လာမည့် ရက်သတ္တပတ်တစ်ခုကျော်အတွင်း ကလေးများ ကျောင်းအပ်နှံကြရတော့မည်။ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးသီတင်းပတ်သည် လာမည့် မေလ ၂၃ ရက်နေ့ မှ ဇွန်လ ၂ ရက်နေ့အထိ ဖြစ်ရာ သားသမီးတို့ ပညာသင်နှစ်အစ အတွက် မိဘတို့က ပြင်ဆင်ဖွယ်ရှိသည်တို့ကို ပြင်ဆင်ကြရပြီ။
လူမှန်းသိတတ်စကလေးဘဝ ဦးနှောက်မှတ်ဉာဏ်စွမ်းအား ဖွံ့ဖြိုးလာခြင်းနှင့်အတူ လက်ချောင်းကလေးများ စာရေးနိုင် အောင် သန်မာလာသည့်အရွယ် အသက်ငါးနှစ်တွင် ကျောင်းတက် ပညာသင်ယူမှု စတင်ကြခြင်းသည် ကလေးတို့၏ ဘဝခရီးအတွက် ပြင်ဆင်ဖြည့်ဆည်းမှု စတင်ခြင်းပင်ဖြစ်သည်။ နိုင်ငံဘက်မှ ကြည့်မည်ဆိုပါကလည်း ကလေးတစ်ဦး ကျောင်းသို့ဝင်ရောက် လာခြင်းသည် အနာဂတ်နိုင်ငံတော်ကို ဆက်လက်တာဝန်ယူ သွားရမည့် မျိုးဆက်သစ်တစ်ဦးအား ပြုစုပျိုးထောင်လေ့ကျင့်မှု စတင်ခြင်းဖြစ်သည်။ ဖိုးသုည၊ မယ်သုညတို့ဖြင့် နိုင်ငံကို မြင့်မား အောင်၊ ကောင်းမွန်အောင် တည်ဆောက်နိုင်မည်မဟုတ်။ အသိ ပညာ၊ အတတ်ပညာ၊ ကျွမ်းကျင်မှုတို့ပြည့်စုံသူ အရည်အသွေး မြင့်မားသည့် လူ့စွမ်းအားအရင်းအမြစ်ကသာလျှင် နိုင်ငံ၏ အနာဂတ်အင်အားများဖြစ်သည့်အလျောက် ကျောင်းနေအရွယ် ကလေးများအားလုံး ကျောင်းနေရေး၊ စာသင်ခန်းများအတွင်း ရောက်ရှိရေးသည် အမျိုးသားရေးလည်း ဖြစ်သည်။
“ပညာရေးအခြေခံမကောင်းပါက မိမိအတွက်သော်လည်း ကောင်း၊ မိမိဘဝ၊ မိသားစုဘဝနှင့် မိမိပတ်ဝန်းကျင်၊ တိုင်းပြည် နှင့်လူမျိုးကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ရန် မဖြစ်နိုင်ကြောင်း၊ ထို့ကြောင့် အခြေခံပညာကဏ္ဍတွင် လူငယ်လူရွယ်အားလုံး၊ ကျောင်းနေရမည့်အရွယ်အားလုံး ကျောင်းနေနိုင်ရေးနှင့် ပညာ ကို ဆုံးခန်းတိုင် သင်ယူနိုင်ရေးသည် အလွန်အရေးကြီးကြောင်း၊ အချိန်မတိုင်မီ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းထွက်ကြရ ပြီး ကျောင်းနှင့်ကင်းကွာ ပညာရေးနိမ့်ကျသည့် လူငယ်များ မဖြစ်အောင် တာဝန်ရှိသူများ၊ မိဘများနှင့် ဆရာ၊ ဆရာမများ က ဝိုင်းဝန်းထိန်းသိမ်းသွားကြရန် လိုအပ်သည်ကို မှာကြား လိုကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၃- ၂၀၂၄ ပညာသင်နှစ် လူရည်ချွန်မောင်မယ်များအား တွေ့ဆုံဩဝါဒစကား ပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ရာ ကလေးများအားလုံး စာသင်ခန်းများအတွင်း ရောက်ရှိရေးသည် အရေးကြီးသကဲ့သို့ စာသင်ခန်းများအတွင်းမှ အကြောင်းအမျိုးမျိုး ကြောင့် ထွက်ခွာမသွားရေး၊ ပညာရေးဆုံးခန်းတိုင်ရေးကလည်း အရေးကြီးသည်။
ကျောင်းသား ကျောင်းသူ ကလေးလူငယ်များ ပညာရေး လမ်းခုလတ်တွင် စာသင်ခန်းကို ကျောခိုင်းသွားခဲ့ကြခြင်း၏ အကြောင်းရင်းကို ခေါင်းစဉ်အမျိုးမျိုးဖြင့် ပြဆိုသော်လည်း အနှစ်ချုပ်မှာ ဆင်းရဲနွမ်းပါးခြင်းကြောင့်ပင်ဖြစ်သည်။ သို့ရာတွင် ဆင်းရဲ၍ ပညာမသင်နိုင်၊ ပညာမသင်နိုင်၍ ဆင်းရဲဟူသည့် သံသရာထဲသို့ ကျရောက်မသွားစေရန် ဦးစွာပထမ အဓိက အားထုတ်ကြိုးပမ်းကြရမည့်သူများမှာ မိဘများနှင့် ကျောင်းသူ ကျောင်းသားများပင်ဖြစ်သည်။ မိမိတို့၏ ရင်သွေးငယ်များ မပျက်မကွက် ပညာသင်ယူနိုင်ကြရန်၊ နိုင်ငံတော်က ဖော်ဆောင် ပေးထားသည့် ပညာသင်ယူနိုင်သည့် အခွင့်အလမ်းများကို ကောင်းစွာအသုံးချကာ သားသမီးတို့၏ အနာဂတ်ဘဝခရီး ဖြောင့်တန်းစေရန် အမိအဖတို့က အလေးထားဆောင်ရွက်ပေးရန် လိုသည်။ ကျောင်းသူ ကျောင်းသားတို့ကလည်း ပညာသင်ကြားရ မည့်အရွယ်တွင် ပညာကို အပတ်တကုတ်ကြိုးစားကာ ဘဝ ရည်မှန်းချက်ပန်းတိုင်သို့ မရောက်ရောက်အောင် ဇွဲ၊ လုံ့လ၊ ဝီရိယ၊ ဉာဏ်ပညာတို့ဖြင့် ကြိုးပမ်းလျှောက်လှမ်းကြရမည်ဖြစ်သည်။
ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံဖြစ်လာစေရန် နိုင်ငံသူ၊ နိုင်ငံသားတို့၏ ပညာရည်အဆင့်မြင့်မားဖို့ လိုသည်။ သို့ရာတွင် မိမိတို့နိုင်ငံ၏ ပညာရေးမှာ အားနည်းချက်များစွာ ရှိနေသည့် အလျောက် ပညာရေးမြှင့်တင်မှုကို မဖြစ်မနေဆောင်ရွက်ကြရ မည်ဖြစ်သည်။ နိုင်ငံတော်အစိုးရက ပညာရည်မြှင့်တင်ရေးအဖြစ် KG+ 9 အဆင့်အထိ မဖြစ်မနေသင်ကြားရန် မူဝါဒချမှတ် ဆောင်ရွက်နေပြီး KG+ 9 အောင်မြင်သူများအတွက် ပညာရေး အခွင့်အလမ်းသစ်များကို ဖော်ဆောင်ပေးလျက်ရှိရာ ကျောင်းသား ကျောင်းသူတစ်ဦးချင်းစီ၏ ဘဝများ တိုးတက်ကောင်းမွန်ရေး၊ နိုင်ငံတော်၏ လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးတို့အတွက် ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းအပ်နှံနိုင်ကြရန် ဝိုင်းဝန်းနှိုးဆော် ကူပံ့အားပေး အလေးထားဆောင်ရွက်ကြရ ပါမည့်အကြောင်း။ ။