
အောင်ဇေယျ
CDM ဆန္ဒပြမှုတွေ နေရာအချို့တွင် ရှိနေသည်။ မြင်ကွင်းတစ်ခု သတိပြုမိသည်။ လက်ကိုင်ဆိုင်းဘုတ်ငယ်များသည် စက်ရုံမှ ထုတ်လိုက်သော ကုန်ပစ္စည်းကဲ့သို့ သေသပ်၏။ ပုံစံတူ၏။ ရုပ်ပုံနှင့် စာသားများမှာ ရေးဆွဲမဟုတ်ဘဲ ပုံနှိပ်ဖြစ်၏။ အင်္ဂလိပ်စာ ဆိုင်းဘုတ် တွေလည်းပါ၏။ နေရာတိုင်းမှာ ပုံစံတူတွေချည်း ဖြစ်နေသောကြောင့် လည်းကောင်း၊ လူတိုင်းကိုယ်စီ ကိုင်လာကြသောကြောင့်လည်း ကောင်း mass production မှန်းသိသာ၏။ မီးပွိုင့်တွင်ကားရပ်စဉ် ဘေးဘီသို့ကြည့်မိရာ ဆိုင်းဘုတ်ငယ်တွေ လိုက်ဝေနေသော မိန်းမ တစ်ယောက်ကို မြင်ရ၏။ ကောက်ချက်ချရသော် ငွေကြေးဖောဖော သီသီ သုံးနိုင်ပြီး ၈၈ တုန်းက BBC, VOA က အသံလွှင့် လမ်းကြောင်း ပေးသကဲ့သို့ ဆိုင်းဘုတ်ပါ အကြောင်းအရာများဖြင့် ပြည်သူကို နားသွင်းလမ်းကြောင်းပေးနေသော အဖွဲ့ရှိနေသည်မှာ သေချာ၏။
နည်းမျိုးစုံဖြင့် လမ်းကြောင်းပေးသောအဖွဲ့(များ)သည် ၁-၂-၂၀၂၁ ရက်က တပ်မတော်က နိုင်ငံတော်အာဏာထိန်းခဲ့သော ဖြစ်ရပ်ကို မသိနားမလည်သော ပြည်သူနှင့် ဝန်ထမ်းများ နားယောင်ပြီး တပ်မတော်နှင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီကို ဆန့်ကျင် လာအောင် ရည်ရွယ်လျက်ရှိသည်။ ၁-၂-၂၀၂၁ ရက်က ဖြစ်ရပ်ကိုသာ ကွက်ကြည့်ပြီး အသိမှား(false knowledge) ဝင်အောင် ရိုက်သွင်း လျက် ရှိနေပေသည်။
၁-၂-၂၀၂၁ ရက် (ဒုတိယအကြိမ် လွှတ်တော်သက်တမ်း ကုန်ဆုံး ပြီးနောက်တစ်နေ့ သို့မဟုတ် တတိယအကြိမ် လွှတ်တော်သက်တမ်း ပထမအစည်းအဝေးစတင်ခေါ်သောနေ့) က အခြေခံဥပဒေ (၂၀၀၈) ပုဒ်မ ၄၁၇၊ ပုဒ်မ ၄၁၈(က) တို့နှင့်အညီ တပ်မတော်က ပြုလုပ်ခဲ့သော သမိုင်းဝင်ဖြစ်ရပ်သည် အကျိုးတရားဖြစ်၏။
အကျိုးတရားဟူသည် အကြောင်းတရားနှင့်ကင်း၍ မပေါ်ပေါက် ချေ။ ထိုအကျိုးတရားတွင် အကြောင်းတရားများ ရှိနေသည်။ သွေးထိုးလမ်းကြောင်းပေးသောအဖွဲ့သည် ပြည်သူနှင့် ဝန်ထမ်းများကို အကျိုးတရားကိုသာ ကွက်ပြ၍ အပြစ်တင်ဆန့်ကျင်စေသော်လည်း အကြောင်းတရားများကိုမူ ပြည်သူနှင့် ဝန်ထမ်းတို့ သတိမမူမိအောင် ဖုံးကွယ်မှေးမှိန်ထားသည်။ ကြောင်းကျိုးဆက်စပ်မှု သဘာဝတရား ကို ကြောင်း-ကျိုး အဆက်ဖြတ်ထားသည်။ မည်သည့်ကိစ္စမဆို ကြောင်းကျိုးဆက်စပ်ကြည့်မှ ပြည့်စုံစွာ သုံးသပ်ဆုံးဖြတ်နိုင်သည်။
ရွေးကောက်ပွဲကော်မရှင်က ကိုယ့်ဇာတ်ကိုယ်မနိုင်ဘဲ အလွန် အကျွံ မဲမသမာမှုပြုလုပ်ခြင်းသည် အခြေခံအကြောင်းတရား (Root Cause) ဖြစ်သည်။ မဲမသမာမှု ပြဿနာများကို ရွေးကောက်ပွဲကော်မရှင် က ဖြေရှင်းမပေးခြင်း၊ သမ္မတထံ တင်ပြသော်လည်း သမ္မတက လျစ်လျူရှုခြင်း၊ အုပ်ချုပ်ရေးမဏ္ဍိုင် ဂိတ်ဆုံးသောအခါ အရေးပေါ် လွှတ်တော်ခေါ်ပေးရန် ဥပဒေနှင့်အညီ တောင်းဆိုသော်လည်း ဥပဒေ ပြုရေးမဏ္ဍိုင်က ငြင်းပယ်ခဲ့ခြင်း၊ ထို့ကြောင့် နောက်ဆုံး တရားရေး မဏ္ဍိုင်သို့ စာချွန်တော်တင်ပြခဲ့ရခြင်း၊ တပ်မတော်ကလည်း ကာကွယ် ရေးနှင့် လုံခြုံရေးကောင်စီခေါ်ပေးပါရန် သမ္မတထံ တင်ပြခဲ့သော် လည်း သမ္မတက တာဝန်ပျက်ကွက်ခဲ့ခြင်းတို့မှာ ဆက်စပ်အကြောင်း တရားများ ဖြစ်ကြသည်။
ဆက်စပ်အကြောင်းတရားများကို ကြည့်ပါက မဲမသမာမှု ပြဿနာကို ငြိမ်းချမ်းစွာဖြေရှင်းရန် ကြိုးပမ်းမှုများဖြစ်ကြောင်း၊ ၂၀၁၂ ကြားဖြတ်တုန်းက အတိုက်အခံပါတီက မဲလက်မှတ်ဖယောင်း သုတ်သည်ဟု စွပ်စွဲသည်ကို ရွေးကောက်ပွဲကော်မရှင်က စွပ်စွဲပါတီနှင့် ကြားပါတီများပါသောအဖွဲ့ဖြင့် ပြန်လည်စစ်ဆေးဖြေရှင်းပေးခဲ့ပုံ အတိုင်း စွပ်စွဲမှုကို ဖြေရှင်းပေးစေလိုသော ကြိုးပမ်းမှုများဖြစ်ကြောင်း တွေ့ရှိရသည်။
သို့သော် အနိုင်ရပါတီသည် မဲပြဿနာနောက်ကြောင်းမရှင်းဘဲ တတိယအကြိမ်လွှတ်တော် ပထမအစည်းအဝေးခေါ်၍ အစိုးရဖွဲ့ရန် ခေါင်းမာစွာကြိုးပမ်းခြင်းမှာ လတ်တလော အကြောင်းတရား (Immediate cause) ဖြစ်သည်။ ဤအကြောင်းတရားများကြောင့် ၁-၂-၂၀၂၁ အာဏာထိန်းအကျိုးတရား ပေါ်ပေါက်လာရခြင်း ဖြစ်ပေ သည်။
တစ်ဖန်အခြေခံအကြောင်းတရားဖြစ်သော မဲမသမာမှုသည် တစ်ချိန်က အကျိုးတရားဖြစ်ခဲ့ပါ၏။ မဲမသမာမှုဟူသော အကျိုးတရား တွင်လည်း အကြောင်းတရားတွေ ရှိနေပြန်ပါသည်။ ဤအကြောင်း တရားတွေကို ဒုတိယလွှတ်တော် သက်တမ်းငါးနှစ်အတွင်း အာဏာရ ပါတီနှင့် အစိုးရတို့၏ လုပ်ဆောင်မှုများတွင် တွေ့ရှိနိုင်ပါသည်။
ထိုကာလအတွင်း အာဏာရပါတီနှင့် အစိုးရသည် ဘာသာခြား၊ လူမျိုးခြားတို့နှင့် ရည်ရွယ်ချက်ကြီးမားစွာ ပတ်သက်ခဲ့သည်။ ရှေ့နေတစ်ဦးသည် ပါတီခေါင်းဆောင်များအပေါ် ဩဇာညောင်း၍ သူလိုချင်သော ပုံဖော်ကာ ဘာသာတူသူတို့အတွက် လမ်းထွင်ပေးသွား ခဲ့သည်။ ပါတီ၏ အဂတိဆန်သော ငွေကြေးအကူအညီ အပေးအယူ သည် ပြည်ပအဖွဲ့အစည်းနိုင်ငံတို့နှင့် ပတ်သက်နေကြောင်း သတင်း များ ထွက်ပေါ်လာခဲ့သည်။
အနောက်တံခါးပြဿနာကို အများကန့်ကွက်နေသည့်ကြားမှ ကိုဖီအာနန်လက်သို့ ဝကွက်အပ်လိုက်ခြင်း၊ အကြံပေးရုံဖြစ်၍ ယူချင်မှ ယူမှာပါဟု တိုင်းပြည်ကို ပြောခဲ့သော်လည်း၊ အစီရင်ခံစာထွက်လာ သောအခါ၊ ကုလစင်မြင့်သို့ နေ့မဆိုင်းပို့ပြီး လမ်းပြမြေပုံအဖြစ် အချုပ်အခြာနိုင်ငံမဆန်စွာ ကြေညာခဲ့ခြင်းတို့သည် တစ်စုံတစ်ခုသော အပေးအယူကို အကောင်အထည်ဖော်ရာ ရောက်သည်။ အာနန် အကြံပြုချက် ၈၈ ချက်အနက် အဓိကအကျဆုံးအချက်မှာ ၈၂ နိုင်ငံသားဥပဒေကို ပြင်ဆင်၍ ဘင်္ဂါလီ(၎င်းတို့အခေါ် ရိုဟင်ဂျာ) များ ကို နိုင်ငံသားပေးရန် ဖြစ်သည်။ ဤအချက်မှာ ရေရှည်လုပ်ဆောင် ရမည့်အချက်ဟု ပါတီခေါင်းဆောင်က ပြောခဲ့သည်။ ၈၂ နိုင်ငံသား ဥပဒေကိုပြင်လျှင် အန္တရာယ်ရှိသောကြောင့် ပြင်စရာမလိုဘဲ တည်ဆဲ ဥပဒေကို ရှောင်ကွင်း၍ အခြားနည်းလမ်းများကို ရှာဖွေ ကျင့်သုံးခဲ့ သည်။ နည်းလမ်းများတွင် ဥပဒေဖျက်ခြင်း၊ ပြဋ္ဌာန်းခြင်း၊ စာချုပ် လက်မှတ်ထိုးခြင်းတို့ ပါဝင်သည်။
၈၂ နိုင်ငံသားဥပဒေကို ရှောင်ကွင်း၍ အပေးအယူရည်မှန်းချက်သို့ သွားရာလမ်းခရီးတွင် အနှောင့်အယှက် အဟန့်အတားဖြစ်သည့် ဗုဒ္ဓဘာသာအသင်းအဖွဲ့များ၊ အမျိုးသားနိုင်ငံရေးအင်အားစုများကို အမျိုးမျိုးအရေးယူနှိပ်ကွပ်ခဲ့သည်။ YMBA အသင်းကြီးကိုပင် မျက်စောင်းထိုးခဲ့သည်။ ထိုကာလအတွင်း ဗုဒ္ဓသာသနာညှိုးနွမ်း မှေးမှိန်ခဲ့ရပြီး ဘာသာရေး တန်းညှိခံခဲ့ရသည်။ အမျိုးသားယဉ်ကျေးမှု နှင့် အမျိုးသားစရိုက်လက္ခဏာများ ဖျက်ဆီးခံရသည်။
အမေရိကန်၊ ဗြိတိန်၊ OIC နှင့် အာဏာရပါတီ၊ အစိုးရတို့၏ ဘုံပစ်မှတ်ဖြစ်သော တပ်မတော်ကို ပြည်တွင်း ပြည်ပ ညှပ်၍ အင်အား ချည့်နဲ့ပြိုလဲအောင် နည်းမျိုးစုံသုံး၍ ဖြိုခွဲခဲ့သည်။
ထိုကာလအတွင်း အာဏာရပါတီနှင့်အစိုးရ၏ လုပ်ဆောင်မှုများ သည် အောက်ပါရည်မှန်းချက်များသို့ ဦးတည်နေကြောင်းကို ထင်ရှား သော နိုင်ငံတကာသုတေသီတစ်ဦးက ပြောကြားခဲ့သည်။
(၁) ဘင်္ဂါလီတွေကို မခွဲခြား မစိစစ်ဘဲ နိုင်ငံသားရအောင် လုပ်ပေးဖို့။ ရိုဟင်ဂျာလူမျိုးဆိုပြီး တရားဝင်ဖြစ်အောင် လုပ်ဖို့။ ပြီးရင် သီးခြားကိုယ်ပိုင်နယ်ရအောင်လုပ်ဖို့။
(၂) တပ်မတော်ကို ဖိအားပေး၊ ပိတ်ဆို့အရေးယူ၊ ဖြိုခွဲ၊ အင်အား ချည့်နဲ့အောင် လုပ်ဖို့။
ကျွန်တော်ပြောတာကို ပိုလွန်းတယ်ထင်တဲ့သူတွေလည်း ရှိနိုင် ပါတယ်။ စောင့်ကြည့်ကြပါလို့ပဲ ပြောချင်ပါတယ်ဟု ၎င်းကဆိုသည်။
အစိုးရသက်တမ်း ငါးနှစ်အတွင်း အထက်ပါလုပ်ငန်းများသည် မပြီးပြတ်ခဲ့ချေ။ ပွဲသိမ်းရန်ကျန်နေပေသေးသည်။ ထို့ကြောင့် ပါတီ ဒုဥက္ကဋ္ဌ(၂)က “၂၀၂၀ ရွေးကောက်ပွဲကို နိုင်ကိုနိုင်ရမည်။ မနိုင်လည်း နိုင်ရမည်။ ညွန့်ပေါင်းအစိုးရ ထည့်မစဉ်းစား။ မိမိတို့တစ်ပါတီတည်း အစိုးရဖွဲ့နိုင်ရမည်” ဟု ပြတ်သားစွာ ပြောခဲ့သည်။ ပါတီဥက္ကဋ္ဌက ပြည်သူတို့ထံ နောက်ထပ်ငါးနှစ် လုပ်ခွင့်တောင်းသည်။ လုပ်ရန် ကျန်သေးသည်ဟု ဆိုသည်။
ဒုဥက္ကဋ္ဌ(၂)၏ စကားက လွတ်လွတ်ကျွတ်ကျွတ်နိုင်ဖို့လုပ်မည့် သဘောကိုပြသည်။ ညွန့်ပေါင်းဖြစ်သွားလျှင် ကိုယ့်ခြေကိုယ့်လက် မဟုတ်တော့သောကြောင့် အပြတ်အသတ်နိုင်ဖို့ ဘာပဲလုပ်ရလုပ်ရ ဆိုသည့် သဘောကိုဆောင်သည်။ ပါတီခေါင်းဆောင်၏ စကားက အဓိပ္ပာယ်နှစ်ခွ ထွက်သည်။ ပြည်သူတွေက တိုင်းပြည်တိုးတက်ရာတိုးတက်ကြောင်း၊ သူတို့၏နေထိုင်မှုဘဝ မြင့်မားရာမြင့်မားကြောင်း ဆက်လုပ်လိမ့်မည်ဟု တိုက်ရိုက်အဓိပ္ပာယ်ကို ကောက်ယူပြီး ထောက်ခံအားပေးခဲ့ကြသည်။ ဖုံးကွယ်ထားသော နောက်အဓိပ္ပာယ် တစ်ခုမှာ ကတိကဝတ်လုပ်ငန်းများအတွက် နောက်သက်တမ်းတစ်ခု ဆက်ပြီး အစိုးရဖွဲ့နိုင်ရန် လိုအပ်ကြောင်း သက်ဆိုင်သူတို့ထံ မိတ္တူ ပေးလိုက်ခြင်းဖြစ်သည်။
အထက်ပါ အကြောင်းတရားများသည် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် တစ်ပါတီတည်း အစိုးရဖွဲ့နိုင်ဖို့ မဲအပြတ်အသတ် ရရှိရန် လိုအပ်ချက်ဖြစ်လာသည်။ ၎င်းအကြောင်းတရားများကြောင့် ရွေးကောက်ပွဲကော်မရှင်က မဲမသမာမှုပြုပေးရသော အကျိုးတရားပေါ်ထွက်လာခြင်းဖြစ်သည်။ ၎င်းအကျိုးတရားက တစ်ဖန်အကြောင်း တရားဖြစ်လာကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် မလွှဲမရှောင်သာ ပေါ်ပေါက်လာရခြင်းဖြစ်သည်။
ဤသည်တို့ကို CDM တွင် အသိမှား ရိုက်သွင်းခံခဲ့ရသော ပြည်သူ များနှင့် ဝန်ထမ်းများ သိရှိဆင်ခြင်နိုင်ကြစေလိုပါသည်။
- Log in to post comments