
ကို (စစ်တက္ကသိုလ်)
==============
စာပေအကဲဖြတ်ဒိုင်ဖြစ်၍ (၇၃)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် စာပေပြိုင်ပွဲ ဆုပေးပွဲသို့ တက်ရောက်ခွင့်ရခဲ့သည်။ ကဗျာတို၊ ကဗျာရှည်ဆုရသူ ၁၀ ဦးအနက် နှစ်ဦးသာ လူလတ် ပိုင်းဖြစ်၍ ကျန်ကဗျာဆုရသူများမှာ အသက် အရွယ်ကြီးရင့်သူများဖြစ်ကြောင်း ဆုနှင်းသဘင် အခမ်းအနားတွင် တွေ့မြင်ရ၏။ တစ်ဖန် ၈-၄-၂၀၁၈ ရက်နေ့က ကျင်းပခဲ့သော စိမ်းလန်းရွှေပြည် စာပေပြိုင်ပွဲ၌ စာမူနှင့်စာအုပ် ကဗျာဆုရသူတို့မှာ လူလတ်ပိုင်းနှင့် လူကြီးပိုင်းဝင်စပြုနေသူများ ဖြစ်ကြောင်း တွေ့ရပြန်၏။ ထို့ကြောင့် ဂန္ထဝင် ကဗျာစပ်နည်းသည် လူငယ်များကြားသို့ မှန်မှန်ကန်ကန်နှင့် ကျယ်ကျယ်ပြန့်ပြန့်ရောက် ကြပါရဲ့လား၊ အထိုက်အလျောက်ရေးတတ် စပ်တတ်သူတို့အတွက် ကဗျာလေ့ကျင့်ရေးကွင်းက နည်းပါးနေသလား၊ ဒါကြောင့် လက်ရည်တက် မလာကြတာလား၊ စဉ်းစားသုံးသပ်ဖွယ်ဖြစ်သည်။ ဂန္ထဝင်ကဗျာမျိုးဆက် ပြတ်မသွားအောင် အခြေ ခံကျကျ မည်သို့ဆောင်ရွက်သင့်သည်ကို အဖြေ ရှာကြည့်မိသည်။
ယဉ်ကျေးမှု၏ကျယ်ပြန့်ပုံ
လူသားတို့မွေးဖွားသည်မှ သေဆုံးသည်အထိ ပြုလုပ်ခဲ့သမျှအရာဝတ္ထုတို့သည် ယဉ်ကျေးမှု ဖြစ်ကြောင်း မြန်မာ့ယဉ်ကျေးမှုထိန်းသိမ်းစောင့် ရှောက်ရေးကို တစိုက်မတ်မတ် ဆောင်ရွက် နေသော အမျိုးသမီးကြီးတစ်ဦးက ရေဒီယို အင်တာဗျူးတစ်ခုတွင် ပြောခဲ့ဖူး၏။ ကလေးသိပ်သော ပုခက်သည်ပင် ယဉ်ကျေးမှုပစ္စည်းပါဟု သူကဆို သည်။ ထိတွေ့၍ရသောယဉ်ကျေးမှုနှင့် ထိတွေ့၍ မရသော ယဉ်ကျေးမှုတို့ကို ရှင်းပြသည်။ ထို့ကြောင့် ယဉ်ကျေးမှု၏ကျယ်ပြန့်ပုံကို သဘောပေါက် လိုက်ပါသည်။
ပုဂံခေတ်မှစ၍ စာဆိုပညာရှင်တို့ တီထွင် ဖန်တီးထားရစ်ခဲ့သော ကာရန်၊ အသံနှင့် စပ်နည်းပါ သည့်ကဗျာသည် ယဉ်ကျေးမှုပစ္စည်းဖြစ်၏။ ရိုးရာ အမွေအနှစ်လည်းဖြစ်၏။ ထို့အတူ သုတ၊ ရသ စာပေများလည်း ယဉ်ကျေးမှုတွင် အကျုံးဝင်၏။ ကျောင်းတွင်စာပေသင်ကြားခြင်း၊ ပြည်သူကို အသိပေးပြန်ကြားခြင်း စသည့်စာပေအသုံးချမှုပုံစံ သည်ကား တစ်မျိုးဖြစ်သည်။
ယဉ်ကျေးမှုအမွေအနှစ်ဟု ဆိုလိုက်သည်နှင့် ထိန်းသိမ်းစောင့်ရှောက်ရန် တာဝန်ရှိလာပြီ။ ယဉ်ကျေးမှုတန်ဖိုးကို သိသူများက ဤတာဝန်ကို လိုလိုလားလားလက်ခံကြသည်။ ဤတာဝန်ကို ထမ်းဆောင်ရာတွင် ပုဂ္ဂလိကထက် အစိုးရက ထိရောက်စွာ ဆောင်ရွက်ပေးနိုင်သည်။
NLD အစိုးရမှလွဲ၍ ကျန်အစိုးရများသည် “အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေးနှင့် ယဉ်ကျေး မှုအမွေအနှစ်များ၊ အမျိုးသားရေးလက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး ဦးတည်ချက် ချမှတ်ကျင့်သုံးခဲ့ကြ၏။ အကောင် အထည်ဖော်သည့်အပိုင်းတွင် အစဉ်အလာမပျက် ကျင်းပသော စာပေဗိမာန်စာမူပြိုင်ပွဲ၊ အမျိုးသား စာပေဆုပြိုင်ပွဲတို့အပြင် အမျိုးသားရေး ဆောင်ပုဒ်များကို အကောင်အထည်ဖော်သည့် စာပေနှင့်ဓာတ်ပုံပြိုင်ပွဲ၊ တပ်မတော်နေ့အထိမ်း အမှတ် စာပေနှင့်အနုပညာပြိုင်ပွဲ၊ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများကိုလည်း ကျင်းပပေး၍ ယဉ်ကျေးမှုတက္ကသိုလ်များကို တည်ထောင်ဖွင့်လှစ် ပေးခဲ့သည်။ စာပေသာမက ပန်းချီ၊ ပန်းပု၊ ဓာတ်ပုံ၊ အဆို၊ အက၊ အရေး၊ အတီး၊ သဘင်ယဉ်ကျေးမှု အနုပညာစုံ ဖွံ့ဖြိုးတိုးတက်အောင် အားပေးချီး မြှောက်ခဲ့သည်။ အထက်ပါ စာပေပြိုင်ပွဲများတွင် ဂန္ထဝင်ကဗျာပါဝင်၏။
ပုဂ္ဂလိကစာပေပြိုင်ပွဲ ဒါဇင်ဝက်ခန့်ရှိသည့် အနက် ဂန္ထဝင်ကဗျာခေါင်းစဉ်ဖြင့် ထည့်သွင်းခေါ်သော ပြိုင်ပွဲဟူ၍ ပခုက္ကူဦးအုံးဖေ စာမူပြိုင်ပွဲတစ်ခုသာ ရှိခဲ့သည်။ သို့ရာတွင် ၂၀၁၆ ခုနှစ်အတွက် အမျိုးသား စာပေဆုတွင် ခေတ်ပေါ်ကဗျာကိုလည်း ယှဉ်ပြိုင်ခွင့် ပြုလိုက်သောအခါ သဘောသဘာဝမတူသော ဂန္ထဝင်ကဗျာနှင့် ခေတ်ပေါ်ကဗျာတို့ကို တစ်ဆုစီခွဲ ပေးရန် အကျိုးသင့်အကြောင်းသင့် တင်ပြကြသော် လည်း ထိုစဉ်က ပြန်ကြားရေးဝန်ကြီးဌာနက တစ်ခု တည်းရောနှောပေးခဲ့သဖြင့် ခေတ်ပေါ်ကဗျာစာအုပ် က ဆုရသွားသောကြောင့် ဂန္ထဝင်ကဗျာ၏ မှေးမှိန် သွားသောအနာဂတ်ကို အရောင်ပြန်တင်ပေးရန် အလို့ငှာ စိမ်းလန်းရွှေပြည်ပုဂ္ဂလိကစာပေပြိုင်ပွဲ တစ်ခု ၂၀၁၈ ခုနှစ်တွင် ပေါ်ပေါက်လာသည်။
အခြေခံလိုအပ်ချက်
ယဉ်ကျေးမှုအမွေအနှစ်ဖြစ်သော ဂန္ထဝင်ကဗျာ ရှင်သန်ရေးနှင့် ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် ပြိုင်ပွဲသည် လိုအပ်ချက်တစ်ခုမှန်သော်လည်း အခြေ ခံမကျပေ။ အရည်အချင်းပြည့်ဝသော ယှဉ်ပြိုင်သူ ကင်းမဲ့လျှင် ပြိုင်ပွဲကျင်းပရကျိုး မနပ်ချေ။ ထို့ကြောင့် ကဗျာစပ်နည်း သင်ကြားလေ့ကျင့်ပေးရေးသည် အခြေခံလိုအပ်ချက်ဖြစ်၏။
မြန်မာနိုင်ငံ စာရေးဆရာများအသင်းဗဟိုက နှစ်စဉ် စာရေးနည်းသင်တန်း ဖွင့်လှစ်ပို့ချရာတွင် ကဗျာစပ်နည်းဘာသာရပ်ပါ၏။ မြို့နယ်စာရေးဆရာ အသင်းအချို့ကလည်း ကဗျာစပ်နည်းသင်တန်း ပြုလုပ်ပေးကြသည်။ ယဉ်ကျေးမှုတက္ကသိုလ်သဘင် ဌာန၏ သင်ရိုးညွှန်းတမ်းတွင် သဘင်နှင့်ဆက်စပ်မှု ရှိသော ဂန္ထဝင်ကဗျာကို သင်ကြားပေးကြောင်း သိရသည်။ ဤသင်တန်းမျှနှင့် နိုင်ငံတစ်ဝန်းရှိ ဝါသနာရှင်များကို မလွှမ်းခြုံနိုင်ချေ။
တစ်ဖက်တွင် မိမိဘာသာလေ့လာဆည်းပူးရန် ကဗျာစပ်နည်းစာအုပ်များ လှိုင်လှိုင်ရှိဖို့ လိုအပ်ပြန်၏။ ရှေးရှေးက ထုတ်ဝေခဲ့သော ကဗျာစပ်နည်းစာအုပ် များ၊ ကျောင်းသုံးပြဋ္ဌာန်းခဲ့သော ကဗျာစပ်နည်းစာအုပ် များသည် ရွှေထက်ရှားနေ၏။ မျက်မှောက်ခေတ် ကဗျာဆရာတို့ ရေးသားထုတ်ဝေသော ကဗျာစပ်နည်း စာအုပ်အချို့သာလျှင် ရှားရှားပါးပါးရှိနေပါတော့၏။ ကဝိဘာရတီကျမ်းကဲ့သို့သော ကဗျာကျမ်း၊ ကဗျာ မှီငြမ်းစာအုပ်များကို မျက်မှောက်ခေတ် စာပေတိုက် တစ်ခုက ပြန်လည်ရိုက်နှိပ်ထုတ်ဝေသဖြင့် ၎င်းတိုက် ပိုင်ရှင်ကို ကျေးဇူးတင်ရပါသည်။
တစ်ခေတ်တစ်ခါက ၁၉၈၀ ပြည့်နှစ်ကျော်ခန့်က ဟု ထင်ပါသည်။ မြန်မာကဗျာဖွဲ့နည်းစာအုပ်ကို ပြုစုပြဋ္ဌာန်း၍ အခြေခံပညာအထက်တန်းတွင် သင်ကြားပေးခဲ့ဖူးသည်။ စိတ်ကြိုက်မြန်မာစာ သင်ကြားခြင်း၏ ရည်မှန်းချက်ကို (၁)မြန်မာစာပေ တိုးတက်မှုအစဉ်ကို သိရှိစေရန်၊ (၂)စကားပြေ ကဗျာတို့ကို ဝေဖန်အကဲဖြတ်နိုင်စေရန်၊ (၃)အရေး အသားကျွမ်းကျင်တတ်မြောက်စေရန်၊ (၄)မြန်မာဝေါ ဟာရများကို ပိုင်နိုင်စွာ သုံးတတ်စေရန်၊ (၅)မြန်မာ့ ယဉ်ကျေးမှုဓလေ့ထုံးစံများကို အလေးထားတတ်စေ ရန်ဟု စာအုပ်တွင်ဖော်ပြထားသည်။
တန်းမြင့်ကဗျာဖွဲ့နည်းကျမ်း
ထိုထက်စော၍ ၁၉၅၅၊ ၁၉၅၇ ခုနှစ်တို့တွင် ဖျာပုံမြို့ နိုင်ငံတော်အစိုးရ တန်းမြင့်ကျောင်း၊ အထက် တန်း မြန်မာစာပြဆရာကြီး ဦးဘိုးငွေက ‘တန်းမြင့် ကဗျာဖွဲ့နည်းကျမ်း’ စာအုပ်ကို စီရင်ရေးသားခဲ့သည်။ ဆရာကြီး၏ ကျမ်းဦးစကားတွင် ‘အမျိုးသားကျောင်း များ၊ ထို့နောက် အစိုးရအင်္ဂလိပ်ကျောင်းများနှင့် မြန်မာစာသင်ကျောင်းများ၌ ကဗျာလင်္ကာရေးနည်း စပ်နည်းများကို အသင့်အတင့်လိုက်နာသင်ကြား ရကြောင်း’ ဖော်ပြထားသည်။ ဆရာကြီးက ဆက်လက်၍...
“ယခုခေတ်တွင် စပ်နည်းကာရန် ဝါကျမမှန် ကဗျာမပီ စာမညီသည့် အရေးအသားတို့ကို တွေ့မြင် ဖတ်ရှုရပေသည်။ ထို့ကြောင့် နည်းနာနိဿယ မှန်ကန်ကျနစေရန် ရည်သန်၍ ရှေးရှေးပညာရှိကြီး များ ရေးသားထားသည့် ကဗျာရေးနည်းကျမ်းဂန် များမှ ကောင်းနိုးရာရာ ရွေးထုတ်၍လည်းကောင်း၊ မြန်မာစာသင်ရိုးညွှန်းတမ်း၏ အလိုနှင့်အညီလည်း ကောင်း ဤ‘တန်းမြင့်ကဗျာဖွဲ့နည်းကျမ်း’ကို စီရင် ရေးသားထားပါသည်။ ပညာလိုလားအမျိုးသားတို့ သည် ကြိုးစား၍ မိမိတို့၏အမွေအနှစ် မြန်မာ့ပညာ ကဗျာစာပေကြီး တိမ်ကောပပျောက်မသွားအောင် ကဗျာပဒေသနည်း အရေးအသားတို့ဖြင့် လေ့လာ စီကုံးစပ်ဆိုကြရန် တိုက်တွန်းလိုက်ပါကြောင်း” ဟူ၍ရေးသားထားပေသည်။
ယခင်က အစိုးရစာသင်ကျောင်းတွင် ကဗျာ စပ်နည်း အသင့်အတင့်သင်ပေးသောကြောင့် ကျောင်းသားများသည် လေးလုံးစပ်လင်္ကာ၊ အချိုး ကဗျာ၊ အချင်းကဗျာရေးစပ်တတ်ကြသည်။ ကဗျာနှင့် ရင်းနှီးကျွမ်းဝင်ကြသည်။ ကျောင်းမနေသူတို့လည်း စိတ်ပါဝင်စားလျှင် နီးစပ်ရာကျောင်းသားတို့ထံမှ လေ့လာဆည်းပူးတတ်မြောက်နိုင်သော အခွင့်အရေး ရရှိကြသည်။ ဤသို့ ပြဋ္ဌာန်းသင်ကြားပေးခြင်းမှာ ကဗျာဖြင့် အသက်မွေးဝမ်းကျောင်းပြုကြစေရန် မရည်ရွယ်ချေ။ အထက်တွင် တင်ပြသကဲ့သို့ ယဉ်ကျေးမှုအမွေအနှစ်ကို တန်ဖိုးထား၍ ချစ်မြတ်နိုးလာစေရန် ဖြစ်သည်။ အဓွန့်ရှည်အောင် ထိန်းသိမ်းစောင့်ရှောက်လာစေရန် ဖြစ်သည်။ မြန်မာကဗျာမှတစ်ဆင့် မြန်မာ့ဓလေ့၊ မြန်မာလူမျိုး၊ မြန်မာပြည်ကို ချစ်တတ်လာစေရန်ဖြစ်သည်။ ဆရာကြီးဇေယျက “ကဗျာပျောက်လျှင် လူမျိုး ပျောက်မည်” ဟု သတိပေးခဲ့သည်။ ကဗျာကို လေ့လာခြင်းသည် မြန်မာ့လူမှုဘဝ၊ မြန်မာ့ဓလေ့ထုံး တမ်း၊ မြန်မာ့ယဉ်ကျေးမှု၊ မြန်မာ့သမိုင်းကို လေ့လာခြင်းဖြစ်သည်ဟု ဆရာကြီး ဦးလေးမြိုင်ကို သွားရောက်ကန်တော့စဉ်က ဆရာကြီးက ဩဝါဒပေးခဲ့ဖူးသည်။ လေ့လာစူးစမ်းကြည့်ပါလျှင် လူတို့သည် မွေးဖွားသည်မှ ကွယ်လွန်သည်အထိ ဂန္ထဝင်ကဗျာနှင့် မကင်းနိုင်သည်ကို တွေ့ရ သည်။
ကျောင်းတွင် ကဗျာစပ်နည်းသင်ကြားပေး သည့် အကျိုးကျေးဇူးကြောင့် ဂန္ထဝင်ကဗျာ စပ်တတ်သူများ အမြောက်အမြားရှိလာသည်။ အရိုး ပေါ် အရွက်မဖုံးစေသော တီထွင်ဆန်းသစ်ဖွဲ့ဆိုမှုများကိုပင် တွေ့ရှိလာရသည်။ မဂ္ဂဇင်းအယ်ဒီတာ တိုင်းက ဂန္ထဝင်ကဗျာကို ကောင်းစွာတည်းဖြတ်နိုင် ကြသည်။ မဂ္ဂဇင်းတိုင်းက ဂန္ထဝင်ကဗျာကို ရှေ့တန်း တင်ဖော်ပြကြသည့်အပြင် နောက်ပိုင်း အဖြည့် ကဗျာဟူ၍လည်းကောင်း၊ ကဗျာလက်သင်တို့ အတွက် ကဗျာကဏ္ဍများ သီးသန့်ဖွင့်လှစ်၍လည်း ကောင်း ဖော်ပြလာကြသည်။ ဂန္ထဝင်ကဗျာ၏ ရွှေခေတ်တည်း။
အမိုက်မှောင်ဖုံးသော ကဗျာခေတ်ကြီး
ယနေ့ကဗျာပြိုင်ပွဲများတွင် ဆုများဆွတ်ခူး ရရှိကြသော ကဗျာဆရာကြီးများမှာ ကဗျာစပ်နည်း သင်သောခေတ်ကို မီခဲ့သူများဖြစ်သည်။ မဂ္ဂဇင်း အစောင်စောင်တွင် လက်ရည်သွေးခွင့်ရရှိခဲ့ကြသူများဖြစ်သည်။ ယနေ့ကဗျာဝါသနာရှင် လူငယ်များ သည် ဤအခွင့်အရေးကို မရရှာကြပါ။ ကဗျာစပ် နည်းသင်ခန်းစာသည် သင်ရိုးညွှန်းတမ်းမှ ပျောက် ကွယ်သွားသည်မှာ အတန်ကြာပြီ။ ဂန္ထဝင်ကဗျာ လက်ရည်သွေးနိုင်မည့် မဂ္ဂဇင်းမှာ လက်ချိုးရေတွက် ၍ရအောင်ပင် နည်းပါးသွားပြီး အများစုက နေရာ မပေးတော့ချေ။ ဒီကြားထဲ ကဗျာပေါင်းချုပ် အမျိုး သားစာပေဆုရဖို့ဆိုသည်မှာလည်း အပြိုင်အဆိုင် လုယူရမည့်သဘောမို့ မသေချာမရေရာချေ။ အမိုက် မှောင်ဖုံးသော ကဗျာခေတ်ကြီးပေတကား။
မဂ္ဂဇင်းများတွင် ဂန္ထဝင်ကဗျာနေရာ ပျောက် ဆုံးမှုနှင့်ပတ်သက်၍ အမြင်ကိုယ်စီဖြင့် မှတ်ချက် ပြုကြသည်။ အပြောအများဆုံးမှာဂန္ထဝင်ကဗျာကို မရေးကြတော့ဘူး၊ မဂ္ဂဇင်းတွေမှာ မပါတော့ဘူး၊ဂန္ထဝင်ကဗျာ၏ကျဆုံးခန်းဟု မြိန်ရေယှက်ရေပြော ကြသည်။ ကျွန်တော်က ဤသို့မယူဆပေ။ ဂန္ထဝင် ကဗျာသမားများ အများကြီးရှိနေကြပါသည်။ တင်စားပြောဆိုရလျှင် မိုးကောင်ကင်မှ ကြယ်များ တမျှဖြစ်သည်။ ပုံနှိပ်မီဒီယာတွင် သူတို့တိုးမပေါက် သော်လည်း အယ်ဒီတာမရှိသော ထုတ်ဝေသူ မပတ်သက်သည့် အွန်လိုင်းပေါ်တွင် သူတို့အနမတဂ္ဂ ရှိနေကြသည်။ ကဗျာများရေးနေကြသည်။ ကဗျာ များ တင်နေကြသည်။ ကဗျာများသင်နေကြသည်။ နယ်တွင် အဖွဲ့အချို့က ပြိုင်ပွဲလုပ်ကြပြီး ရန်ကုန်မှ ဝါရင့်ကဗျာဆရာများကို အကဲဖြတ်ရန် ဖိတ်ခေါ် ကြောင်း ကြားသိရသည်။
ဂန္ထဝင်အင်အားကို ပြသလိုက်သည့် ထင်ရှား သောသာဓကမှာ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလအတွင်း က ယခင်ပြန်ကြားရေးဝန်ကြီးဌာန၏ လမ်းညွှန်မှု ဖြင့် စာပေအသင်း ၁၁ ဖွဲ့စုပေါင်း၍ ပြုလုပ်သော စာပေညီလာခံကြီး၌ ကဗျာပေါင်းချုပ်အမျိုးသားစာပေဆုနှင့်ပတ်သက်၍ ဆန္ဒသဘောထားရယူ သော အစီအစဉ်ဖြစ်သည်။ အစီအစဉ်တွင် နှစ်မျိုး မဲခွဲခဲ့သည်။ ပထမတစ်မျိုးမှာ ‘ကဗျာပေါင်းချုပ် ဆုကို ဂန္ထဝင်ကဗျာနှင့် ခေတ်ပေါ်ကဗျာနှစ်ခု အတွက် တစ်ဆုတည်းပေးရန်’ အဆို(မှတ်ချက်။ နောက်ဆုံးကျင့်သုံးခဲ့သည့်အတိုင်း) ကို မဲခွဲရာတွင် ထောက်ခံမဲ ၆၇ မဲနှင့် ကန့်ကွက်မဲ ၂၉၇ မဲရရှိခဲ့၏။ ဒုတိယတစ်မျိုးမှာ ‘ကဗျာပေါင်းချုပ်ဆုကို ဂန္ထဝင် ကဗျာတစ်ဆု၊ ခေတ်ပေါ်ကဗျာတစ်ဆု ပေါင်း နှစ်ဆုပေးရန်’ အဆိုကို ထောက်ခံမဲ ၃၂၈ မဲနှင့် ကန့်ကွက်မဲ ၁၉ မဲရှိခဲ့သည်။ နှစ်မျိုးစလုံးတွင် ဂန္ထဝင်ကဗျာသမားတို့၏ အင်အားကို အထင် အရှားပြသနိုင်ခဲ့သည်။ သို့ရာတွင် ညီလာခံ ဆုံးဖြတ်ချက်ကို အကောင်အထည် မဖော်ပေး ခဲ့ချေ။
ဆိုလိုသည်မှာ မဂ္ဂဇင်း၊ သတင်းစာအချို့တွင် ဂန္ထဝင်ကဗျာများမပါသည်မှာ ဂန္ထဝင်ကဗျာအင်အား များ လျော့နည်းသွားသောကြောင့်မဟုတ်၊ ဂန္ထဝင် ကဗျာ ကျဆုံးသွားသောကြောင့်မဟုတ် နေရာမပေး သောကြောင့်ဟု ဆိုလိုသည်။ မဂ္ဂဇင်း၊ သတင်းစာများ ကသာ ဂန္ထဝင်တံခါးကို ဖွင့်ပေးပါလျှင် ကဗျာများ ဝါးလုံးထိုး စီးဝင်လာလိမ့်မည်ဟု ယုံကြည် သည်။
ဂန္ထဝင်ကဗျာတံခါးကို ပိတ်ထားခြင်းမှာ တချို့ က တမင်မသုံးချင်သော တိုက်ပိုင်မူအရ ဖြစ်သည်။ တချို့ကျတော့ ထုတ်ဝေသူက မပြောသော်လည်း အယ်ဒီတာက ဂန္ထဝင်ကဗျာကို တည်းဖြတ်ရန် မနိုင် နင်းသောကြောင့် ဖြစ်သည်။ ဂန္ထဝင်ကဗျာစပ်ထုံး စပ်နည်းနှင့် အကျွမ်းမဝင်သဖြင့် အထူးတလည် တည်း ဖြတ်စရာမလိုသော ကဗျာကိုသာသုံးရကြောင်း အယ်ဒီတာတစ်ယောက်က ပြောဖူးသည်။ ဂန္ထဝင် ကဗျာကို ကျောင်းစာတွင် မသင်တော့သောဂယက် သည် ကဗျာရေးချင်သူကိုသာမက တည်းဖြတ်မည့်သူ အထိ ရိုက်ခတ်မည်ကား သံသယရှိဖွယ်မလိုပေ။
၂၅-၈-၂၀၁၇ ရက်က “ ယဉ်ကျေးမှုအမွေအနှစ် ဖြစ်သော မြန်မာဂန္ထဝင်ကဗျာ ရေရှည်တည်တံ့ ခိုင်မြဲရေး” အလုပ်ရုံဆွေးနွေးပွဲကို မြဝတီမီဒီယာ ဂရုက ပြုလုပ်ခဲ့သည်။ အဖွဲ့များခွဲ၍ ဆွေးနွေးကြ ရာတွင် အကြံပြုချက်များစွာ ရရှိခဲ့သည်။ ၎င်းတို့ အနက် ဂန္ထဝင်ကဗျာစပ်နည်းကို ကျောင်းတွင် သင်ကြားရန်လည်း ပါဝင်သည်။ စာသင်ကျောင်း သည် လူငယ်တိုင်းနီးပါး ဖြတ်သန်းရမည့်နေရာဖြစ် သောကြောင့် ထိရောက်မှုရှိမည်ကား သေချာ သည်။
ထို့ကြောင့် ယဉ်ကျေးမှုအမွေအနှစ်ဖြစ်သော ဂန္ထဝင်ကဗျာကို ထိန်းသိမ်းစောင့်ရှောက်ရေးတွင် တစ်နိုင်ငံလုံး ပျံ့နှံ့စေသော ကဗျာစပ်နည်းသင်ပေး ခြင်းသည် အခြေခံကျသော ဖြေရှင်းနည်းဟုမြင်၏။ တစ်ပြိုင်နက်တည်းမှာပင် ကဗျာစပ်နည်းစာအုပ် များကို တိုတို၊ ထိထိနှင့် တန်ဖိုးမများစေဘဲ ထုတ်ဝေပေးနိုင်ရပါမည်။ ကဗျာပြိုင်ပွဲများကိုလည်း ဆက်လက်ကျင်းပပေးနေရမည် ဖြစ်သည်။ ဖြစ်နိုင် လျှင် လူသစ်တန်းနှင့် အလွတ်တန်းဟု ခွဲပေးလျှင် လက်ဟောင်းကြီးများကို ကျော်မတက်နိုင်သော လက်သစ်ကလေးများအတွက် အားတက်ဖွယ်ဖြစ် လိမ့်မည်။ ဂန္ထဝင်ကဗျာ ဟောပြောပွဲ၊ ဆွေးနွေးပွဲ၊ ရွတ်ဆိုပွဲများလည်း အမျှင်မပြတ်ရှိနေကြမည် ဆိုပါလျှင်…။ ။
- Log in to post comments