မ'တူရိယာအသင်းက တီးမှုတ်တောင်နေပါပြီ။ ပရိသတ်ကလည်း အများကြီး မဟုတ်ဘူး။ ခပ်ငြိမ့်ငြိမ့်လေး တီးမှုတ်နေတာက ရုံကြီးထဲ မှာဆိုတော့ ဟည်းလို့ပေါ့။ ပရိသတ်ကြား တိုးဝင်ကြည့် လိုက်တော့ အဆိုတော်တစ်ယောက်က 'ဘုတ်တ လုတ်ကန်'ဆိုတဲ့ သီချင်းကို သီဆိုနေပါတယ်။

 

ရှေးရှေးတုန်း ခေတ်ကရယ်

မန်းမြို့တွင်

နတ်နန်းသဖွယ်...

ထင်ယောင်မြင်သေး

ဘုရင်သွေး

ပျော်ကြတယ်...တဲ့။

 

သီဆိုသံက အသံခပ်ပါးပါးလေး။ ဒါပေမယ့် အဆိုက ပါးနပ်လှပါတယ်။ ကိုယ်ဟန်နွဲ့နွဲ့။ အဝတ်အစားက ခပ်ယဉ်ယဉ်။ တစ်ပတ်လျှိုဆံထုံးလေးနဲ့။ ထူးခြားတာက မျက်လုံးလေး မှေးစင်းနေခြင်းပါ။ သူ..သူ့ကို မြင်ဖူးတယ်။ မြင်ဖူးတယ်။ ဘယ်သူပါလိမ့်...ဘယ်သူပါလိမ့်။ ဒီအသံနဲ့ ဘုတ်တလုတ်ကန်၊ ဒီမျက်ဝန်း မှေး စင်း...။ အား...ဒါဆိုရင် သူဟာ အဆိုတော် 'ထား' ပဲပေါ့။ ဟုတ်တယ်။ 'ထား'ပါပဲ။

 

သီသံ ဆိုသံ တီးသံ မှုတ်သံတွေ

 

အဲဒီတုန်းက အဆိုတော်ထားတို့ မိသားစုက မန္တလေးစိန်ပန်းရပ်ထဲမှာနေကြပါတယ်။

 

မိုးကခပ်ဖွဲဖွဲလေးရွာနေပြီ။ ဒါပေမယ့် ဝုန်းဒိုင်းကြဲ မဟုတ်သေးဘူး။ အသံမထွက်ဘဲ ရွာနေတဲ့မိုး။ ဒါကြောင့် အေရုံထဲက မြို့မတီးဝိုင်းရဲ့ သီသံ ဆိုသံ တီးသံ မှုတ်သံတွေ ကို အနှောင့်အယှက်မဖြစ်ပါဘူး။ အနှောင့်အယှက် မဖြစ် ရုံမက အေးအေးဆေးဆေး သက်သက်သာသာပါပဲ။ အဆိုပိုဒ်မှာ မြို့မဦးငြိမ်းလေးရဲ့ တယောလေးက နွဲ့နွဲ့လေး အပီလိုက်ပေးပါတယ်။

 

''...ထိုအချိန်ဝယ် လတပေါင်းမို့

ညှာညောင်း ပြောင်းတယ်

ဟောင်းရွက်ညှာကြွေသံ

ပဉ္စသိံမောင် စောင်းသံညှင်းသလို

ဘဝင်အေး ပိုမို

နဝင်တေး ချိုချို၊ ရွှေနန်းတော်တွင်း ကြာမျိုး သင်းတယ်။

ဘုတ်တလုတ်ခေါ် ကန်တော်တွင်းမယ်

အပေါင်းအဖော်များရယ်

နုနုပြုံးပြုံး သနားစဖွယ်

စုစုရုံးရုံး များရယ်

တူတူပုန်းတမ်း ကစားကြပါသတဲ့ကွယ်...'' တဲ့။

 

အဲဒီနေ့က အဆိုတော်'ထား'ကလည်း သီချင်း အများ ကြီးဆိုသွားတယ်။ သန်းမြတ်စိုးကလည်း လူမိုက်နှင့်ငွေ တို့၊ ပြည်တော်ဝင်တို့၊ တောင်ပြုန်းတို့ သီချင်းတွေ ဆိုသွားတယ်။

 

အပြိုင်အဆိုင် အငြိမ့်ခံကြတဲ့ပွဲ

 

ကျွန်တော်တော့ အခုလို ကထိန်ပွဲရာသီရောက်ရင် ဈေးချိုထဲက ကထိန်တွေကို သိပ်သတိရတာပဲ။ တန်ဆောင်မုန်းလဆန်း ၇ ရက်နေ့ရယ်၊ လဆန်း ၁၃ ရက်နေ့ရယ်ဆို အစည်ဆုံးပါပဲ။ ဟိုရုံက သည်ရုံ၊ ဟိုအတန်းက သည်အတန်း ကူးကူးပြီး ပွဲကြည့်ကြရုံပါပဲ။ ဈေးချိုလို ထိပ်တန်းနေရာမှာ နေ့လယ်ပွဲ တစ်ချိန်တည်း 'က'ကြရတော့ အဝတ်အစားကအစ ခိုလို့မရဘူး။ အားကြိုးမာန်တက် 'က'ကြရတာပေါ့။ ဈေးချိုမှာ ပြော စမှတ် ဖြစ်ကျန်ရစ်တာ ကထိန်ပွဲတွေပါ။

အရောင်းအဝယ် သမား မြို့မျက်နှာဖုံး ရွာနေပြည်ထိုင်များဆိုတော့ အလှူ အတန်းကလည်း ရက်ရောကြတယ်။ ကထိန်တွေမှာ အပြိုင်အဆိုင် လှူကြတန်းကြပါတယ်။ ဒါကြောင့် ဈေးချို ကထိန်ဆိုတာ အကြီးအကျယ်လှူကြတန်းကြတဲ့ ပွဲပါ။ အပြိုင်အဆိုင် အငြိမ့်ခံကြတဲ့ ပွဲပါ။

 

ဈေးရောင်းရင်း...လာသမျှလူဧည့်ခံရင်း၊ ရုံထဲမှာ လှူဖွယ်ဉတ်မကြီးကို ခင်းကျင်းပြီး ဆိုင်ပေါ်ကနေ အငြိမ့် ကြည့်ကြရတဲ့ နေ့ခင်းပွဲဆိုတာ မြန်မာပြည်မှာဒီတစ်ပွဲ တည်းရှိမှာပါ။ ရုံထဲမှာ ရောင်းချကြတဲ့ဈေးသည်တွေနဲ့ အငြိမ့်မင်းသမီးတွေနဲ့ လူရွှင်တော်တွေဆိုတာ အသိ အကျွမ်းတွေချည်းဆိုတော့ စင်ပေါ်ကနေ စကြ၊ ပြောင် ကြ၊ နောက်ကြနဲ့ ပျော်စရာကြီးပါ။ မန္တလေးရဲ့ နာမည်ကြီး အငြိမ့်တွေဖြစ်တဲ့ သစ်လွင်တို့၊ ရတနာပုံတို့၊ လမင်းတရာ တို့၊ ရွှေရတနာတို့၊ အောင်မြေအေးတို့၊ မြို့တော်တို့ကို တစ်ရက်တည်း တစ်နေရာတည်း ဟိုစင် သည်စင် ကူးပြီးကြည့်ရပါတယ်။

 

ရွှေဆိုင်တန်း ကထိန်

 

နောက်ပိုင်းနှစ်တွေရောက်တော့ မန္တလေးသိန်းဇော် နာမည်ကြီးလာတဲ့အခါ ရွှေဆိုင်တန်းကထိန်ဆိုရင်နှစ်တိုင်း လာပြီး ကပြလေ့ရှိတယ်။ မန္တလေးသိန်းဇော် နာမည်ကြီး တာနဲ့ တစ်ချိန်တည်း မန္တလေးShell တီးဝိုင်းက အမြဲပါ တယ်။ အဲဒီနေ့ဆိုရင် အလယ်ပေါက်ကြီးတစ်ခုလုံး တစ်ညှပ်ပိတ်ဆို့သွားတော့တာပေါ့။ ဒီလိုပါပဲ သစ်သီးတန်း ကထိန်အတွက် ဈေးရုံအရှေ့ဘက်မှာ Shell ပါတယ်ဆိုရင် သစ်သီးတန်း၊ ထိုးမုန့်တန်းမှာ လူတွေ ပိတ်ဆို့သွားလိုက် တာ သံဖြူတန်းကြီးအထိ ရောက်ရော...။ အဲဒီနောက်ပိုင်း ဈေးချိုကထိန်တွေမှာ မန္တလေးအငြိမ့်တွေ၊ မြို့မလို တီးဝိုင်း တွေအပြင် ခေတ်ပေါ် စတီရီယိုဝိုင်းတွေပါ နေရာယူလာပါ ပြီ။ ၁၉၈ဝနဲ့ ၈၇ အကြားကာလတွေပေါ့။ စတီရီယိုဝိုင်း တွေက နောက်ပိုင်းမှာ ရန်ကုန်က နာမည်ကျော် အဆိုတော် တွေ၊ ရုပ်ရှင်မင်းသမီးတွေလည်း ပါဝင်လာကြပါတယ်။

 

စစ်ကိုင်းတောင်ရိုးက ချောင်တွေမှာပဲ လှူကြတာ

 

ရှေးကတော့ ဈေးချိုကထိန်တွေဟာ မန္တလေးမှာ ခင်းကျင်းပြီး ဧရာဝတီမြစ်အနောက်ဘက် စစ်ကိုင်း တောင်ရိုးက ချောင်တွေမှာပဲ လှူကြတာပါ။ စစ်ကိုင်း တောင်ရိုး ရှင်ဖြူရှင်လှဘုရားကြီး အထက်မှာ'ဈေးချိုချောင်' ဆိုတာရှိပါတယ်။ ဈေးချို ကထိန်တွေကစုပြီး အဆောက် အအုံတွေ လှူတန်းထားကြတာပေါ့။ စစ်ကိုင်းမှာရှိတဲ့ ဘုန်းကြီးကျောင်းတိုင်း၊ ချောင်တိုင်းမှာ ဈေးချိုကထိန် တစ်ခုခုက လှူထားတဲ့ ကျောင်းတစ်ကျောင်းကတော့ အနည်းဆုံး ရှိတတ်ပါတယ်။

 

ဈေးကွက်စီးပွားရေးမတိုင်ခင်ခေတ်က ယိုးဒယား (ထိုင်း) ပစ္စည်းရောင်းဝယ်ရေးအတွက် မော်လမြိုင်ဘက်ကို အရောက်အပေါက်များတဲ့ ဈေးချိုရုံတချို့ကတော့ မော်လမြိုင်နဲ့ မြန်မာပြည် အောက်ပိုင်းမြို့တွေက ဘုန်းကြီးကျောင်းတွေကို ကထိန်ခင်းကြတာမျိုးလည်းရှိလာကြပါတယ်။ နောက်ပိုင်း ရောက်တော့ တစ်ချက်ခုတ် နှစ်ချက်ပြတ်ဆိုသလို ဒေသန္တရဗဟုသုတအတွက် ဘုရားဖူး ခရီးထွက်ရင်း ကထိန်ခင်းကြတဲ့ဓလေ့က ဈေးချိုမှာ လွှမ်းမိုးသွားပါတယ်။ ဒါကြောင့် အင်းလေး၊ စက်စဲ၊ ကျိုက်ထီးရိုး၊ ငပလီ၊ အင်းတော်ကြီးစတဲ့ နေရာတွေ သာမက မြန်မာပြည်အစွန်အဖျားကမြို့တွေဆီကျော်ပြီး မဲဆောက်၊ ချင်းမိုင်အထိ ဈေးချိုကထိန်တွေ ပျံ့နှံ့သွားပါ လေရော။

 

'ရိုးရာ'ကို ကြိုက်နှစ်သက်သူတွေ

 

၁၉၉ဝ နောက်ပိုင်း ဈေးရုံ ရုံဟောင်းကြီးတွေ ဖျက်ပြီး အခု အဆင့်မြင့်ရုံသစ်ကြီး တည်ဆောက်ပြီးတဲ့အခါ ဈေးချိုကထိန်တွေရဲ့အနေအထားက အများကြီးပြောင်း လဲသွားပါတယ်။ အရင်လို ရုံထဲမှာ အငြိမ့်ကပွဲကလို့မရ တော့ပါဘူး။ ဈေးချိုသူ၊ ဈေးချိုသားဆိုတာကလည်း ပြောင်းလဲကုန်ကြတော့ 'ရိုးရာ'ကိုကြိုက်နှစ်သက်သူတွေ ပါးလျားကုန်တယ်။ ပေါ်ပင်အသစ်အဆန်းကိုပဲ မက်မော သူများလာတယ်။ အငြိမ့်မကြည့်ချင်ကြတော့ဘူး။ မြို့မ နားမထောင်ချင်တော့ဘူး။ နာမည်ကြီး စတီရီယိုအဆိုတော် တွေ မဟုတ်တောင်မှ မန္တလေးရဲ့ စားသောက်ဆိုင်ကြီးတွေ က မြို့ကျော်၊ ရပ်ကျော် ကာရာအိုကေမလေးတွေလောက် တော့ အနည်းဆုံးပါမှ ဘဝင်ကျကြတော့တယ်။

 

လွန်ခဲ့တဲ့ ၂၀၀ဝ ပြည့်နှစ် ဝန်းကျင်ကဆိုရင် ဈေးချိုကထိန် မှာ ရုံကြီးထဲ ဝင်တိုးလို့မရတော့ ဘီလမ်းပေါ်၊ ၈၄ လမ်းပေါ်၊ အလယ်ပေါက်နေရာ ၂၇ လမ်းပေါ်မှာ စင်တွေထိုးပြီး စတီရီယိုဝိုင်းတွေက တီးခတ် အော်ဟစ်ပေါက်ကွဲကြတာ ပေါ့။

နာမည်ကျော်ကာရာအိုကေ အဆိုတော်လေးတွေ လည်း စကပ်လေးတွေ၊ ဘောင်းဘီတို၊ ဘောင်းဘီရှည်တွေ နဲ့ အပြိုင်အဆိုင်ဟစ်ကြတာ လမ်းတွေ ပိတ်ဆို့ကုန်ပါလေ ရော။ လက်ဟောင်း မန္တလေးသားကြီးတွေက အစွဲကြီးကြီး နဲ့ သမားရိုးကျကို မလွန်ဆန်နိုင်ဘဲ 'မြို့မ'ကို ငှားရမ်းလေ တော့ မြို့မရှေ့မှာ ပရိသတ်ရောက်မလာလို့ ကထိန်အကျိုး ဆောင် ကော်မတီက ကားတစ်စီးနဲ့ ချက်ချင်းပဲ ကာရာ အိုကေအဆိုတော်တွေကို တစ်ဆိုင်တက်ဆင်း ရှာရပါလေ ရော။ ဒါပေမယ့် အဲဒီနေ့က မန္တလေးမှာ ဘယ်ကာရာ အိုကေအဆိုတော်မှ မအားတော့ပါဘူးတဲ့။

 

ဈေးချိုနေ့ပွဲတွေကို လွမ်းဆွတ်လှပါတယ်

တန်ဆောင်မုန်း မိုးစွေစွေမှာ အရင်ရှေးတုန်းကလို အေရုံထဲက မြို့မမှာ တယောလေးတအိအိနဲ့

'မြင်စမ်းချင်တယ်

တံတားငယ်များရယ် အသွယ်သွယ်

ကျောက်လိုဏ်ခေါင်းလေးတွေ ပေါတယ်၊

ကြည်နူးစေမယ်

ပန်းစပယ်နန်းလယ်မှာကွယ်

မွှေးထုံသင်းတဲ့ အခါတွင်းမယ်

ကြည်နူးစေမယ်

မြင်စမ်းချင်တယ်

နတ်တို့ ဖန်တယ် ကြာမျိုးစုံသင်းတယ်

ဘုတ်တလုတ်ခေါ် ကန်တော်တွင်းမယ်

အပေါင်းအဖော်များရယ်...'

ဆိုတဲ့ သီချင်းလေးနဲ့ ဈေးချိုနေ့ပွဲတွေကို လွမ်းဆွတ်လှ ပါတယ်လို့ ပြောရင် အခုဈေးချိုတော် ကံ့ကော်ရုံ၊ နှင်းဆီရုံ၊ မြတ်လေးရုံ၊ စံပယ်ရုံတဲ့ ရုံတွေက ဈေးချိုသူ ဈေးချိုသား လေးတွေက နှာခေါင်းရှုံ့ကြတော့မှာ သေချာပါတယ်။

ကျွန်တော်တို့က 'ထား'နဲ့ ရင်ခုန်တဲ့ ခေတ်။ ။