ကောင်းရောင်း ကောင်းဝယ်

 

မိမိတို့နိုင်ငံအဖို့  စက်သုံးဆီသည် ပြည်ပမှတင်သွင်းနေရသည့် အရေးကြီးကုန်စည်တစ်ခုဖြစ်သည်။ ကမ္ဘာ့နိုင်ငံရေးအခြေအနေ၊ ကမ္ဘာ့ရေနံစိမ်းဈေးကွက်အခြေအနေ စသည်တို့ပေါ်တွင် မူတည် ၍ စက်သုံးဆီဈေးနှုန်း  အတက်အကျများက ဝယ်ယူတင်သွင်း နေရသည့် နိုင်ငံများဆီသို့ ဆက်လက်ရိုက်ခတ်ပြီး ပြည်တွင်း၌ လည်း စက်သုံးဆီဈေးနှုန်းအတက်အကျတို့ ဖြစ်ပေါ်သည်။ မည်သို့ ပင်ဖြစ်စေကာမူ     နိုင်ငံတွင်   မရှိမဖြစ်သုံးစွဲနေရသည့် ပစ္စည်း ဖြစ်သည့်အလျောက် ပြတ်လပ်မှုမဖြစ်စေရန်   စီမံဆောင်ရွက် ထားရသည်။


ပြည်တွင်းသို့ စက်သုံးဆီတင်သွင်းရာတွင် နှစ်စဉ်အမေရိကန် ဒေါ်လာ   သန်းတစ်ထောင်ကျော်    နှစ်ထောင်ခန့်   သုံးစွဲနေရပြီး တင်သွင်းလာသော စက်သုံးဆီများ၏ ၉၅ ရာခိုင်နှုန်းကို သယ်ယူ ပို့ဆောင်ရေးနှင့်     စက်ရုံ၊    အလုပ်ရုံများတွင်   လည်းကောင်း၊   ကျန် ၅ ရာခိုင်နှုန်းခန့်ကို   လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုတွင် လည်းကောင်း   သုံးစွဲသည်ဟု   သိရသည်။ စက်သုံးဆီဈေးနှုန်း အတက်အကျသည် သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ် အနည်း အများကို     ဖြစ်စေပြီး      ပြည်တွင်းကုန်ဈေးနှုန်းအပေါ်တွင်  သက်ရောက်မှုဖြစ်ပေါ်စေခြင်းကြောင့်     ပုဂ္ဂလိကစက်သုံးဆီ လုပ်ငန်းရှင်များ၏ စက်သုံးဆီတင်သွင်းမှု၊ သယ်ယူပို့ဆောင်မှု၊ ဖြန့်ဖြူးရောင်းချမှုတို့    စနစ်တကျဖြစ်စေရန်    နိုင်ငံတော်က  ကြပ်မတ်ထိန်းကျောင်းပေးလျက်ရှိသည်။
နိုင်ငံ၏အရေးကြီးကုန်စည်ဖြစ်သည့် စက်သုံးဆီနှင့်စပ်လျဉ်း ၍ လွန်ခဲ့သည့်လအနည်းငယ်အတွင်း မသမာသူတို့က ကောလာ ဟလများ အကြိမ်ကြိမ်ထုတ်လွှင့်ခဲ့ကြသည်။ ပြည်တွင်း၌ နိုင်ငံ ခြားငွေပြတ်လပ်မှုကြောင့် ပြည်ပမှ စက်သုံးဆီဝယ်ယူတင်သွင်း နိုင်ခြင်းမရှိတော့ကြောင်း၊        စက်သုံးဆီပြတ်လပ်တော့မည် ဖြစ်ကြောင်း စသည်ဖြင့် ပြည်သူလူထုအတွင်း စိုးရိမ်စိတ်ဖြစ်ပေါ်  လာစေရန် ပြုလုပ်ကြခြင်းဖြစ်သည်။ ဘဏ်များတွင် ငွေပြတ်လပ် နေပြီး ဘဏ်များ ပြိုလဲတော့မည်ဆိုသည်များလည်း ပါဝင်သည်။ နိုင်ငံပိုင်မီဒီယာများက ကောလာဟလများ မဟုတ်မမှန်ကြောင်း မည်မျှပင်ရှင်းလင်းဖော်ပြပေးနေစေကာမူ စက်သုံးဆီပြေးဝယ်  ၍ စုသူကစုသည်။ တစ်ယောက်လုပ်သည်ကို နောက်လူတို့က မြင်၍ လိုအပ်ချက်ကြောင့်မဟုတ်ဘဲ လက်ထဲရှိမှ စိတ်ချရမည် ဟူသော အတွေးဖြင့် ဝယ်ယူစုဆောင်းရာမှ  ပုံမှန်မဟုတ်သော ဝယ်ယူမှုဖြစ်ပေါ်လာသည်။ Demand ကို Supply  က မဖြည့် ဆည်းပေးနိုင်တော့။


မဖြစ်သင့်ဘဲ အကျပ်အတည်းဖြစ်လာသည့်အခါ မှောင်ခို ဈေးကွက်က ထုံးစံအတိုင်း ဖြစ်ပေါ်လာသည်။ ဆိုင်ဈေးတစ်လီတာ ကျပ် ၂၅၀၀ ဝန်းကျင်ရှိ စက်သုံးဆီကို ၄၀၀၀၊ ၆၀၀၀၊ ၈၀၀၀ စသည်ဖြင့် ရောင်းချကြသည်ဟု ကြားသိရသည်။ လက်ရှိအခြေ အနေတွင် စက်သုံးဆီဆိုင်များ၌ ရှည်လျားစွာ တန်းစီနေကြသည့် ကားတန်းကြီးများမြင်ကွင်းတို့ ပျောက်ကွယ်သွားပြီဖြစ်သည်။ တာဝန်သိသိ၊  သိက္ခာရှိရှိ၊  သမ္မာအာဇီဝစိတ်ဓာတ်ဖြင့် ပွင့်လင်း မြင်သာစွာရောင်းချသည့်      စက်သုံးဆီလုပ်ငန်းရှင်ကြီးများ၏ ဆောင်ရွက်ချက်ကို အသိအမှတ်ပြုရမည်ဖြစ်သကဲ့သို့ မသမာမှု ပြုကြသည့် ဝိသမလောဘသမားများကို ဖော်ထုတ်ရှုတ်ချရမည် ဖြစ်သည်။


ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး မြို့နယ် အချို့ရှိ စက်သုံးဆီအ‌ရောင်းဆိုင် ၁၆ ဆိုင်တွင် စက်သုံးဆီရှိလျက် ရောင်းချမပေးခြင်း၊ ခွင့်ပြုချက်မရဘဲ ဆီသယ်ယာဉ်ဖြင့် အခြား နေရာများသို့ သယ်ယူပို့ဆောင်ခြင်း၊ သတ်မှတ်ရည်ညွှန်းဈေးထက် ပိုမိုရောင်းချခြင်းများ ဆောင်ရွက်ခဲ့ကြောင်း ဌာနဆိုင်ရာတာဝန် ရှိသူများက စိစစ်တွေ့ရှိရသဖြင့် ဥပဒေနှင့်အညီ အရေးယူမှုများ ပြုလုပ်ခဲ့ရပြီး  ဆက်လက်၍လည်း  စစ်ဆေးဖော်ထုတ်မှုများ ဆောင်ရွက်လျက်ရှိသည်ဟု  သိရသည်။   နှစ်စဉ်  အမေရိကန် ဒေါ်လာ သန်းပေါင်း ထောင်နှင့်ချီသော အရောင်းအဝယ်လုပ်ငန်း ကို လုပ်ကိုင်ခွင့်ရထားသူများအနေဖြင့် ထိုက်သင့်သော အကျိုး အမြတ်များကိုရယူကာ    ရှဉ့်လည်းလျှောက်သာ၊  ပျားလည်း စွဲသာအောင် ဆောင်ရွက်ကြခြင်းဖြင့် နိုင်ငံနှင့် ပြည်သူကို အကျိုး ပြုကြရမည်ဖြစ်သည်။ ဝိသမလောဘဖြင့်    မတရားအကျိုးအမြတ် ရှာဖွေခြင်းက    နိုင်ငံ၏ပုံရိပ်ကို    ကျဆင်းစေပြီး    ပြည်သူလူထု ကို       အကျပ်အတည်းဆိုက်စေသကဲ့သို့    မိမိတို့ကိုလည်း  တန်ပြန်သက်ရောက်စေနိုင်သည်ဟု  သတိချပ်ကြရမည်  ဖြစ်ပါ ကြောင်း။        ။