
ဝ ထ က လ သ (နတလ)
============
(၁)
လောက်ကိုင်ကား ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ မြို့တော်ဖြစ်ချေ၏။
ချင်းရွှေဟော်မှ ၂၂ မိုင်ခန့်သွားလျှင် လောက်ကိုင်သို့ရောက်၏။ ချင်းရွှေ ဟော်မှ လောက်ကိုင်သို့ လမ်းတစ် လျှောက်သည် တောင်ကြားသွား ကားလမ်းဖြစ်ပါသည်။ လောက်ကိုင်နှင့် တရုတ်နယ်စပ်ရှိ ရန်လုံကျိုင်းအထိ မြေပြန့်ကွင်းဟု ဆိုရပေမည်။ ကိုးကန့် ဒေသ၏ တစ်ခုတည်းသောမြေပြန့်ဒေသ ဖြစ်ပေသည်။
ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင် လောက်ကိုင်မြို့နယ်နှင့် ကုန်းကြမ်းမြို့နယ်တို့ ပါဝင်ပါသည်။
စတုရန်းကီလိုမိုင် ၁၀၀၀၀
သံလွင်မြစ်နှင့် တရုတ်နယ်စပ်ကြား စတုရန်းကီလိုမိုင် ၁၀၀၀၀ ခန့် ကျယ် ဝန်းသောဒေသဖြစ်ပါသည်။ ကိုးကန့် တိုင်းရင်းသားအများစု နေထိုင်ပြီး ဒုတိယအများစုမှာ ပလောင်တိုင်းရင်း သားများဖြစ်ကြ၏။ ရှမ်း၊ မြောင်ဇီး တိုင်းရင်းသားတို့ကိုလည်း အနည်းငယ် တွေ့ရပြန်သေးသည်။
ကိုးကန့်ဒေသ အများစုမှာ တောင်တန်းဒေသများ ဖြစ်ကြသည်။ တစ်ကျော့ပြန် ကိုးကန့်တိုက်ပွဲကာလက နာမည်ကြီးခဲ့သော လုံထန်တောင်ကြော ပွိုင့် ၂၀၂၀ (ခေါ်) နန်ထင်းမင်စမ်း(ခေါ်) ကောင်းကင်ဘုံ တောင်ဘက်တံခါးပေါက် ဟု ကျော်ကြားသော တောင်တန်းများ၊ တောက်ရွှေတောင်တန်းများ၊ လုံထန် တောင်တန်းများသည် မိုင်နှင့်ချီ၍ တလိမ့်လိမ့် တစ်ဆက်တစ်စပ်တည်း တည်ရှိနေကြပါသည်။
ရှမ်းမြောက်ဒေသ လားရှိုး- မူဆယ် ကားလမ်းပေါ်ရှိ လားရှိုးမှ သိန္နီအထိ မိုင် ၄၀ ကျော် ကွာဝေးပါသည်။ သိန္နီမှ အရှေ့မြောက်ဘက်သို့ ဆက်သွားလျှင် မူဆယ်သို့ရောက်ပြီး သိန္နီမှအရှေ့ဘက် သို့ မိုင် ၈၀ ကျော်ခန့်သွားလျှင် ကွမ်းလုံ မြို့လေးသို့ ရောက်ပါသည်။ ကွမ်းလုံနှင့် ချင်းရွှေဟော် ၁၄ မိုင်ခန့် ကွာဝေးပါသည်။
(၂)
ကွမ်းလုံကား မြန်မာ့သမိုင်းတွင် ကွမ်းလုံရက် ၄၀ တိုက်ပွဲ၊ ဟိုက်ကမ်းပါး တိုက်ပွဲတို့ဖြင့် နာမည်ကြီးလှသော မြို့လေးဖြစ်ပေသည်။
ကွမ်းလုံသည် သံလွင်မြစ်ပေါ်တွင် ခွလျက်တည်ရှိနေပါသည်။ တောင်တန်း များအလယ်၌ ကြည်လင်သော သံလွင် မြစ်ရေ စိုက်ခင်းစိမ်းစိမ်း မြူနှင်းဝေဝေ ခံ့ထည်သော ကြိုးတံတားတို့ဖြင့် ကွမ်းလုံ မြို့လေးသည် အေးချမ်းလှပေသည်။
ကွမ်းလုံမြို့မှ ဟိုက်ကမ်းပါး တောင်ကုန်းကို လှမ်းမြင်ရ၏။
ကွမ်းလုံမြို့ကို စိုးမိုးထားသော ဟိုက်ကမ်းပါးတောင်ကုန်းသည် မြို့၏ မြောက်ဘက် ကိုက် ၁၅၀၀ ခန့်အကွာ တွင်တည်ရှိပြီး အမြင့်ပေ ၂၅၀၀ ခန့်ရှိပါ သည်။ ဟိုက်ကမ်းပါးတောင်ကုန်း၏ အနေအထားမှာ အရှေ့မြောက်ဘက်မှ အနောက်တောင်ဘက်သို့ အနည်းငယ် စောင်းလျက် တည်ရှိပါသည်။ ဤတောင် ကုန်းသည် ၁၉၇၁ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့မှ ဒီဇင်ဘာလ ၂၈ ရက်နေ့အထိ ရက်ပေါင်း ၄၀ တိုင်တိုင် ဖြစ်ပွားခဲ့သော ကွမ်းလုံရက်လေးဆယ်ကြာ မြန်မာ့ တပ်မတော်၏ သမိုင်းဝင်တိုက်ပွဲစဉ်တွင် အချက်အချာဖြစ်ခဲ့ပါသည်။
ခံစစ်စခန်း
ဟိုက်ကမ်းပါး တောင်ကုန်းသည် ကွမ်းလုံခံစစ်စည်း၏ အဓိကအချက် အချာ ခံစစ်စခန်းဖြစ်သည့်အလျောက် ယင်းတောင်ကုန်း ကျဆုံးသည်နှင့် ကွမ်းလုံမြို့ကို စွန့်လွှတ်ရမည်ဖြစ်သည်။
တစ်ချိန်က မြန်မာပြည် အရှေ့မြောက် ဒေသ ဗမာပြည် ကွန်မြူနစ်ပါတီက သံလွင်အရှေ့ခြမ်းကို သိမ်းပိုက်ပြီး လွတ်မြောက်ဒေသအဖြစ် ကြေညာရန် ကြိုးပမ်းခဲ့လေသည်။ ဤသို့ ကြေညာနိုင် ရေးအတွက် ကွမ်းလုံမြို့သိမ်းတိုက်ပွဲကို တိုက်စစ်ဆင်ခဲ့ကြသည်။ တပ်မတော်က ကွမ်းလုံမြို့ကို ရန်သူ့လက်တွင်း မကျ ရောက်စေရန် ကယ်တင်နိုင်ခဲ့ပါသည်။ တိုက်ပွဲစဉ်တစ်လျှောက်လုံး တပ်မတော် သားများ၏ မျိုးချစ်စိတ်ဓာတ်၊ စစ်ရေး စွမ်းရည်မြင့်မားမှုနှင့် ရဲဝံ့စွန့်စားမှုတို့ကို အထင်အရှား ပြသနိုင်ခဲ့ကြပါသည်။
နိုင်ငံတော်၏ မြေပုံအရွယ်အစား ပြောင်းလဲမသွားစေရေးအတွက် အမိမြေ ၏တစ်လက်မတိုင်းစီကို တပ်မတော်သား တို့၏ အသက်သွေးချွေးများဖြင့် စက္ကန့်၊ မိနစ်နှင့်အမျှ ပေးဆပ်စွန့်လွှတ်၍ တိုက်ပွဲ ဝင်ခဲ့ခြင်း၏ သက်သေတစ်ခုပင်ဖြစ်ပါ သည်။
(၃)
စာရေးသူသည် ဤဒေသသို့ နယ်စပ် ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက် ရန်အလို့ငှာ ရောက်ရှိခဲ့ပြန်ပါသည်။ ကာလကား တရုတ်တို့၏ နှစ်သစ်ကူး ကာလဖြစ်သလို ဆောင်းရာသီမကုန် တတ်သေး၍ အေးချမ်းသောအချိန်ကာလ လည်း ဖြစ်ပေသည်။
မြန်မာနိုင်ငံသည် အိမ်နီးချင်းနိုင်ငံ များနှင့် နယ်နိမိတ်အဖြစ် ကုန်းပိုင်းချင်း ဆက်စပ်နေသလို မြစ်ချောင်းများနှင့်လည်း ပိုင်းခြားထားလျက်ရှိပါ၏။ ကိုးကန့်ဒေသ သည်လည်း အရှေ့ဘက်ရှိ တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် ကုန်းပိုင်းချင်း ထိစပ် လျက်ရှိပြီး လောက်ကိုင်မြို့နယ်နှင့် ထိစပ် မှုမှာ ၂၆ မိုင်၊ ကုန်းကြမ်းမြို့နယ်နှင့် ၁၂ မိုင်၊ ချင်းရွှေဟော်မြို့နှင့်မူ ခြောက်မိုင် ထိစပ်နေကြ၏။ နယ်စပ်ချင်း ထိစပ်နေ သည့်အတွက် တစ်ခါတစ်ရံ ဒေသအတွင်း နယ်စပ်ပြဿနာများ ဖြစ်ပွားလေ့ရှိပါ သည်။ ထိုအခါများတွင် နယ်စပ်ကုန်သွယ် ရေးဂိတ်တည်ရှိသည့် ချင်းရွှေဟော် လမ်းကြောင်းသည် ပိတ်သွားတတ်ပါ သည်။ ကုန်စည်စီးဆင်းမှု၊ ဒေသအတွင်း သွားလာမှုနှင့် အုပ်ချုပ်မှုယန္တရားများ ပြတ်တောက်သွားတတ်ပါသည်။
နိုင်ငံတော်သည် ချင်းရွှေဟော်လမ်း ကြောင်း ပိတ်ခဲ့ပါက လောက်ကိုင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ပြည်မ ဆက်သွယ်မှု မပြတ်တောက်စေရေး အတွက် ချင်းရွှေဟော်အား ဖြတ်သန်းခြင်း မပြုဘဲ လောက်ကိုင်မှ ကွမ်းလုံသို့ တိုက်ရိုက်သွားလာနိုင်သည့် လမ်းကြောင်း နှစ်ကြောင်းအား လျာထားဖောက်လုပ် ပေးနိုင်ခဲ့ပါသည်။ ပထမလမ်းကြောင်းမှာ နယ်စပ်ဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်ပေးခဲ့သည့် မန်တုံပါးနှင့် ရန်တော်စမ်းရွာကြားရှိ သာကျူကျိုင်းရွာ အနားမှဖြတ်၍ တောက်ရွှေ- ရှုကိန်းရွှေ-အာလာဗြဲ-ရန်ရှောက်ပ-တာဟွာတီးသို့ ပြန်ဆုံသည့် (၁၇/၀)မိုင် လမ်းကြောင်း ဖြစ်ပါသည်။ ဒုတိယလမ်းကြောင်းမှာ ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် လောက်ကိုင်- မန်တုံပါး- ရန်တော်စမ်း- လူကော်ပါး- တာချင်စူး- ရန်ရှောက်ပ- တုံကြယ် (၃၅/၀) မိုင်အရှည်ရှိ လမ်း ကြောင်းဖြစ်ပါသည်။ ယခုအခါ လမ်းများ ဖောက်လုပ်ပြီးစီးပြီဖြစ်ရာ ယင်းလမ်း ကြောင်းများကိုအသုံးပြု၍ ချင်းရွှေဟော်၊ လောက်ကိုင်နှင့် ကွမ်းလုံသို့ အချိန်အခါ မရွေး ဆက်စပ်သွားလာနိုင်ကြပြီ ဖြစ်ပါ သည်။
ကိုးကန့်ဒေသအတွင်း ဖွံ့ဖြိုးရေး ဆောင်ရွက်ပေးခဲ့သော လမ်းများသည် ယခင်စစ်ဆင်ရေး လမ်းဟောင်းများ၊ ဒေသခံများ ကိုယ့်အားကိုယ်ကိုး ဖောက်လုပ်ထားခဲ့သော လူသွားလမ်း၊ လှည်းသွားလမ်းနှင့် ဝန်တင်လားများ သွားသည့်လမ်းများကို အခြေခံ၍ လမ်းများအား Upgrade (အဆင့် မြှင့်တင်) ထားသော မြေသားလမ်းနှင့် ကျောက်ခင်းလမ်းများ ဖြစ်ကြပါသည်။
နယ်စပ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ
လုံခြုံရေး ကန့်သတ်ချက်ရှိသော နယ်မြေများ၌ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လွယ်ကူလွန်းလှ သည်တော့ မဟုတ်ပေ။ ဒေသအတွင်း အသွားအလာကန့်သတ်မှု၊ ခရီးကွာဝေး မှု၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှု၊ ကုန်ဈေးနှုန်းကြီးမြင့်မှု၊ အလုပ်သမား ရှားပါးမှု၊ ရာသီဥတုပြင်းထန်ဆိုးရွားမှု များရှိခဲ့သော်လည်း နယ်စပ်ဒေသ ဖွံ့ဖြိုး ရေးလုပ်ငန်းများအား ရပ်တန့်မှုမရှိဘဲ အရှိန်အဟုန်ဖြင့် အောင်မြင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပေသည်။
(၄)
စွန့်စားမှုများ၊ ပေးဆပ်မှုများ၊ ပင်ပန်းမှုများ၊ တွန်းအားများ၊ အခက် အခဲများနှင့် အလဲအထပ်ပြုလုပ်ပြီးမှသာ ဒေသဖွံ့ဖြိုးရေးများ ဆောင်ရွက်ခဲ့ကြရ ခြင်းဖြစ်၏။ ပြီးပြည့်စုံခဲ့ပြီ၊ ကောင်းခြင်း တွေနဲ့ ပြည့်နှက်ခဲ့ပြီဟု မဆိုနိုင်သေး။ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်ရပေဦးမည်။
စာရေးသူနှင့် ဖဖရ(လားရှိုး)၊ ခရိုင် ဖဖရ (လောက်ကိုင်)တို့မှ “နတလ” ဝန်ထမ်းများသည် ဇန်နဝါရီလ နံနက် ခင်းတစ်ခုတွင် လောက်ကိုင်မှ တုံကြယ် (ကွမ်းလုံ)သို့ ဖောက်လုပ်နေသည့် မြေသားလမ်း (၃၅/၀)မိုင်အား အဆင့် မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက် ပေးနိုင်ရန် ကွင်းဆင်းစစ်ဆေးခဲ့ကြပါ သည်။ နှင်းမြူများ ပိတ်ဖုံးနေပြီး ခိုက်ခိုက်တုန်အောင် ချမ်းအေးလှသည့် ကြားမှ အချို့နေရာများတွင် မော်တော် ယာဉ်ဖြင့်လည်းကောင်း၊ အချို့နေရာ များတွင် ခြေကျင်ဖြင့်လည်းကောင်း သွားလာခဲ့ရသည်။ လောက်ကိုင်မှ မန်တုံပါးအထိသာ မြေပြန့်အပိုင်း ဖြစ်ပါသည်။
ကျန်အပိုင်းများမှာ တောင်တက်၊ တောင်ဆင်း၊ တောင်ကြားလမ်းများ၊ တောင်ကမ်းပါးယံဘေးများအတိုင်း ဖောက်လုပ်ထားသော မြေသားလမ်း ဖြစ်ပါသည်။ တောင်ခါးပန်းများ အတိုင်း ကွေ့ပတ်ဖောက်လုပ်ထားသည့် လမ်းများကို ခပ်ပြေပြေတက်ရသလို မတ်စောက်စောက်တို့ကိုလည်း တက်ရ ၏။ တိုင်းရင်းသားရွာလေးများက တောင်စောင်းများတွင် အနိမ့်အမြင့် တည်ရှိနေကြပြီး ရွာတွင်းလမ်းများက ကွေ့ကွေ့ကောက်ကောက်နှင့် လှပစွာ တည်ရှိနေကြပါသည်။ တိတ်ဆိတ် ငြိမ်သက်အေးချမ်းသည့် ရွာလေးများ ဖြစ်ကြလေ၏။
အချို့နေရာများတွင် တောင် ကမ်းပါးယံများမှာ မြင့်မားလွန်းသဖြင့် တောင်ပြိုကျမှုများ ထိန်းသိမ်းရန် တောင်ကိုအဆင့်ဆင့် (Step) များ၊ Cutting များ ပြုလုပ်ပေးရန် မှတ်တမ်း ထားရ၏။ အချို့နေရာများတွင် လမ်းများ ကို ရေတိုက်စားမှုသက်သာအောင် Box Culvert များ လျာထားရ၏။ အချို့နေရာ များသည် သတ်မှတ်ဖောက်လုပ်ရမည့် လမ်းအကျယ်ထက် ကျဉ်းနေသဖြင့် လမ်းတာချဲ့ရန် တိုင်းတာရ၏။ အတက် အဆင်း မတ်စောက်သည့်နေရာများကို မြေဖြတ်တောက်၍ လမ်းကြောင်းပြေပြစ် စေရေး ဖြေလျှော့ပေးရန် မြေပုံညွှန်း မှတ်ရ၏။
ရေစီးသန်သော “တာဝါးဟော်”ချောင်း
လမ်းပိုင်း၏ (၃၀/၂) မိုင်ခန့်တွင် မိုးအခါ ရေစီးသန်သော “တာဝါးဟော်” ချောင်းရှိပါသည်။ ယင်းချောင်းသည် တောင်ကျရေပြင်းထန်၏။ လောက်ကိုင် မြို့နယ်နှင့် ကွမ်းလုံမြို့နယ် နယ်နိမိတ် အစပ်တွင် တည်ရှိ၏။ ဖြတ်ကူးရန် တံတားတစ်စင်း တည်ဆောက်ပေးရန် လိုအပ်ကြောင်း တွေ့ရှိရသဖြင့် တံတား လျာထားပေးခဲ့ရာ ယခုအချိန်၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ပြည်နယ်ရန်ပုံငွေ ကျပ်သန်း ၆၇ ဒသမ ၄၀၀ ဖြင့် တည် ဆောက်ပေးခဲ့ပြီး ဖြစ်ပါသည်။
တောင်များအဆင်းတွင် ရန်ရှောက်ပ ရွာသို့ ရောက်ပါသည်။ မြေပြန့်ဖြစ်သော ရန်ရှောက်ပမှ တုံကြယ်အထိလမ်းမှာ ဖောက်လုပ်ဆဲဖြစ်သဖြင့် ငါးမိုင်ခရီးကို အသွားအပြန် လမ်းလျှောက်ကြရ သည်။ ချုံတိုးရသည်။ သံလွင်မြစ်ဘေး တစ်လျှောက် ကျောက်တုံး ကျောက်ခဲ ကြီးများကြား ဖြတ်သန်းသွားရ၏။ သစ်နီ၊ ယမနေ၊ ရုံးနှော၊ ဝါးပင်တို့က ထူထပ်စွာ ပေါက်ရောက်လျက် လမ်းကို အုပ်မိုးထားကြလေသည်။
ယင်းလမ်းကြောင်းပေါ် (၂၉/၆)မိုင် အနီး သံလွင်မြစ်ကြောင်း၌ သဘာဝ အတိုင်းဖြစ်ပေါ်နေသည့် “တာရှန်” (ခေါ်) အဆင့်သုံးဆင့်ရှိ အလွန်လှပသောရေတံခွန် တည်ရှိနေပါသည်။ နေရောင်ခြည် ဖြာကျနေသည့် အေးမြကြည်လင်သော သံလွင်မြစ်ရေ၊ ကျောက်တုံးကြီးငယ် အရွယ်အဆင့်ဆင့်၊ ပတ်ဝန်းကျင် ဘေးတစ်ဖက်တစ်ချက်တွင် မြင့်မားလှ သော တောင်ကြီးများဖြင့် အေးချမ်းလှပ သာယာလွန်းလှပါသည်။ စိတ်အလျဉ် ကလည်း နယ်မြေများ တည်ငြိမ် အေးချမ်းပြီး လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ချိန်တွင် “တာရှန်” ရေတံခွန် သည် မြန်မာ့ခရီးသွားလုပ်ငန်းအတွက် ဆွဲဆောင်မှုရှိသော နေရာတစ်ခု ဖြစ်လာနိုင်ကြောင်း တွေးတောနေမိပါ သည်။
မြောင်ဇီးတိုင်းရင်းသားတို့၏ကျေးရွာ
လူကော်ပါးရွာသည် မြောင်ဇီး တိုင်းရင်းသားတို့၏ ကျေးရွာဖြစ်ပြီး တောင်အလယ်တွင် တည်ရှိပါသည်။ ယင်းနေရာမှ သံလွင်မြစ်ကြီးကို အပေါ်စီးမှမြင်ရသည်။ View Point ဖြစ်ပြီး တိမ်ပင်လယ်၊ တောင်ပင်လယ် တို့ကို တမေ့တမော မြင်ခဲ့ကြည်နူးခဲ့ရပါ ၏။ သမိုင်းကြောင်းများပြားလှသည့် သံလွင်မြစ်ကြီး၏ ရေစီးဂီတသံကို ကြားရ၏။ တာချင်စူး၊ လူကော်ပါးရွာ တို့ကို ဖြတ်သန်းစဉ် မြောင်ဇီးတိုင်းရင်း သားတို့အား ရိုးရာဝတ်စုံဖြင့် တွေ့ခဲ့ရ သည်မှာ ဆုလာဘ်တစ်ခုပင် ဖြစ်လေ သည်။
နှစ်သစ်ကူး ပွဲတော်ရက်ဖြစ်ကြ သဖြင့် တိုင်းရင်းသားလူငယ်လူရွယ်တို့ သစ်လွင်သော အဝတ်အစားများဖြင့် ပေါ့ပါးစွာ သွားလာနေကြပါသည်။ မြောင်ဇီးအမျိုးသားလူငယ်များသည် အတွင်းတွင် အင်္ကျီအဖြူဆင်မြန်းပြီး အပေါ်တွင် အနား၌ အပြာရောင်ကွပ် ထားသော အနက်ရောင် ရင်ဖုံးအင်္ကျီ ဝတ်ဆင်ထားကြ၏။ ထို့နောက် အပေါ် ထပ်လက်ပြတ်ကို ထပ်၍ဝတ်ဆင်သည်။ ဘောင်းဘီအနက်ကို ဆင်မြန်းသည်။ ခါးစည်းမှာ ရောင်စုံကြိုးများကို တစ်ထပ်ပြီးတစ်ထပ် ဆင်မြန်းကြ သည်။ ထို့နောက် ပန်းရောင်အစကို ခါးတွင် ထပ်၍ချည်ပြီး ဆင်မြန်းထား ကြလေသည်။
(ဆက်လက်ဖော်ပြပါမည်)
- Log in to post comments