ကာရာဘောင်ဖလား စတုတ္ထအဆင့် ဝက်စ်ဟမ်းနှင့် မန်စီးတီး ယှဉ်ပြိုင်ကစားမည်


 

 

ကာရာဘောင်ဖလား စတုတ္ထအဆင့်ပွဲစဉ်အဖြစ် ဝက်စ်ဟမ်းအသင်းနှင့် လက်ရှိချန်ပီယံ မန်စီးတီးအသင်းတို့ပွဲစဉ်ကို အောက်တိုဘာ ၂၈ ရက် နံနက်တွင် အကြိတ်အနယ်ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။  မန်စီးတီး အသင်းသည် ကာရာဘောင်ဖလားကို နည်းပြ ဂွါဒီယိုလာလက်ထက် တွင် 2017–18 ၊ 2018–19 ၊ 2019–20 ၊ 2020–21 လေးနှစ်ဆက် ဆွတ်ခူးရရှိထားသည်။ 
ဝက်စ်ဟမ်းအသင်းသည် ကာရာဘောင်ဖလား တတိယအဆင့်တွင် နာမည်ကြီး မန်ယူအသင်းကို လန်ဇီနီ၏ တစ်လုံးတည်းသော သွင်းဂိုး ဖြင့် အနိုင်ရရှိကာ စတုတ္ထအဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီး ပြိုင်ဘက် မန်စီးတီးအသင်းက    အဆိုပါအဆင့်တွင်   ဝိုင်ကမ်ဘီအသင်းကို ခြောက်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိကာ စတုတ္ထအဆင့်သို့ တက်ရောက် လာနိုင်ခြင်းဖြစ်သည်။           
လက်ရှိပရီမီယာလိဂ်တွင် ဝက်စ်ဟမ်းအသင်းက အဆင့် (၄) နေရာ တွင်ရှိပြီး ပြိုင်ဘက် မန်စီးတီးအသင်းက အဆင့် (၃) နေရာတွင် ရှိ သည်။ ထို့ကြောင့်   ယခုပွဲစဉ်သည် ပရီမီယာလိဂ်အသင်းအချင်းချင်း တွေ့ဆုံသည့်ပွဲစဉ်ဖြစ်သည့်အတွက်လည်းကောင်း၊ အမှတ်ပေး ဇယား အဆင့် (၃) နှင့် (၄) နေရာတွင် ရပ်တည်နေသည့် အသင်းချင်းချင်း တွေ့ဆုံနေသည့်    ပွဲစဉ်ဖြစ်သည့်အတွက်လည်းကောင်း   အကြိတ် အနယ်ရှိလာမည် ဖြစ်သည်။
ဝက်စ်ဟမ်းအသင်းအနေဖြင့် ပြိုင်ပွဲစုံ နောက်ဆုံးသုံးပွဲဆက် နိုင်ပွဲ ရရှိထားသည့်အတွက် ခြေစွမ်းအတက်ဘက်ရောက်နေသလို  မန်စီးတီး အသင်းကလည်း ပြိုင်ပွဲစုံနောက်ဆုံးသုံးပွဲဆက် အနိုင်ရရှိထားသည့် အတွက် ခြေစွမ်းထက်မြက်နေသည်။ သို့သော်လည်း အသင်းစုဖွဲ့မှုပိုင်းနှင့် စွမ်းဆောင်ရည်ပိုင်းတွင် ဝက်စ်ဟမ်းအသင်းအနေဖြင့် မန်စီးတီးအသင်း ကို မယှဉ်သာသော်လည်း  ဒေးဗစ်မိုယက်စ်အနေဖြင့်   ယနေ့ပွဲစဉ်တွင် မန်စီးတီးအသင်းကို မည်သည့် နည်းဗျူဟာအသုံးပြုပြီး ယှဉ်ပြိုင်သွား မည်ကို စောင့်ကြည့်ရမည် ဖြစ်သည်။ 
ဝက်စ်ဟမ်းအသင်းနှင့် မန်စီးတီးအသင်းတို့ နောက်ဆုံးထိပ်တိုက် တွေ့ဆုံခဲ့သည့်  သုံးကြိမ်တွင်   မန်စီးတီးအသင်းက  အသာရထားပြီး တစ်ပွဲသရေကျကာ နှစ်ပွဲအနိုင်ရရှိထားသည်။ ထို့အပြင် မန်စီးတီးအသင်း သည် ဝက်စ်ဟမ်းအသင်းထက် ခံစစ်ပိုင်းကျစ်လျစ်မှုရှိပြီး တိုက်စစ်ပိုင်း ထက်မြက်သည့်အတွက် ယနေ့ပွဲစဉ်ကို  အနိုင်ယူပြီး နောက်တစ်ဆင့်သို့ တက်လှမ်းသွားနိုင်မလားသို့မဟုတ်မန်စီးတီးအသင်းနှင့် တွေ့ဆုံတိုင်း ရလဒ်မကောင်းတတ်သည့်အစဉ်အလာကို ချိုးဖျက်ကာ ဝက်စ်ဟမ်း အသင်း  နောက်တစ်ဆင့်တက်  ရောက်သွားမလား   စိတ်ဝင်စားဖွယ် စောင့်ကြည့်ရမည် ဖြစ်သည်။    
                                 အောင်ဇော်