ကောင်းမှုကုသိုလ်လည်းပြု ရောဂါကူးစက်မှုလည်း ကာကွယ်

 

ကုသိုလ်ကောင်းမှုတို့ကို  မြန်စွာပြုရာ၏။  စိတ်ကို   မကောင်းမှုမှ တားမြစ်ရာ၏။  ကုသိုလ်ကောင်းမှု  အပြုနှေးသောသူ၏  စိတ်သည် မကောင်းမှု၌  ပျော်မွေ့တတ်၏။    (ကောင်းမှုအပြုနှေးသောသူ၏ စိတ်ထဲသို့ မကောင်းမှု ဝင်လာတတ်၏။) 

 


မကောင်းမှုကို အကယ်၍  ပြုမိလျှင် ထိုမကောင်းမှုကို ထပ်ခါ ထပ်ခါ မပြုရာ၊ ထိုမကောင်းမှု၌ စိတ်အလိုဆန္ဒကိုလည်း မဖြစ်စေရာ။ (အကြောင်းမူကား) မကောင်းမှုပွားခြင်းသည် ပစ္စုပ္ပန်  တမလွန် နှစ်တန်သော ဘဝတို့၌ ဆင်းရဲခြင်းကို ဖြစ်စေတတ်၏။ (ဓမ္မပဒ)

 


လူသားတို့သည် အသက်ရှင်သန်နေစဉ်တစ်လျှောက်လုံး ‘‘ကံ’’ ဟုဆိုသည့်  အလုပ်ကို နေ့စဉ်လုပ်နေကြရသည်။  ကိုယ်အားဖြင့်၊ နှုတ်အားဖြင့်၊ စိတ်အားဖြင့် ပြုလုပ်နေကြသည့်  ကံများကို   ကာယကံ၊ ဝစီကံ၊ မနောကံဟူ၍ လည်းကောင်း၊ ကောင်းသောအပြုအမူ ကောင်း သောကံများသည် ကုသိုလ်ဖြစ်သည်ဟူ၍ လည်းကောင်း၊  မကောင်း သော အပြုအမူ မကောင်းသောကံများသည် အကုသိုလ်ဖြစ်သည်ဟူ၍ လည်းကောင်း ဗုဒ္ဓဘာသာဝင်တို့က နားလည်လက်ခံထားကြသည်။ သတ္တဝါ တို့၏ သန္တာန်တွင် ကုသိုလ်နှင့် အကုသိုလ်စိတ်တစ်မျိုးမျိုးက အမြဲ ဖြစ်ပေါ်နေသည်။  ကုသိုလ်နှင့်   အကုသိုလ်တို့မှာ    ဆန့်ကျင်ဘက် တရားများဖြစ်ပြီး လူသားတို့၏ သန္တာန်၌ ကုသိုလ်စိတ်တို့ ဖြစ်ပေါ် နေပါက  အကုသိုလ်တရားတို့ ဖြစ်ခွင့်မရ။ ကုသိုလ်သည် အကုသိုလ်ကို ဖျက်ဆီးနိုင်သော၊ စိတ်အစဉ်မှ ကင်းကွာစေသောတရား  ဖြစ်သည်ဟု ဆိုရာတွင် မဟာကုသိုလ်က တဒင်္ဂပဟာန်  အခိုက်အတန့်  ပယ်ခွာ စေပြီး မဟဂ္ဂုတ်ကုသိုလ်က ဝိက္ခမ္ဘနပဟာန် အချိန်ကာလ ကြာမြင့် စွာ  ပယ်ခွာစေနိုင်သည်။    မဂ္ဂကုသိုလ်ကမူ   သမုစ္ဆေဒပဟာန် နောက်ထပ် ဖြစ်ပေါ်ခွင့်မရှိစေရန် အပြီးသတ်ပယ်ခွာစေနိုင်သည်။ 

 


ကုသိုလ်ကောင်းမှုပြုကြရာတွင်   မိမိသဘောဆန္ဒအလျောက် ကောင်းမှုပြုခြင်း၊ သူတစ်ပါးကို အားကျ၍ ကောင်းမှုပြုခြင်း၊ ကိုယ်ထိ လက်ရောက် သဟတ္ထိကမြောက်  ကောင်းမှုပြုခြင်း၊   သူတစ်ပါးကို ခိုင်းစေ၍   လက်လွှဲကောင်းမှုပြုစေခြင်း၊ ကံ ကံ၏ အကျိုးကိုသိ၍ ကောင်းမှုပြုခြင်း၊ ကံ ကံ၏ အကျိုးကို   မသိဘဲ  ကောင်းမှုပြုခြင်း ဟူ၍ ကောင်းမှုပြုပုံ ခြောက်မျိုးကွဲပြားသည်။ မြန်မာလူမျိုးဗုဒ္ဓဘာသာ ဝင်တို့သည် ကံ ကံ၏အကျိုးကို ယုံကြည်သူများဖြစ်သည့်အလျောက် မိမိတို့၏ သန္တာန်တွင် ကောင်းမှုကုသိုလ်တို့ စွဲထင်နေစေရန် ကိုယ်မှု၊ နှုတ်မှု၊  စိတ်မှုတို့ကို  ပြုလုပ်ကြရာ    ဝါလကင်းလွတ်သီတင်းကျွတ် ကာလ ရောက်ပြီဖြစ်သည့်အတွက် ရိုးရာထုံးတမ်းအစဉ်အလာများနှင့် အညီ ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ၊ ခင်ပွန်းကြီးဆယ်ပါးတို့ကို ပူဇော်ကန်တော့ကြသည်။ ဘုရားရိပ်၊ တရားရိပ်၊ ကျောင်းကန်အရိပ် တို့ကို ခိုလှုံကာ ကုသိုလ်တရားတို့ ပွားများကြသည်။

 


ပစ္စုပ္ပန်ကာလ မျက်မှောက်ကမ္ဘာကို ကပ်ရောဂါက ဖိစီးနှိပ်စက် နေသည်။ မိမိတို့နိုင်ငံ၊ မိမိတို့လူမျိုး၊  မိမိတို့အသိုက်အဝန်း၊ မိမိတို့ မိသားစုများသည်လည်း ရောဂန္တရဘေးမှ  လွတ်မြောက်ခွင့်မရခဲ့။ မိမိတို့မျက်မှောက်မှာပင် မိတ်ဆွေများ၊ ဆွေမျိုးဉာတိများ၊ မိသားစုဝင် များ စသည်တို့ ရောဂါဝေဒနာကို ခံစားကြရသူများ၊ ဘဝတစ်ပါးသို့ ပြောင်းသွားသူများရှိခဲ့ကြသည်။ ဝါလကင်းလွတ်သည့် သီတင်းကျွတ်  ဤကာလတွင်မူ ကပ်ရောဂါလည်း အရှိန်အဟုန်လျော့ကျလာသကဲ့ သို့ မိုးလေဝသ ခြေခင်းလက်ခင်းတို့လည်း သာခဲ့ပြီဖြစ်ရာ စိတ်နှလုံး ပင်ပန်းခဲ့သမျှတို့  လျော့ပါးသက်သာရာ  သက်သာကြောင်းအလို့ငှာ ဘုရားဖူးခြင်း၊   ခရီးသွားခြင်း၊   အပန်းဖြေခြင်းတို့  ပြုလုပ်လာကြ  ပြီ  ဖြစ်သည့်အတွက်    အထူးသတိချပ်ရန်အနေဖြင့်   ကိုဗစ်-၁၉ ကပ်ရောဂါသည် အပြီးတိုင် ချုပ်ငြိမ်းသွားခြင်းမဟုတ်သေးဘဲ နေရာ တိုင်းတွင် ရှိနေဆဲဖြစ်ကြောင်းနှင့် ရောဂါကူးစက်မှု တားဆီးကာကွယ် ရေး စည်းမျဉ်းစည်းကမ်းတို့ကို မမေ့မလျော့ လိုက်နာကျင့်သုံးကြခြင်း ဖြင့်  အပန်းလည်းပြေ၊  ကုသိုလ်လည်းရ၊ ရောဂါဘယဘေးမှလည်း ကင်းလွတ်နိုင်ကြပါစေကြောင်း။            ။