ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနေမှုကို အထိတ်တလန့်ဖြစ်စေရန် ရည်ရွယ်၍ အကြမ်းဖက်သမားများက စာသင်ကျောင်းများ မီးရှို့ဖျက်ဆီး၊ မိုင်းထောင်ဖောက်ခွဲ

 

နေပြည်တော်   နိုဝင်ဘာ   ၃


အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည့် CRPH ၊ NUG နှင့် PDF အကြမ်းဖက်သမားများသည် တိုင်းပြည်တည်ငြိမ်အေးချမ်းမှုနှင့်   တရားဥပဒေစိုးမိုးမှုကို ပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် အချို့ဒေသများ တွင် လက်နက်ကိုင်တိုက်ခိုက်မှုများ၊ လမ်း၊ တံတားဖောက်ခွဲဖျက်ဆီးမှုများအပြင် အများပြည်သူနေထိုင် လျက်ရှိသော နေအိမ်များ၊ နိုင်ငံတော်နှင့် ပုဂ္ဂလိကပိုင် စက်ရုံ၊ အလုပ်ရုံများအား မီးရှို့ဖျက်ဆီး  ဖောက်ခွဲ တိုက်ခိုက်ခြင်းများ လုပ်ဆောင်လျက်ရှိရာ ယခုအခါ အခြေခံပညာကျောင်းများ       ပြန်လည်ဖွင့်လှစ်၍ ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနေမှုများအပေါ် ယုတ်မာပက်စက် သိမ်ဖျင်းသေးနုပ်သောအကြံဖြင့်    ကျောင်းသား၊ ကျောင်းသူများနှင့် မိဘပြည်သူများ အထိတ်တလန့် ဖြစ်စေရန်ရည်ရွယ်၍  စာသင်ကျောင်းများ မီးရှို့ဖျက်ဆီးခြင်း၊    မိုင်းထောင် ဖောက်ခွဲခြင်းများကို ဦးတည်လုပ်ဆောင်လာကြောင်း တွေ့ရှိရသည်။

 


ထိုသို့လုပ်ဆောင်လျက်ရှိရာ ဧရာ၀တီတိုင်းဒေသကြီး  မြောင်းမြ မြို့နယ်  ဖိုးကြာကုန်းကျေးရွာရှိ   မူလွန်စာသင်ကျောင်းကို     ယနေ့ နံနက် ၆ နာရီခန့်တွင် အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးခဲ့ရာ မီးလောင်မှုကြောင့် အဆိုပါကျောင်းရှိ စာသင်ခန်းနှစ်ခန်း မီးလောင် ပျက်စီးသွားခဲ့ကြောင်း သိရှိရသည်။

 


လက်လုပ်ဗုံးများဖြင့် ပစ်ဖောက်


အလားတူ နိုဝင်ဘာ ၂ ရက် ညနေ ၆ နာရီခွဲခန့်တွင် မန္တလေးတိုင်း ဒေသကြီး ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်ရှိ အမှတ်(၃၅)အခြေခံပညာအထက်တန်းကျောင်းအား လည်းကောင်း၊ ည ၇ နာရီ ၁၅ မိနစ်ခန့်တွင်   ရန်ကုန်တိုင်းဒေသကြီး     ကျောက်တန်းမြို့နယ် ဆင်မကော်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းအားလည်းကောင်း အကြမ်းဖက်သမားများက လက်လုပ်ဗုံးများဖြင့် လာရောက် ပစ်ခတ်ဖောက်ခွဲခဲ့ရာ    အဆိုပါပစ်ခတ်ဖောက်ခွဲမှုကြောင့်     လူနှင့် အဆောက်အအုံ ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရှိရသည်။

 


ဥပဒေနှင့်အညီ အရေးယူနိုင်ရေး


အထက်ပါဖြစ်စဉ်များမှ အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင် ခဲ့သူများကို ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ   အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက   ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။    

                                                
သတင်းစဉ်