ကောင်းမွန်သည့် တွေ့ဆုံဆွေးနွေးမှုများဖြင့် နိုင်ငံငြိမ်းချမ်းရေးရအောင် ဆက်လက်ကြိုးပမ်း

 

ပဋိပက္ခများအားလုံးမှာ   သဘောထားကွဲလွဲမှုများမှ   စတင် ဖြစ်ပေါ်လာခြင်းဖြစ်သည်။  သဘောထားကွဲလွဲမှုများကို စေ့စပ် ညှိနှိုင်းမှု မပြုလုပ်နိုင်သည့်အခြေအနေသို့ ရောက်ရှိသွားချိန်တွင် ပဋိပက္ခများ စတင်ဖြစ်ပေါ်လာပြီး အချိန်ကာလကြာမြင့်လာသည့် တိုင် ရလဒ်မထွက်၊  အဖြေမပေါ်သည့်အခါ  စေ့စပ်ညှိနှိုင်းသည့် လမ်းကြောင်းပေါ်သို့   ရောက်ရှိလာခြင်းဖြစ်ရာ  ဉာဏ်အမြော် အမြင်နှင့် နှလုံးရည်ပြည့်ဝမှုတို့ လိုအပ်သည်။ 

 


နိုင်ငံရေးကို    အခြားနည်းဖြင့်    ဖြေရှင်းနိုင်ရန်အတွက် လက်နက်စွဲကိုင်ကြသည့်အခါ ပဋိပက္ခနယ်မြေများ ဖြစ်ပေါ်လာပြီး နယ်ခံလူထုအပေါ် ပဋိပက္ခ၏ ဝန်ထုပ်ဝန်ပိုးများ ကျရောက်လာ သည်။ နယ်မြေ၏   တည်ငြိမ်အေးချမ်းမှု   ပျောက်ကွယ်သွားပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ပြုလုပ်၍ မရတော့သည့် အပြင် ရှိပြီးအရာများပါ ပျက်စီးဆုံးရှုံးကြရသည်။ နယ်ခံလူထု အတွက် လူမှုရေး၊  စီးပွားရေး၊  ကျန်းမာရေး၊  ပညာရေးတို့ အဘက်ဘက်မှ  ထိခိုက်ဆုံးရှုံးရသည့်အပြင် ပဋိပက္ခများအကြား အသက်အန္တရာယ်အတွက် စိုးရိမ်ထိတ်လန့်ကြရသည်။ အိုးအိမ် စည်းစိမ်ဥစ္စာများအတွက်လည်း   ပူပန်ကြောင့်ကြ   ကြရသည်။

 

လက်နက်ကိုင်ပဋိပက္ခအတွက်   ငွေကြေး၊  ပစ္စည်းဥစ္စာ၊  ကာယ လုပ်အား၊ လူအင်အား   စသည်ဖြင့်   တောင်းခံလာပါကလည်း နယ်ခံလူထုမှာ   စောဒကတက်နိုင်ခြင်းမရှိဘဲ   ပေးနိုင်ရန်သာ ကြိုးပမ်းကြရသည်။  နယ်မြေဒေသတစ်ခုတွင်   ငြိမ်းချမ်းရေး ပျောက်ကွယ်နေရသည့် အချိန်ကာလသည် ဆယ်စုနှစ်များနှင့် ယှဉ်၍ ကြာမြင့်လာသည်နှင့်အမျှ ယင်းနယ်မြေနှင့် နယ်ခံလူထု တို့မှာ အဘက်ဘက်မှ ဆုတ်ယုတ်ကျဆင်းသွားပြီး ပုံမှန်နယ်မြေ ဒေသများနှင့်  နှိုင်းယှဉ်ပါက   အဆင့်နိမ့်ကျနေသည့်   အခြေအနေ သို့ ရောက်ရှိသွားရသည်။

 


 မိမိတို့နိုင်ငံ လွတ်လပ်ရေးရပြီး မရှေးမနှောင်းမှာပင် စတင် ပေါ်ပေါက်လာခဲ့သည့်   လက်နက်ကိုင်ပဋိပက္ခများတွင်  အယူဝါဒ ရေးအရ၊   လူမျိုးရေးရာအရ၊  ဘာသာရေးအရ   စသည်ဖြင့် အကြောင်းအရာအမျိုးမျိုးကို  အခြေခံပြီး လက်နက်ကိုင်အဖွဲ့ အစည်းများ  ပေါ်ပေါက်လာခဲ့သည်။ နှစ်ပေါင်း ၇၀ ကျော် ကာလ အတွင်း အစိုးရအဆက်ဆက်တို့၏ ငြိမ်းချမ်းရေးကြိုးပမ်းမှုများ မှာ   အချည်းနှီးမဖြစ်ခဲ့သော်လည်း   လက်နက်ကိုင်ပဋိပက္ခများ လုံးဝပျောက်ကွယ်သွားသည့်      အခြေအနေဆီသို့မရောက်ခဲ့။ ထိုခေတ်ကာလအခြေအနေအရပ်ရပ်တို့ကလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက လိုလားကြသည့်  ဒီမိုကရေစီ နှင့်   ဖက်ဒရယ်ပြည်ထောင်စုကို   လက်ခံလိုက်လျောခွင့်ပြုပေးနိုင် ခြင်း မရှိခဲ့။

 


ပစ္စက္ခကာလတွင်မူ    မိမိတို့နိုင်ငံသည်    ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စုလမ်းကြောင်းပေါ်သို့ ရောက်ရှိနေပြီဖြစ် ရာ တိုင်းရင်းသားလူမျိုးစုတို့၏ အကျိုး၊ နယ်မြေဒေသ၏အကျိုးနှင့် ပြည်ထောင်စုကြီးတစ်ရပ်လုံး၊ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးတို့၏   အကျိုးအတွက်   စေ့စပ်ဆွေးနွေးညှိနှိုင်းအဖြေရှာနိုင်ရန် အခွင့်အလမ်းများ   ပေါ်ပေါက်နေပြီဖြစ်သည်။  “ဒီမိုကရေစီတွင် တူညီသည့်အခွင့်အရေးများ  ပေးရမည်ဖြစ်သကဲ့သို့  ဖက်ဒရယ် စနစ်တွင်လည်း     တူညီသည့်အခွင့်အရေးများ     ပေးရမည်ဖြစ် ကြောင်း၊ ငြိမ်းချမ်းရေးရရှိရန်အတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးရာတွင် အဆင် ပြေမှုများရှိခဲ့ပြီး    ကောင်းမွန်သည့်   တွေ့ဆုံဆွေးနွေးမှုများကို ပြုလုပ်၍     နိုင်ငံငြိမ်းချမ်းရေးရရှိအောင်   ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း”  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားခဲ့ရာ ငြိမ်းချမ်း ရေးအတွက် သန္နိဋ္ဌာန်ကို ရှင်းလင်းစွာ တွေ့မြင်နိုင်သည်။

 


စစ်ပွဲတို့၏ အနိဋ္ဌာရုံများ ချုပ်ငြိမ်းပျောက်ကွယ်ပြီး အေးချမ်း သာယာခြင်းနှင့် ငြိမ်းချမ်းခြင်းတို့ကို ပြည်သူလူထုအားလုံး ခံစား ရရှိကာ   ဖွံ့ဖြိုးတိုးတက်မှုများ   ဆောင်ကြဉ်းနိုင်ရေးအတွက် သက်ဆိုင်သူအားလုံးက   တွေ့ဆုံဆွေးနွေးခြင်းနည်းလမ်းဖြင့် ငြိမ်းချမ်းရေးကို    တည်ဆောက်နိုင်ကြပါစေကြောင်း။            ။