ကဗျာ့ဂုဏ်

Type

 

 

ကို(စစ်တက္ကသိုလ်)

 

ကဗျာသည် စကားပြေထက် ကျက်မှတ်ရန်လွယ်ကူ၏။ ကာရန်ပါ၍ အသံသာသောကြောင့် ရွတ်ဆိုမှတ်မိလွယ်သည်။ ပုံနှိပ်ဖြန့်ဝေသော အလုပ်မရှိမီကပင် အကြောင်းအရာစုံကို နှုတ်တက်ရွရွ ရွတ်ဆိုကာ ဆင့်ကမ်းယူလာကြသည်မှာ ကာရန်နှင့် အသံကြောင့်ဖြစ်၏။ 
ကျောင်းသား ကျောင်းသူတို့သည်   သင်ခန်းစာ ပို့ချချက်ကို  မှတ်မိစေရန်  ကဗျာတိုလေးများဖြင့် ကာရန်ချိတ်ဆက် ကျက်မှတ်ကြ၏။ မင်းဆက်တွေ၊ သက္ကရာဇ်တွေ၊ ပုံသေနည်းတွေ၊  ဓာတ်ငွေ့ထုတ်ပုံ တွေ၊ ဂုဏ်သတ္တိတွေ စသည်တို့သည် ကဗျာလင်္ကာတို ကလေးများအဖြစ်   ရောက်ရှိကာ  ကျောင်းသား ကျောင်းသူတို့၏ ဦး‌နှောက်ထဲတွင် တည်တံ့ကြလေ သည်။ 
တပ်မတော်သားများ  စစ်ပညာသင်ယူသောအခါ တွင်လည်း လက်နက်ငယ်နှင့် စစ်ဗျူဟာဘာသာ ရပ်တို့မှ အရေးကြီးသော သင်ခန်းစာ အချက်အလက် များ၊ ဥပဒေသများကို ကဗျာတိုကလေးများရေးဖွဲ့၍ ကျက်မှတ်ကြသည်။    ၎င်းကဗျာလေးများသည် သင်တန်းကျောင်းတွင် စာမေးပွဲဖြေရန်   အသုံးကျ သည်သာမက လက်တွေ့စစ်မြေပြင်၌   အောင်ပွဲရရန် အတွက်လည်း အသုံးချနိုင်ပေ၏။ ၎င်းစစ်သင်ခန်းစာ ကဗျာတိုကလေးများသည် ဆံဖြူသွားကျိုး  ပါးရေ နားရေတွန့်သည့်   အငြိမ်းစား   စစ်မှုထမ်းကြီးဘဝ ရောက်သည့်တိုင်အောင်   ခေါင်းထဲမှာ  စွဲငြိနေဆဲပင်။
ဓမ္မကထိက  ဆရာတော်တို့  တရားဟောသောအခါ တရားနာပရိသတ်ကို စွဲမှတ်စေလိုသော ဓမ္မအချက် အလက်များအား     လင်္ကာတိုလေးများ      စပ်၍ နှုတ်တိုက်ချပေးလေ့ရှိကြ၏။ စကားပြောဟုဆို ရမည့် တရားစကားတွင် ကဗျာလင်္ကာများ ညှပ်၍ ဟောသည်မှာ     အကြောင်းမဲ့  မဟုတ်တန်ရာ။ တစ်သက်တာ စွဲမှတ်စေလိုသောကြောင့်ဟု မှတ်ယူ ရမည်ဖြစ်၏။
ကဗျာပုံသဏ္ဌာန်ဖြင့်သယ်ဆောင်
ရဟန်းစာဆို၊  လူစာဆိုတို့၏   ဆုံးမစာများကို ယနေ့ထက်တိုင်   မှတ်မိရွတ်ဆိုနေကြသည်မှာ အကြောင်းအရာကို ကဗျာပုံသဏ္ဌာန်ဖြင့်    သယ် ဆောင်လာသောကြောင့်ဖြစ်၏။ သာဓကဆောင် ရလျှင်  ဆရာတပည့်၊ မိဘသားသမီး၊ ဇနီးခင်ပွန်း စသည်တို့၏   ကျင့်ဝတ်များကို    ကဗျာရေးဖွဲ့ ထားရစ်ခဲ့သောကြောင့်   ယနေ့ထက်တိုင်  အရှည် တည်တံ့နေရ ၏။
အကောက်ခွန်ဦးစီးဌာနက   ထုတ်ဝေသော တော်ဝင်ပန်းဂျာနယ်တစ်စောင်တွင် “ပင်လယ်ရေ ကြောင်း     အကောက်ခွန်ဥပဒေပုဒ်မများအား မှတ်သားလွယ်ကူစေရန်   အထောက်အကူအဖြစ် သံပေါက်ကဗျာများ” ဟူသော ဆောင်းပါးတစ်ပုဒ်ကို ဖတ်လိုက်ရ၏။   မှတ်ရန်ခဲယဉ်းသော   ပညာရပ် ဆိုင်ရာ ဥပဒေအချက်အလက်များကို အကောက်ခွန် ဝန်ထမ်းများ သိမှတ်လွယ်အောင်  ကဗျာဖြင့် ကူညီ ပေးသည်ဟု နားလည်ရပါ၏။
ကိုယ်တွေ့အတွေ့အကြုံ
မပြောပလောက်သော ကိုယ်တွေ့ အတွေ့အကြုံ တစ်ခုကို ရေးပြချင်ပါသည်။ ၁၉၉၃- ၁၉၉၄ ခုနှစ်က ပထမဆုံးအကြိမ် ကြည်း- လေ-သံချပ်ကာ ပူးပေါင်း စစ်ဆင်ရေး    လေ့ကျင့်ခန်းကို    မိတ္ထီလာမြို့နယ်ရှိ လေ့ကျင့်ရေးကွင်း၌  ပြုလုပ်ခဲ့သည်။ စာရေးသူတို့ ကြီးကြပ်ရေးဒိုင်အဖွဲ့သည်    မိတ္ထီလာကျောက်ပန်း တောင်းကားလမ်းပေါ်ရှိ ဇရပ်ကွင်းရွာတွင် အခြေပြု သည်။ ရွာထဲရှိ  အိမ်လွတ်တစ်ခုမှာနေကြသည်။ လေ့ကျင့်ခန်းမရှိသောရက်များတွင်  စာရေးသူအပါ အဝင် ဒိုင်လေးယောက်က   ကျောက်ပန်းတောင်း သို့သွား၍ ဂေါက်ရိုက်ကြသည်။  နှစ်ကြိမ်သုံးကြိမ် ကစားပြီးသောအခါ  ကယ်ဒီတွေ၏ စရိုက်ကို  သတိ ထားမိသည်။ ချောစုဆိုသော  ကလေးမလေးက စကားအလွန်များသည်။    ဇာခြည်က   ချောစုနှင့် ဆန့်ကျင်ဘက်။  စကားနည်းလှသည်။  ဘယ်အချိန် ကြည့်လိုက်ကြည့်လိုက် ပြုံးစိစိ မျက်နှာပေးပိုင်ရှင်မှာ တင်တင်ဝင်း ဖြစ်သည်။
တစ်နေ့    ဂေါက်ကွင်းမှအပြန်   ခေါင်းထဲမှာ ကာရန်တွေပါလာသည်။ ကားပေါ်မှာပင်   စာရေး သူက ဒွေးချိုးတစ်ပုဒ်   လက်တန်းရွတ်ဆိုပြလိုက် သည်။
“ချောစုက  သာလိကာ 
ဇာဇာက  တေမိ။ 
မိုနာရှုံးလောက်အောင် 
အပြုံးရှင် တင်တင်ဝင်းရယ် 
မင်းညှို့နိုင်ဘိ။
သူငယ်ချင်းတွေ သဘောကျသွားသည်။ ကဗျာ ကို   ထပ်ခါထပ်ခါ  ရွတ်ဆိုကြသည်။ ဇရပ်ကွင်း ရောက်တော့လည်း ပြီးပြီးပျောက်ပျောက်  ဖြစ်သွား သည်။
မမျှော်လင့်ဘဲပြန်ဆုံ
၂၀၁၆ ခုနှစ်တွင်  ပန်းဆိုးတန်းလမ်း၊ မြန်မာ့ စီးပွားရေးဘဏ်    ဘဏ်ခွဲ(၁)၌    ကစားဖော် တစ်ယောက်နှင့်   မမျှော်လင့်ဘဲ    ပြန်ဆုံသည်။ လေ့ကျင့်ခန်းပြီးကတည်းက  ထိုအချိန်မှ ပြန်တွေ့ ခြင်းဖြစ်သည်။ နှစ်အကြာကြီး ကွဲနေသော မိတ်ဆွေ ချင်း  ပြန်တွေ့ရာတွင် ပြုရိုးထုံးစံဖြစ်သော ပဋိသန္ဓာရ စကားဖြင့် နှုတ်မဆက်။ မျက်နှာပြုံးဖြဲဖြဲနှင့် “ချောစု က သာလိကာ၊ ဇာဇာကတေမိ” ဟူသော ကဗျာကို ရွတ်ဆို၍ နှုတ်ဆက်လေ၏။  ကျွန်တော်တို့ မတွေ့ ကြတာ ၁၉၉၃ ခုနှစ်မှ ၂၀၁၆ အထိ ၂၃ နှစ်ရှိပါပြီ။ ဂေါက်ကွင်းကယ်ဒီကဗျာကို သူမမေ့သေးပါတကား။
ပညာစမ်းရင်း  ကဗျာကမ်းသော   ရှေးခေတ်က ဖြစ်ရပ်လေး တစ်ကွက်ကို နောက်ဆုံးတင်ပြလိုပါ သည်။ တစ်နေ့တွင် စစ်ကိုင်းဘက်မှ အင်းဝဘက် ကမ်းသို့  ဖိုးသူတော်ဦးမင်းနှင့် လူဦးမင်းတို့လှေငယ် တစ်စင်းဖြင့် ကူးလာ၏။  ဧရာဝတီမြစ်လယ်အရောက် တွင်  ငါးတစ်ကောင်သည် ခုန်ပျံမြူးထူးရင်း လှေဝမ်း ထဲသို့ ကျလာ၏။  ထိုအခါ    စာဆိုတစ်ယောက်က
“နိဗ္ဗာန်ကိုရွယ်၊
ကယ်ပါတော့လား” ဟု   ဒွေးချိုးအခံပိုဒ်ကို လက်တန်းစပ်ဆိုလိုက်သည်။ နောက်တစ်ယောက်က ဘယ်လိုစပ်မှာလဲဟု     ပညာစမ်းသည့်အနေဖြင့် အအုပ်ပိုဒ်ကို တမင်ချန်ထားခဲ့သည်။ ကျန်စာဆို ကလည်း ချက်ချင်းပင်....
“ရေလယ်မှာ တစ်ကောင်ထဲ
ဖော်ကွဲတဲ့ငါး”ဟု   အုပ်လိုက်ပြီး    ငါးကိုရေထဲ ပြန်လွှတ်ပေးလိုက်လေသည်။ စပ်နည်းမှန်၊ ကာရန် မိမိ၊ အဓိပ္ပာယ်ရှိရှိဖြင့် လက်တန်းဆိုလိုက်ခြင်း ဖြစ်သည်။ အခံပိုဒ်စာဆိုက “ နိဗ္ဗာန်ရောက်ချင်လျှင် (ဒီငါးကလေးကို) ကယ်လိုက်ပါလား” ဟုဆိုထားနှင့် သောကြောင့် မြစ်လယ်ကောင်တွင်  အဖော်တွေနှင့် ကွဲပြီးရောက်လာသော   တစ်ကောင်တည်းသော ငါးကလေးကို သူ့လက်ဖြင့်  ကောက်ယူပြီး ရေထဲ ကိုပင် ပြန်လွှတ်ပေးလိုက်ပါသေးသည်။ နှစ်ပိုဒ်ပေါင်း ၍ အဓိပ္ပာယ်လည်း ပြည့်စုံသွားလေသည်။
ကဗျာ၏  အရည်အချင်း၊  အစွမ်းသတ္တိ
ကာရန်ကဗျာမဟုတ်ဘဲ။ “ဟ၊ ငါးတစ်ကောင် ကျလာတယ်ကွ၊ မင်းကုသိုလ်ရချင်ရင် ကယ်လိုက်ပါ ကွာ”  ဟုတစ်ယောက်က    ပြောမည်။ နောက် တစ်ယောက်က “အေး- ကယ်လိုက်ပြီဟေ့၊ နင့် တစ်ခါလွှတ် ငါ့ဆယ်ခါလွှတ်” ဟူသော ကာရန်မပါ သည့် စကားများပြောဆိုခဲ့လျှင်  ၎င်းဖြစ်ရပ်သည် လှေသမားနားတွင်   ပြောစမှတ်မတွင်ဘဲ   မေ့မေ့ ပျောက်ပျောက် ဖြစ်သွားမည်ကား မုချပင်။
ယခုမူ ကာရန်ပါ၍ အသံသာသော   ဒွေးချိုး ကဗျာလေးနှင့်  အပြန်အလှန်  ပညာစမ်းကြသဖြင့် မှတ်ရသားရလွယ်ကူပြီး မျိုးဆက်တွေ လက်ဆင့် ကမ်း  သယ်လာနိုင်ကြကာ   အင်းဝခေတ်မှသည် ယနေ့တိုင်အောင် နှစ်ပေါင်းရာချီ  တည်တံ့မနေပါ လော။  ထို့ကြောင့် ကာရန်နှင့်အသံသည်   ကဗျာ၏   အရည်အချင်း၊  အစွမ်းသတ္တိဖြစ်ပါသည်။    ကဗျာတွင် ဤဂုဏ်ရှိနေပါသည်။    ။