အယ်ဒီတာ့အာဘော်
==========
ကာကွယ်ထိန်းချုပ်ရေး မဖြစ်မနေလိုက်နာ
======================
မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေဆဲဖြစ်ပြီး လက်ရှိ၌ အသက်ရှူ လမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါဖြစ်ပွားမှုအခြေအနေမှာ တန်းနေသည့် သဘောရှိသည်။ ဓာတ်ခွဲစစ်ဆေးပြီး ရောဂါပိုးတွေ့ အတည်ပြုလူနာများမှာ နေ့စဉ် တစ်ထောင်ဝန်းကျင်ရှိနေဆဲဖြစ်ပြီး သေဆုံးသူဦးရေမှာမူ လျော့ကျ လာရာ လာမည့်ရက်သတ္တပတ်ကာလများ၌ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ အကောင်းအဆိုး အကြောင်းအကျိုး ပိုမိုသိလာနိုင်မည်ဖြစ်သည်။
ယခုအခါ ကိုဗစ်-၁၉ ရောဂါ ကမ္ဘာအနှံ့ကူးစက်ဖြစ်ပွားနေမှု အခြေအနေ မှာ တစ်နှစ်ပြည့်လုကာလသို့ ရောက်ရှိနေပြီး မြန်မာနိုင်ငံနှင့်အတူ ကမ္ဘာ့နိုင်ငံ အများ ရောဂါဖြစ်ပွားမှုကို ဆက်လက်ခံနေရဆဲဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါ သည် လူသားများနှင့်အတူရှိနေပြီး ဆက်လက်၍လည်း ရှိနေဦးမည်ဖြစ်ရာ အန္တရာယ်နှင့်အတူ နေရမည်ဆိုပါက ရောဂါကာကွယ်ဆေးရရှိရေးနှင့် ကိုဗစ်- ၁၉ ရောဂါနှင့်ပတ်သက်သည့် ကျန်းမာရေးဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းများ လိုက်နာစောင့်ထိန်းရေး အထူးလိုအပ်သည်။
ယခုအခါ ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထုတ်လုပ် နိုင်ပြီဟုဆိုသော်လည်း ရေရေရာရာ တိတိကျကျ အာမခံချက် ခိုင်ခိုင်မာမာ ရှိသည့်ဆေး မတွေ့သေးပေ။ အစွမ်းထက်မြက်သည့် ကိုဗစ်-၁၉ ဆေးဝါး ထုတ်လုပ်နိုင်ရန် ကမ္ဘာ့နိုင်ငံများနှင့် ဆေးကုမ္ပဏီများက ကြိုးပမ်းအားထုတ် နေသော်လည်း ယနေ့အချိန်အထိ မည်သည့်နိုင်ငံ၊ မည်သည့်ကုမ္ပဏီတို့က ထုတ်လုပ်သောဆေးအမျိုးမျိုးတို့မှာ အလုံးစုံပြည့်စုံပြီးမြောက်ခြင်း မရှိသေး ပေ။ လက်တွေ့စမ်းသပ်သုတေသနပြုမှုများ အောင်မြင်ပြီးစီးပြီး စွမ်းရည် ထက်မြက်သည့်ဆေး ပေါ်ပေါက်လာသည့်အချိန်တွင် မြန်မာနိုင်ငံ၌လည်း ကာကွယ်ဆေးထိုးနှံရေးလုပ်ငန်းများကို စီစဉ်ဆောင်ရွက်သွားမည် ဖြစ်သည်။
ရောဂါကာကွယ်ဆေးသည် ကိုဗစ်-၁၉ ရောဂါ၏အခြေအနေ အရင်း အမြစ်ပေါ်တွင်မူတည်၍ ထုတ်လုပ်ထားခြင်းဖြစ်သော်လည်း ဖြစ်ပွားရာ နိုင်ငံအပေါ်မူတည်ပြီး ရောဂါ၏သဘောသဘာဝကွဲပြားသဖြင့် ခန့်မှန်းရခက် သည့် ပိုးတစ်မျိုးဖြစ်သည်။ ထို့ကြောင့် ကာကွယ်ဆေးအမျိုးမျိုးသည် ရာခိုင်နှုန်းပြည့်အာမခံချက်ရှိသည်ဟု မဆိုသာသဖြင့် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကိုသာမက အခြားရောဂါများပါမကျန် ကင်းဝေးနိုင်ရေး အတွက် မိမိကိုယ်မိမိ ဂရုစိုက်ဖို့သာလိုအပ်သည်။
အမှန်တကယ် အစွမ်းထက်သော ကိုဗစ်-၁၉ ဆေးပေါ်လာပါက မြန်မာနိုင်ငံအနေဖြင့် ချက်ချင်းဝယ်ယူဆောင်ရွက်ပေးသွားနိုင်ရန် စီစဉ် ထားပြီး ဝယ်ယူရေး၊ ထားသိုရေး၊ ဦးစားပေးထိုးနှံရေး စသည်တို့ကို ဘက်စုံ စီစဉ်ထားသည်ဟုသိရသည်။ ထို့အပြင် ကာကွယ်ဆေးပေါ်လာပါက အရည် အသွေးမပြည့်ဝသောဆေးများ တရားမဝင်လမ်းကြောင်းမှ ဝင်ရောက်ခြင်းနှင့် တရားမဝင်ထိုးနှံခြင်းတို့ကို တားဆီးသွားနိုင်ရန် ဆောင်ရွက်ထားသည်။ ကာကွယ်ဆေးရရှိခဲ့ပါကလည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လွှမ်းခြုံကာကွယ်ဆေးထိုးနိုင်ရန်မှာ လွယ်ကူမည်မဟုတ်ပေ။
ထို့ကြောင့် လက်ရှိဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးစည်းကမ်းများကို ဆက်လက်လိုက်နာဆောင်ရွက်မည်ဟူသည့် အရေးကြီးသောအချက်များကို ပြည်သူလူထုအတွင်း ကျယ်ကျယ်ပြန့်ပြန့် နှံ့နှံ့စပ်စပ် ထုံမွမ်းသိရှိနေအောင် ဆောင်ရွက်သွားရမည်ဖြစ်ပြီး မလိုက်နာ သူများကိုလည်း စည်းမျဉ်း၊ စည်းကမ်းဥပဒေတို့နှင့်အညီ လက်တွေ့ကျကျ ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမည်ဆိုပါက ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လက်တွေ့အောင်မြင်မည်ဖြစ်သည်။
ကိုဗစ်-၁၉ ရောဂါသည် လူစုလူဝေးစုဝေးရာများတွင် အများဆုံးဖြစ်ပွား သဖြင့် လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (COVID-19) ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ လူစုဝေးခြင်းဆိုင်ရာ ကိစ္စများကို အခြေအနေအလိုက် ပြင်ဆင်ထုတ်ပြန်အသိပေးခဲ့သည်။ ယခုအခါ စုဝေးခြင်းဆိုင်ရာတို့ကို ခြွင်းချက်သတ်မှတ်ပေးခဲ့သည့် အထွေထွေ ရွေးကောက်ပွဲများ အောင်မြင်စွာကျင်းပခဲ့ပြီးဖြစ်သော်လည်း လူစုလူဝေးများ ရှိနေသေးသည်ကို တွေ့ရှိရသည်။ ထို့ကြောင့် ယခုအချိန်သည် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနိုင်သည့်အန္တရာယ် ကြီးမားနေသည်ဖြစ်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြားချက်များကို တိကျစွာလိုက်နာရန်နှင့် ပျက်ကွက်ပါက တည်ဆဲစည်းမျဉ်း၊ စည်းကမ်း၊ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း နိုဝင်ဘာလ ၁၀ ရက်နေ့က ထပ်မံအမိန့်ထုတ်ပြန်ခဲ့သည်။
သို့ဖြစ်ရာ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ဖြစ်ပွားနေဆဲ ကာလဖြစ်၍ ကာကွယ်ဆေးမရမီ ကြားကာလတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော စည်းမျဉ်း၊ စည်းကမ်း၊ ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များကို တိကျစွာလိုက်နာကြရမည်ဖြစ်ပြီး လိုက်နာရန် ပျက်ကွက်ပါက အရေးယူအပြစ်ပေးခြင်း ခံရနိုင်ကြောင်း အသိပေးအပ်ပါသည်။ ။