ကောင်းမှုကုသိုလ်ဖြင့် ဖြတ်သန်းရမည့် နှစ်သစ်မင်္ဂလာအခါသမယ

 

 

မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်မှ ၁၃၈၄ ခုနှစ်သို့ ကူးပြောင်းသည့် အခါသမယ မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲ ဆင်ယင် နွှဲကြရန် ပြင်ဆင်နေကြပြီဖြစ်သည်။ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှုကို   အကြောင်းပြု၍  လွန်ခဲ့သည့်နှစ်နှစ်တာ ကာလအတွင်း သင်္ကြန်ပွဲတော်နှစ်ခုကို မကျင်းပနိုင်ဘဲ ကျော်လွှား ခဲ့ကြရသည်။ ယခုအခါ ကိုဗစ်-၁၉ ရောဂါကူးစက်မှု အရှိန်မှာ လည်း လျော့ကျလာခဲ့ရာ ဓာတ်ခွဲစစ်ဆေးတွေ့ရှိမှုများအရ နေ့စဉ် ကူးစက်မှု ရာခိုင်နှုန်းမှာ တစ်ရာခိုင်နှုန်းအောက်သို့ ရောက်ရှိနေ ခဲ့ပြီဖြစ်သည့်အလျောက် တစ်နှစ်တစ်ခါ ကျရောက်လာသည့် ရိုးရာသင်္ကြန်ပွဲကို ဆင်နွှဲရန် ပြင်ဆင်လာကြခြင်းလည်း ဖြစ်သည်။
မိမိတို့     ဖြတ်သန်းခဲ့ရသည့်   တစ်နှစ်တာကာလအတွင်း ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့်  ပြည်တွင်းပြည်ပ အကြမ်းဖက် အဖျက်အမှောင့်ဟူသော အကြောင်းတရားနှစ်ရပ်ကို အရင်းခံ၍ ဖြစ်ပေါ်လာသည့်     စိန်ခေါ်မှုများကို     ရင်ဆိုင်ခဲ့ကြရသည်။ လူစုလူဝေး   မပြုလုပ်ရခြင်း၊  ရှောင်ရှားရခြင်း၊  သွားလာမှုများကို ကန့်သတ်ရခြင်း  စသည်တို့အပါအဝင်  အတားအဆီးအကန့် အသတ်များ၊ အနှောင့်အယှက်အဟန့်အတားများနှင့် ခြိမ်းခြောက် မှုများ စသည်တို့က ကုန်ထုတ်လုပ်မှု၊ ရောင်းဝယ်ဖောက်ကားမှု တို့ကို  ထိခိုက်စေခဲ့ပြီး   စီးပွားရေး  တုံ့ဆိုင်းလေးကန်ခဲ့သည်။ ဤမျှမက ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ နိုင်ငံရေးကဏ္ဍများ စသည်ဖြင့်  အဘက်ဘက်တွင် ရုန်းကန်ခဲ့ကြရသည်။
နှစ်ဟောင်းကုန်၍ နှစ်သစ်သို့ကူးပြောင်းရာတွင်မူ မကောင်းမှု ဟူသမျှ   နှစ်ဟောင်းနှင့်အတူ  ကျန်ရစ်စေကာ  နှစ်သစ်နှင့်အတူ အကောင်း၊ အမွန်၊ အမြတ် မင်္ဂလာတရားတို့သာ ကြုံဆုံနိုင်ပါစေ ကြောင်း   မျှော်လင့်ဆုတောင်းကာ    တာသင်္ကြန်ခါသမယကို အေးချမ်းပျော်ရွှင်စွာ      ဆင်နွှဲဖြတ်သန်းကြရမည်ဖြစ်သည်။ ကာယကံဒုစရိုက်သုံးပါး၊   ဝစီကံ  ဒုစရိုက်  လေးပါး၊  မနောကံ ဒုစရိုက် သုံးပါးတို့ကို  ရှောင်ကြဉ်ကာ  ပေးကမ်းလှူဒါန်းခြင်း၊ သီလ‌စောင့်ထိန်းခြင်း၊ တရားဘာဝနာစီးဖြန်းခြင်း၊ ရိုသေထိုက်သူ ကို ရိုသေခြင်း၊ သူတစ်ပါးကုသိုလ်အမှုကိစ္စ၌ ကူညီခြင်း၊ အမျှဝေ ခြင်း၊ အမျှယူ သာဓုခေါ်ခြင်း၊ တရားနာယူခြင်း၊ တရားဟောခြင်း၊ အယူဖြောင့်ခြင်း ဟူသော ပုညကြိယာ ၁၀ ပါးတို့ကို စောင့်ထိန်းကြ ရမည့် အချိန်အခါပင်ဖြစ်သည်။ နှစ်ဦးအချိန်အခါကို ကောင်းမှု ကုသိုလ်များနှင့်အတူ     ဖြတ်သန်းခြင်းက   လာမည့်နှစ်သစ် အတွင်း ‌ ကောင်းခြင်းမင်္ဂလာတို့  ဆောင်ကြဉ်းလာနိုင်မည်ဟူ၍ လည်း ယုံကြည်အပ်သည်။
သင်္ကြန်ကာလပြီးဆုံး၍ နှစ်သစ်သို့ ရောက်သည့်အခါ လူတိုင်း ကိုယ်စီ   မိမိတို့ကျရာနေရာမှ   ရှေ့ခရီးသို့  ဆက်ကြရမည်။ နိုင်ငံတော်အနေဖြင့်မူ အမျိုးသားရေးလုပ်ငန်းစဉ်နှစ်ခုဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံပေါများရေး အတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။ တိုင်းပြည် သာယာဝပြောရေးဆိုသည်မှာ  တိုင်းသူပြည်သားအားလုံးဘဝ၌ လုံခြုံပျော်ရွှင်စွာဖြင့်  အလုပ်လုပ်ကိုင်နိုင်ရေး၊  တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရေးနှင့် လိုအပ်ချက်များကို တတ်နိုင် သမျှ ပြည့်စုံစေရေး ဆောင်ရွက်ပေးခြင်းပင်ဖြစ်သည်။ စားရေ ရိက္ခာဖူလုံပေါများရေးအတွက် စိုက်ပျိုးမွေးမြူ ကုန်ထုတ်လုပ်မှု များ  မြင့်မားတိုးတက်စေပြီး စားနပ်ရိက္ခာဖူလုံစေခြင်းဖြင့် ပြည်သူ များ အာဟာရပြည့်ဝစွာ စားသောက်နိုင်စေရန်လည်း ဆောင်ရွက် သွားရမည်ဖြစ်ရာ အထက်ပါ အမျိုးသားရေးလုပ်ငန်းစဉ် နှစ်ရပ် အောင်မြင်ရန်မှာ နိုင်ငံတော်အစိုးရ၏ စီမံခန့်ခွဲမှု၊ အထောက် အကူပြု အားပေးကူညီမှုများဖြင့်  ပြည်သူလူထုအားကို  ရယူ ဆောင်ရွက်ရမည်ဖြစ်သည့်အတွက် ပြည်သူ့အားသာ အခရာဟု ဆိုနိုင်သည်။
မြန်မာနိုင်ငံသူ    နိုင်ငံသားအပေါင်း   ကိုယ်ရောစိတ်ပါ ကျန်းမာချမ်းသာစွာဖြင့် မြန်မာနှစ်ကူးအခါသမယ အတာသင်္ကြန် ပွဲကို ပျော်ရွှင်ချမ်းမြေ့စွာ ဆင်နွှဲနိုင်ကြပါစေဟု မေတ္တာရေလောင်း ကာ ဆုတောင်းပတ္ထနာ ပြုအပ်ပါကြောင်း။            ။