ဇလွန်မြို့ မာရ်အောင်မြင် ပြည်တော်ပြန် မြတ်စွာဘုရားကြီး

Type
5

 

မောင်တင်လှိုင် (ဟိုတယ်/ခရီး)

မာရ်အောင်မြင် ပြည်တော်ပြန်ရုပ်ပွားဆင်းတုတော်မြတ်ကြီးသည် ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင်  ဇလွန်မြို့တွင် ကိန်းဝပ်စံပယ်တော်မူလျက်ရှိပါသည်။  ဘုရားကြီးအား မြတ်စွာဘုရားကိုယ်ပွား ကိုယ်စားတော်အဖြစ် ကြည်ညိုဖွယ်ဖူးမြော်နိုင်ပါသည်။ 


မဟာသက္ကရာဇ် (၁၀၃)ခုနှစ်၊ ကဆုန်လပြည့်နေ့ ၌     ဂေါတမမြတ်စွာဘုရားသည်    ဘုရားအဖြစ်သို့ ရောက်ရှိကာ ဝါတော်  ၂၀ ခန့်ရောက်တော်မူသည်တွင် ရက္ခပူရတိုင်း၊ ဓညဝတီရခိုင်ပြည်၌ သီရိရာဇာမင်းနှင့် မိဖုရားဝိဖလဒေဝီတို့မှ     သားတော်စန္ဒသူရိယကို ဖွားမြင်ပြီး သီရိရာဇာမင်းသည် သက်တော်  ၅၇ နှစ်တွင် နတ်ရွာစံလေသည်။   သားတော် စန္ဒသူရိယ မင်းသားသည်     စန္ဒမာလာမင်းသမီးကို    မိဖုရား မြှောက်၍    ရွှေထီးရွှေနန်းကို   သိမ်းမြန်းစိုးစံလာခဲ့ လေသည်။


စန္ဒသူရိယမင်း၏ နှမငယ်ဖြစ်သော  ဥဒမ္ဗရဒေဝီ မင်းသမီးသည်   အစ်ကိုတော်၏   မြတ်စွာဘုရားရှင် အား ဖူးမြော်လိုသောဆန္ဒကို  ရည်စူး၍ ဆီမီး၊ ပန်း၊ နံ့သာ   ပေါက်ပေါက်တို့ဖြင့်      မြတ်စွာဘုရားအား ပင့်လျှောက်လေသည်။     စန္ဒသူရိယမင်းလည်း ပညာရှိတို့   စကားအတိုင်း ဝမ်းမြောက်ဝမ်းသာနာ ယူလျက်  ၇  ရက်တိုင်တိုင်   ပူဇော်ပင့်လျှောက်ခဲ့ သည်။


ရုပ်ပွားဆင်းတုတော်များ ဖန်ဆင်းခွင့်ပြု


ဂေါတမမြတ်စွာဘုရားသည်  ဇေတဝန်ကျောင်း တော်၌ စံပယ်တော်မူနေစဉ်  သဗ္ဗညုတဉာဏ်တော် ဖြင့် ဆင်ခြင်ကြည့်ရှုတော်မူသောအခါ  စန္ဒသူရိယ မင်း၏ ပင့်လျှောက်မှုကို မြင်တော်မူခဲ့သည်။ မြတ်စွာ ဘုရားနှင့် စန္ဒသူရိယမင်းတို့သည်  ဘဝပေါင်း  ၄၀ လုံးလုံး ချစ်ခင်ရင်းနှီးသူအဖြစ်  နေထိုင်တော်စပ်ခဲ့ဖူး ကြောင်း မြင်တော်မူသည်။  စန္ဒသူရိယမင်းထံကြွပြီး ရုပ်ပွားဆင်းတုတော်များ ဖန်ဆင်းခွင့်ပြုပေးခြင်းဖြင့်  ငါဘုရား  သာသနာစည်ပင်ထွန်းကားလိမ့်မည်ဟူ၍ လည်း မြင်တော်မူခဲ့သည်။ 


သို့ဖြစ်ရာ     မဟာသက္ကရာဇ်   (၁၂၃) ခုနှစ်၊ ကဆုန်လတွင် ညီတော်အာနန္ဒာနှင့် တကွ ရဟန္တာ  ၅၀ဝ ခြံရံတော်မူ၍    စန္ဒသူရိယမင်းထံ   ကြွတော်မူ ခဲ့သည်။ စန္ဒသူရိယမင်းသည်   လွန်စွာကြည်ညိုခဲ့ လေသည်။ မြတ်စွာဘုရားရှင်  ဓညဝတီမှ  ကြွတော့ မည်ဖြစ်ကြောင်း မိန့်တော်မူလေသော် စန္ဒသူရိယ မင်းသည် မြတ်စွာဘုရားအား မင်းနှင့်တကွ ရဟန်း၊ ရှင်လူပြည်သူအပေါင်း ဖူးမြော်ဆည်းကပ်ကိုးကွယ် နိုင်ရန်   အရှင်ဘုရားကိုယ်စား    နိမ္မိတရုပ်ပွားကို တည်ထားသွန်းလုပ်ခွင့်ပြုတော်မူရန် လျှောက်ထား ခဲ့သည်။     မြတ်စွာဘုရားက    နှစ်သက်ကြည်ဖြူ သဘောတူခွင့်ပြုတော်မူလေသည်။


စန္ဒသူရိယမင်းက      သာသနာတော်   အရှည် တည်တံ့ရန်နှင့် မြတ်စွာဘုရားအား   ကြည်ညိုစိတ် ဖြင့် ရုပ်ပွားတော်သွန်းလုပ်   စီမံဆောင်ရွက်လေ သည်။ ဗုဒ္ဓပူဇနိယသဘင်ကြီးကို သီရိဂုဏ်တောင် တော်ပေါ်တွင်  ၇ ရက်ပတ်လုံး ဗုဒ္ဓပူဇနိယကျင်းပရာ စကြဝဠာ      အရပ်ရပ်မှလာကြကုန်သော လူနတ် ဗြဟ္မာ၊ သိကြားပရိသတ်အားလုံးတို့၏ လှူဒါန်းပါဝင် သော ရတနာမျိုးစုံ  ၆၅ တင်းမျှ  ရရှိခဲ့လေသည်။ မြတ်စွာဘုရားက သိကြားမင်းနှင့် ဝိသုကြုံ နတ်သား တို့ကို ခေါ်တော်မူ၍ ငါ၏ကိုယ်နှင့်  အတိုင်းအရှည် ပမာဏညီမျှမှန်ကန်သော     ရုပ်ရှင်တော်မြတ်ကို သွန်းလုပ်စေဟု မိန့်တော်မူပြီးလျှင် မြတ်စွားဘုရား ကိုယ်တော်တိုင်     ရတနာမျိုးစုံတို့ကို    အပ်နှင်း ပေးသနားတော်မူလေသည်။ သို့ဖြစ်ရာ   မဟာ သက္ကရာဇ်  ၁၂၃ ခုနှစ်၊ ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့၊ ညနေချမ်းအချိန်အခါသမယတွင်     စတင်သွန်း လုပ်ကြလေသည်။


မြတ်စွာဘုရား ရင်ငွေ့တော်လှုံ


မဟာမုနိရုပ်ရှင်တော်မြတ်ကြီး၏  ဉာဏ်တော် မှာ ဓမ္မစက်အလွတ်၊ (ခြောက်တောင် တစ်မိုက်) ရှိပြီး   ဘူမိဖဿမုဒြာ  (တင်ပျဉ်ခွေ)ထိုင်တော်မူပုံ ဖြစ်ပါသည်။ သွန်းလုပ်ပြီးသော အခါတွင် မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး၏       ဦးခေါင်းတော်မှာ မဆက်စပ်ဘဲ   ကွာဟနေသဖြင့်    သုံးကြိမ်သုံးတန် သွန်းလုပ်တော်မူခဲ့လေသည်။ သုံးကြိမ်သုံးတန်သွန်း လုပ်တော်မူသော်လည်း  ကွာဟမြဲကွာဟနေသဖြင့် မြတ်စွာဘုရားကိုယ်တော်တိုင်   ရင်ငွေ့တော်လှုံပြီး လက်ဝါးတော်နှင့်   ၇ ကြိမ်    သုံးသပ်တော်မူမှ ချောမောစွာ ဆက်စပ်တော်မူလေသည်။  မြတ်စွာ ဘုရားကိုယ်တော်တိုင်  ညီတော်မုနိ  ငါ၏ ကိုယ်စား လူနတ်ဗြဟ္မာသတ္တဝါတို့၏  စီးပွားချမ်းသာစေရန် ဆောင်ရွက်ပါလော့ဟု   မိန့်တော်မူခဲ့လေသည်။ မဟာမုနိရုပ်ရှင်တော်မြတ်ကြီး     သွန်းလုပ်ပြီးချိန် တွင်    ရွှေငွေကြေးကျောက်မျက်ရတနာများ  ပိုလျှံ ကျန်ရစ်နေခဲ့သည်။


သို့ဖြစ်ရာ   မြတ်စွာဘုရားအား   ဆက်လက် လျှောက်ထားပြန်ရာ            ခွင့်ပြုတော်မူသဖြင့် နောက်ထပ်ဗုဒ္ဓရုပ်ပွားတော်သုံးဆူကို   ဆက်လက် သွန်းလုပ်ကြပြန်သည်။   ပထမသွန်းလုပ်ပြီးသော မုနိမှာ  မဟာမုနိ၊    ဒုတိယသွန်းလုပ်သော မုနိမှာ ရှင်ကျော်မုနိ၊    တတိယသွန်းလုပ်သော   မုနိမှာ ရွှေဘုံသာမုနိနှင့်   စတုတ္ထသွန်းလုပ်သော မုနိမှာ မာရ်အောင်မြင် မုနိဘုရားတို့ဖြစ်ကြသည်။ 


ထိုမုနိလေးဆူတို့သည် အစဉ်အတိုင်း ဂုဏ်တော် ငယ်ကြပြီး တင်ပျဉ်ခွေပုံတော်   ရတနာကြေးဆင်း တုတော်များသာဖြစ်ကြသည်။     စန္ဒသူရိယမင်း နတ်ရွာစံပြီးသည်အထိ         ရခိုင်ဓညဝတီမင်း အဆက်ဆက်တို့သည်    ဘုရားလေးဆူအား  ရှေးမူ မပျက် ပူဇော်ကိုးကွယ်ခဲ့ကြလေသည်။ 


ဇလွန်မြို့သည်  ဧရာဝတီတိုင်းဒေသကြီးတွင် ပါဝင်သော    မြို့တစ်မြို့ဖြစ်ပြီး    ဧရာဝတီမြစ် အနောက်ဘက်ခြမ်းတွင် တည်ရှိသည်။  ရန်ကုန်မြို့မှ မိုင် ၈၀ ကွာဝေးပြီး      မော်တော်ယာဉ်များဖြင့် အလွယ်တကူသွားလာနိုင်ပေသည်။ ဟင်္သာတမြို့မှ  ၁၆ မိုင်သာ ကွာဝေးသည်။  ဇလွန်မြို့ကို မော်တော် ကားများ၊ ရေယာဉ်များဖြင့်  အလွယ်တကူ သွားလာ နိုင်ပေသည်။ 


ဇလွန်မြို့သည် ကုန်းဘောင်ခေတ်  သာယာဝတီ မင်းလက်ထက်   ပုသိမ်  ၃၂ မြို့နယ်    စာရင်းဝင်မြို့ တစ်မြို့ဖြစ်သည်။ ထိုစဉ်က ကျိုက်မတော် သမန္တပူရ ဇရွန်၊  

ဇလွန်ဟူ၍   ဖော်ပြပါရှိခဲ့သည်။   ဇလွန်မြို့ မာရ်အောင်မြင်ခေါ်    ပြည်တော်ပြန်ဘုရားကြီးမှာ အထူးထင်ရှားသည်။ 


ဇလွန်မြို့သို့ ပြန်လည်ပို့ဆောင်


 ၁၈၃၈  ခုနှစ်တွင် မြို့သူကြီးဦးရွှေပွင့်က အများ ပြည်သူကြည်ညိုကိုးကွယ်စေနိုင်သောငှာ   ကြေး ဆင်းတုတော်ကြီးတစ်ဆူကို   သွန်းလုပ်လှူဒါန်း ခဲ့သည်။   ထိုကြေးဆင်းတုတော်ကြီးကို ၁၈၅၂ ခုနှစ်၊ အင်္ဂလိပ်-မြန်မာ    ဒုတိယကမ္ဘာစစ်ပွဲအပြီးတွင် အင်္ဂလိပ်တပ်က     သင်္ဘောဖြင့်      သယ်ဆောင်သွား ခဲ့သည်။ သို့သော် ၁၈၅၃ ခုနှစ်တွင် ကြေးဆင်းတု တော်ကြီးကို   ဇလွန်မြို့သို့ ပြန်လည်ပို့ဆောင်ခဲ့ရပါ သည်။ ထိုအချိန်မှစ၍   ပြည်တော်ပြန်ဘုရားကြီးဟု ကျော်ကြားခဲ့သည်။    ကုန်းဘောင်မင်း  ၁၁ ပါးရှိရာ ၉ ဆက်မြောက်၊  သက္ကရာဇ် ၁၂၀၈ မှ ၁၂၁၄ ခုနှစ် အထိ   အမရပူရကို   အုပ်ချုပ်တော်မူသော ပုဂံမင်း လက်ထက်တွင် ပုဂံမင်းက အတွင်းဝန်သတိုးမင်းကြီး မဟာမင်းလှအနော်ရထာအား        ဇလွန်မြို့ကို အပိုင်စားပေးခဲ့သည်။


ထိုမြို့သူကြီးက    ဦးရွှေပွင့်အား    မြို့သူကြီး ခန့်ထား၍     ဇလွန်မြို့ကို       အုပ်ချုပ်စေခဲ့သည်။  ဦးရွှေပွင့်သည် အမရပူရနေပြည်တော်သို့   သွား ရောက်၍    အခွန်အကောက်များကို    ဆက်သရင်း နန်းဦးတွင်    ကိုးကွယ်ထားသော    မာရ်အောင်မြင် ဘုရားကြီးအား     ဦးရွှေပွင့်   ဖူးခွင့်ကြုံခဲ့ရသည်။ ဦးရွှေပွင့်သည်  ဇလွန်မြို့တွင်လည်း မာန်အောင်မြင် ဘုရားကြီးကဲ့သို့  ဗုဒ္ဓရုပ်ပွားတော်တစ်ဆူ  သွန်းလုပ် ပူဇော်လိုသောဆန္ဒရှိရာ      ပုဂံမင်းတရားကြီးထံ ထိုအကြောင်းကို လျှောက်ထားခဲ့သည်။ အမိန့်တော် ရရှိသည့်အခါ    ဇလွန်မြို့နယ်အတွင်းမှ    ပြည်သူ ပြည်သားများလှူဒါန်းခဲ့သော   ရတနာမြတ်ပိဿာချိန် ၁၅၀ဝ မျှကို     တစ်ပေါင်းတည်း    စုဆောင်းပြီး အမရပူရသို့ သွားရောက်သွန်းလုပ်ပူဇော်ခွင့် ရတော့ သည်။


သွန်းလုပ်ပြီးစီးခွင့်မရမီ   နန်းဦးတွင်   ကိုးကွယ် ထားသည့်    နန်းဦးဘုရားကို   ခေတ္တပင့်ဆောင်၍ ဇလွန်မြို့တွင်    ပူဇော်ခံပြီး   သွန်းလုပ်ပြီးစီးသည့် ဘုရားကို   လာရောက်ပင့်ဆောင်ရင်း နန်းဦးဘုရား ကိုပါ ပြန်လည်ပို့ဆောင်ပေးမည်ဟု   ကတိစကား လျှောက်ထားရာ  မိဖုရားကြီး၊   မယ်တော်ကြီးနှင့် အတွင်းဝန်မင်းတို့က    နန်းဦးဘုရားအား ဇလွန်မြို့ သို့ ပင့်ဆောင်ခွင့်ပြုတော်မူခဲ့သည်။


သက္ကရာဇ် ၁၂၁၄ ခုနှစ်တွင်  ပြည်နှင့် တောင်ငူ အောက်မြန်မာနိုင်ငံတစ်ဝန်းလုံးကို  အင်္ဂလိပ်နယ်ချဲ့ တို့က သိမ်းယူခဲ့သည်။   နယ်ချဲ့တို့က   မြန်မာနိုင်ငံ အတွင်းရှိ   ကြေးဆင်းတုတော်  မြောက်မြားစွာနှင့် ကြေးအိုးကြေးခွက်ပစ္စည်းပေါင်းများစွာကို   သိမ်း ကြုံး ယူငင်သွားသည်။ အင်္ဂလိပ်စစ်ဗိုလ် ဆာဂျွန်ဆပ် က    သက္ကရာဇ် ၁၂၁၇ ခုနှစ်တွင်     မာရ်အောင်မြင် မြတ်စွာဘုရားဆင်းတုတော်ကြီးအား  ရွှေချိန်အမည် ရှိ   သင်္ဘောကြီးဖြင့်   အိန္ဒိယပြည်၊   ဘုံဘေမြို့သို့  သယ်ဆောင်သွားခဲ့သည်။     မင်းတုန်းမင်းသည် နန်းဦးမြတ်စွာဘုရား   အိန္ဒိယပြည်သို့    ပါသွား ကြောင်း သိရသဖြင့်   ဦးရွှေပွင့်   သွန်းလုပ်ထားခဲ့ သော ကြေးဆင်းတုတော်ကြီးကို     နန်းဦးဘုရား ပလ္လင်ပေါ်သို့    ပင့်တင်ကိုးကွယ်တော်မူလေသည်။


မိုးမှောင်ကျဓာတ်တော်ကွန့်မြူး 


ဘုံဘေမြို့သို့ ရောက်ရှိနေတော်မူကြကုန်သော ကြေးဆင်းတုတော်ပေါင်းများစွာကို   ဂိုဒေါင်ကြီး ထဲတွင်   စုပုံထားခဲ့ပြီး   ကြေးပိုက်ဆံနှင့်    ဗုံးဆန် အမြောက်အမြားလုပ်ကြသည်။ ကျိုကြသည်။ ကြေး ဆင်းတုတော်ကြီးများကို  ဖိုကျင်ထိုး အရည်ကျိုကျ သည်။      မာရ်အောင်မြင်    မြတ်စွာဘုရားမှာမူ 
ဖိုလေးလုံးဆိုင်၍  ပြိုင်ထိုးကြသော်လည်း   အရည် မပျော်။   တူနှင့် ထုသော်လည်း လုံးဝအရာမထင်။  မူလပကတိအတိုင်း    ရှိလေသည်။      ထိုအချိန်တွင်   မိုးမှောင်ကြီးကျ၍   ဓာတ်တော်များလည်း   ကွန့်မြူး ကာ      ရောင်ခြည်တော်   လွှတ်တော်မူလေသည်။


အင်္ဂလန်ပြည်      ဝိတိုရိယဘုရင်မကြီးသည် အိန္ဒိယပြည်  ဒေလီမြို့တွင်   ခေတ္တလာရောက် စံမြန်းနေစဉ် ဘုရင်မကြီးမှာ  ဦးခေါင်းအပြင်းအထန် ကိုက်ခဲခြင်းဝေဒနာကို  ခံစားရသည့်အတွက် သမား တော်ကြီးများ၊ ဆရာဝန်များနှင့်  ကုသသော်လည်း  ဝေဒနာပျောက်ကင်းမှုမရှိပေ။ တစ်ညတွင် ဝိတိုရိယ ဘုရင်မကြီးသည်    ထူးခြားသော     အိပ်မက်ကို မက်လေသည်။    ဘုရင်မကြီး    ခေါင်းကိုက်ဝေဒနာ ပျောက်ကင်းလိုပါက   မြန်မာပြည်မှ   သယ်ဆောင် လာသော မာရ်အောင်မြင် ရုပ်ပွားဆင်းတုတော်မြတ် ကြီးအား  နေရင်းဒေသသို့ မရောက်ရောက်အောင် ပြန်ပို့ပေးရမည်၊     ပြန်မပို့ပါက   ဘုရင်မကြီး၏ အသက်အန္တရာယ်၊ တိုင်းပြည်မြို့ရွာများ  အန္တရာယ် ကြီးစွာ ဖြစ်မည်။ ဗုဒ္ဓမြတ်စွာဘုရားကို ဖျက်ဆီးသော တိုင်းနိုင်ငံသည်လည်း     ကပ်ကြီးဆိုက်ရောက်၍ သေကျေပျက်စီးဆုံးရှုံးမည် စသည့် အိပ်မက်ဆိုးများ မြင်မက်လေသည်။ 


ဘုရင်မကြီးက  မှူးမတ်များအား ချက်ချင်းခေါ်၍ သွားရာ မာရ်အောင်မြင်   ရုပ်ပွားဆင်းတုတော်မြတ် ကြီးမှာ    ဂိုဒေါင်အတွင်း  ရောင်ခြည်တော်ကွန့်မြူး တောက်ပလျက်ရှိသည်ကို       ထူးကဲစွာတွေ့မြင်ခဲ့ရ လေသည်။     ဘုရင်မကြီးသည်   မာရ်အောင်မြင် ဘုရားအား နေရင်းဒေသသို့ အမြန်သွား၍ ပို့ဆောင် စေဟု အမိန့်ချမှတ်လေသည်။ ထိုအချိန်အခါ သမယ မှစ၍    ဝိတိုရိယဘုရင်မကြီးလည်း    ခေါင်းကိုက် ဝေဒနာ ပျောက်ကင်းခဲ့ရလေသည်။


ဝိတိုရိယဘုရင်မကြီး၏      အမိန့်အတိုင်း သက္ကရာဇ် ၁၂၁၉ ခုနှစ်တွင် မာရ်အောင်မြင် မြတ်စွာ ဘုရားအား  နေရင်းဒေသသို့ ပြန်လည်ပို့ဆောင်တော် မူကြသည်။   ဇလွန်မြို့ကိုကျော်လွန်၍    မြို့မှားပြီး ဟင်္သာတမြို့အနီး       သဲသောင်စပ်တွင်   ထားခဲ့ကြ သည်။    ရေလုပ်သားများတွေ့ရှိသဖြင့်     ဟင်္သာတ မြို့သူ မြို့သား၊ နယ်သူနယ်သားများ   လာရောက် ဖူးမြော်ကြသည်။    ထိုအချိန်မှစ၍   မာရ်အောင်မြင် ဘွဲ့အမည်ပျောက်၍    ပေါ်တော်မူဘုရားဘွဲ့အမည် ကို ရောက်ခဲ့ရပြန်သည်။


ကူးယူထားသော ဂါထာနှင့်တူညီ


ဇလွန်မြို့ပိုင်မင်း၊   ဟင်္သာတအရေးပိုင်မင်းနှင့် ဆရာတော်ဦးဖြူနှင့်   ကြေးကန်ဆရာတော်ဘုရားတို့ တိုင်ပင်ညှိနှိုင်းကြရာ         ဆရာတော် ဦးဖြူက မာရ်အောင်မြင်ဘုရား၏   ဓမ္မခဏ်တော်မှာ   စာပါ သောကြောင့်    သိနိုင်ကြောင်း   လျှောက်ထား၍ ဆရာတော် ဦးဖြူက   အလွတ်ပြန်ဆိုပြသသော ဂါထာတော်သည် ကူးယူထားသော  ဂါထာနှင့် တူညီ နေသဖြင့်   ဘုရားမှာ   ဇလွန်မြို့မှ   မာရ်အောင်မြင် ဘုရားဖြစ်နေသည်ကို မငြင်းသာတော့ချေ။


ဟင်္သာတမြို့သူမြို့သားများနှင့်   ဇလွန်မြို့သူ မြို့သားများတို့အား      ဖောင်တော်ကြီးတစ်ခုကို အရေးပိုင်မင်းက    ကြားဝင်စေ့စပ်ပေးပြီး    အမြန် ပြုလုပ်ပေးကာ ဆင်းတုတော်မြတ်အား   ထိုဖောင် တော်ပေါ်သို့  ပင့်ဆောင်စေပြီး ဆရာတော်ဦးဖြူနှင့် အရေးပိုင်မင်းတို့ပါ     ဖောင်တော်တွင်နေကြသည်။ ဆရာတော် ဦးဖြူသည် ဖောင်တော်တွင်  နေရင်း ဟင်္သာတမြို့ဘက်မှ    လှေအစင်းများပြီး   ဇလွန် ဘက်မှ လှေအစင်းနည်းသော်ငြားလည်း  ဇလွန်မြို့မှ ဘုရားလည်း    အစစ်အမှန်ဖြစ်၍ မြတ်စွာဘုရား ပျော်မွေ့ရာ ဘူမိနက်သန် ဇလွန်မြေသို့သာ ကြွတော် မူရန်နှင့် မြတ်စွာဘုရား နှစ်လိုဖွယ်ရှိသောအရပ်တွင် ကိန်းဝပ်တော်မူနိုင်ရေးအတွက်   သမ္မာဒေဝ နတ် ကောင်းနတ်မြတ်များ     စောင့်ရှောက်တော်မူပါရန် တိုင်တည်အဓိဋ္ဌာန်ပြုခဲ့လေသည်။ 


ဇလွန်မှ လှေ ၁၂ စင်း၊  ဟင်္သာတမြို့ကလှေ ၃၈  စင်းတို့ဖြင့် ဇလွန်လှေတို့သည်   ဇလွန်ဘက်မှသော် လည်းကောင်း၊ ဟင်္သာတကလှေတို့သည်  ဟင်္သာတ ဘက်သို့လည်းကောင်း   ဆွဲကြရာ    ဇလွန်ဘက်သို့ ပါတော်မူလေသည်။     ဟင်္သာတဘက်မှသူများက ရေစုန်ဖြစ်၍ ဇလွန်ဘက်သို့ပါသည်ဆိုပြီး   မကျေ မနပ်  ပြောဆိုကြရာ   ဇလွန်လှေတို့သည်   ဟင်္သာတ ဘက်လည်းကောင်း၊  ဟင်္သာတလှေတို့သည်   ဇလွန် ဘက်သို့ လည်းကောင်း  ပြောင်းခဲ့ပြီး အပြန်အလှန် ဆွဲကြပြန်ရာ ဇလွန်လှေများဘက်သို့သာ  ပါတော်မူ ခဲ့သည်။


ထိုကဲ့သို့       အနိုင်ရရှိသဖြင့်    မာရ်အောင်မြင် မြတ်စွာဘုရားကြီးအား    မူလကိန်းဝပ်စံပယ်တော် မူရာ   ဇလွန်မြို့သို့    ပြန်လည်ပင့်ဆောင်တော်မူခဲ့ရ သည်။ ထိုအခါမှစ၍  ရေခြားမြေခြား တိုင်းတစ်ပါးမှ မိမိကိန်းဝပ်စံပယ်တော်မူရာ           နေရင်းဒေသသို့ ပြန်လည်ကြွလာတော်မူသည်ကို     အစွဲအမှတ်ပြု၍ မာရ်အောင်မြင်ဘွဲ့အမည်မှသည်     ပြည်တော်ပြန် မြတ်စွာဘုရားဟု    ယနေ့တိုင်   ဘွဲ့အမည်ထင်ရှား ကျော်ကြားလျက် နေတော်မူလေသည်။


မြတ်စွာဘုရားကြီးအား   ဆရာတော်ကြီးများ၏ ဩဝါဒခံယူလျက် ဂေါပကအဖွဲ့ဖြင့်  စနစ်တကျ စီမံ ဆောင်ရွက်၍      သာသနာတော်စည်ပင်ဖွံ့ဖြိုး တိုးတက်ရေးအတွက်   ကြိုးပမ်းဆောင်ရွက်လျက် ရှိသည်ကို တွေ့မြင်ရပါသည်။ ဘုရားကြီးတွင်  ဘဒ္ဒန္တ နန္ဒိယ   ချောင်းကြီးကျောင်းဆရာတော်ဥက္ကဋ္ဌနှင့် ဘဒ္ဒန္တ စိန္တိတမြို့ မောင်းထောင်ကျောင်းဆရာတော် အတွင်းရေးမှူးနှင့် ဩဝါဒါစရိယ   ဆရာတော်ကြီး (၉)ပါးရှိလေသည်။ 


ကုသိုလ်ကောင်းမှု နေ့စဉ်ဆောင်ရွက်


ဘုရားကြီးအား    မျက်နှာတော်သစ်ခြင်းနှင့် ရောင်တော်ဖွင့်ခြင်းကို ၁၃၅၈ ခုနှစ်၊   ဝါဆိုလပြည့် (ဓမ္မစကြာ)နေ့ နံနက် (၄)နာရီမှစတင်၍   မျက်နှာ တော်သစ်ခြင်း၊ ရောင်တော်ဖွင့်ခြင်း ကုသိုလ်ကောင်း မှုကို နေ့စဉ်ဆောင်ရွက်ခဲ့ကြသည်။  ရောင်တော်ပွင့် ကုသိုလ်ကောင်းမှုကို ဇလွန်မြို့ပေါ်မှ   ဂန္ဓရုံကျောင်း ဆရာတော်  ဦးကောသလ္လ၊     အင်္ဂဗိုလ်ကျောင်း ဆရာတော် ဦးဝါယမိန္ဒ၊  သိစေရုံကျောင်းဆရာတော် ဦးအာစိဏ္ဏယနှင့်      မင်းကွန်းကျောင်းဆရာတော် ဦးဇေနေယျတို့က   တာဝန်ရှိ  ဂေါပကအဖွဲ့ဝင်များ၊ ပရိတ်တော်အဖွဲ့ဝင်များနှင့်အတူ အလှည့်ကျ နေ့စဉ် ရွှေဖလား၊   ရွှေသပိတ်၊   ရွှေလင်ပန်း၊   ရွှေကလပ်၊ ရွှေတံပူတို့ကို     ကျပ်သိန်းပေါင်း (၁၆၀) ခန့်ဖြင့် ၁-၁၀-၁၉၉၆ ရက်နေ့မှစ၍   အလှူခံကာ ဆောင် ရွက်လျက်ရှိပါသည်။


ဘုရားပွဲတော်ကို        နှစ်စဉ်တပေါင်းလဆန်း ၉ ရက်နေ့မှ    လပြည့်နေ့အထိ   ၇ ရက်တိုင်တိုင် ကျင်းပကြသည်။     မြို့၏   ကျက်သရေဆောင် သာသနာ့ဗိမာန်တော်ကြီးကိုလည်း  တည်ပြီးဖြစ်ရာ လွန်စွာခမ်းနားလှသည်။      


၁၃၃၆ ခုနှစ်   တပို့တွဲလဆန်း  ၂ ရက်နေ့ ညနေ  ၅  နာရီခန့်အချိန်မှစ၍       ၁၇ ရက်တိုင်တိုင် ရောင်ခြည်တော်ကွန့်မြူးခဲ့ခြင်း၊ ဒုတိယကမ္ဘာစစ် အတွင်း ဇလွန်မြို့တွင်း ဗုံးဆန်၊   အမြောက်ဆန်များ ကျရောက်ခဲ့သော်လည်း  ဘုရားကြီးနှင့် သာသနိက အဆောက်အအုံများ   လုံးဝထိမှန်မှု     မရှိခဲ့ချေ။   မှတ်တမ်းများက  ထိုမျှမကပါ။     အံ့ဩကြည်ညိုဖွယ် ရာ     တန်ခိုးတော်များနှင့်    ပြည့်စုံတော်မူသော  မာရ်အောင်မြင်    ပြည်တော်ပြန်    မြတ်စွာဘုရားကြီး အား   အခါအခွင့်သင့်ပါက သွားရောက်ဘုရားဖူးမြော် စေလိုကြောင်း      တိုက်တွန်းရေးသားလိုက်ရပါ သည်။        ။