ကျောင်းသားအရွယ်ကလေးငယ်တွေရဲ့ ပညာရေးကို ဦးစားပေးပြီး‌ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရေး ဆောင်ရွက်နေတဲ့ ကမ္ဘာပေါ်မှာ မြန်မာနိုင်ငံက နောက်မကျဘူးဆိုတာ ပြောကြားလိုပါတယ်

ဒေါက်တာသန်းနိုင်စိုး

=========

 

ကလေးများတွင် အသုံးပြုနိုင်သည့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးများနှင့် ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေး အသိပညာ မြှင့်တင်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးကို တွေ့ဆုံမေးမြန်းခဲ့သည်။ 
 

 

မေး။    ။ ကလေးတွေမှာ အသုံးပြုနိုင်တဲ့ ကိုဗစ် - 
            ၁၉ ရောဂါ ကာကွယ်ဆေးတွေအကြောင်း ကို ပြောကြားပေးပါဦး။
ဖြေ။    ။ ‘ဒယ်လ်တာ’ ဗိုင်းရပ်စ်ဖြစ်ပွားကူးစက်စဉ် 
            ကာလမှာ လူကြီးတွေမှာ ကာကွယ်ဆေး 
လွှမ်းခြုံမှု အားကောင်းလာတာနဲ့အတူ ဗိုင်းရပ်စ်က ကလေးတွေဘက်ကို လှည့်လာတယ်။ နိုင်ငံတကာ မှာလည်း ကလေးတွေကို ကာကွယ်ဆေးထိုးနှံပေး နိုင်ဖို့က အထူးအလေးထားပြီး ဆောင်ရွက်လာတာ ကို တွေ့ရပါတယ်။ အခုအချိန်ကာလက နိုင်ငံတကာ မှာ ကျောင်းတွေပြန်ဖွင့်နေတဲ့အချိန် ဖြစ်ပါတယ်။ 
ကိုဗစ် - ၁၉  ရောဂါဖြစ်ပွားစဉ်ကာလမှာ မြန်မာနိုင်ငံအပါအဝင် နိုင်ငံတော်တော်များများမှာ ကျောင်းတွေက ပိတ်ထားရတာဖြစ်ပါတယ်။ ကိုဗစ်- ၁၉ ရောဂါအန္တရာယ်ကင်းဝေးပြီး ကျောင်းတွေ စိတ်ချလက်ချဖွင့်နိုင်ဖို့ ကျောင်းသားအရွယ်ကလေး တွေကို ကာကွယ်ဆေးထိုးနှံပေးနိုင်မှုက အရေးကြီး ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကလေးတွေကောင်း မွန်စွာ ပညာသင်ကြားနိုင်ဖို့ ကလေးတွေအကြား ကိုဗစ် - ၁၉ ‌ရောဂါ အစုလိုက် အပြုံလိုက် ကူးစက် ခံရမှုနဲ့ ရောဂါကြောင့် သေဆုံးမှုအန္တရာယ်လျှော့ချ နိုင်ဖို့နဲ့  နောက်ဆက်တွဲဖြစ်နိုင်တဲ့  ရောဂါတွေကနေ ကင်းဝေးဖို့ ကျောင်းသားအရွယ်ကလေးငယ်တွေကို ကာကွယ်ဆေးထိုးနှံပေးမှဖြစ်မယ်ဆိုပြီး နိုင်ငံတကာ မှာ ဒီအရွယ်ကလေးတွေကို ကာကွယ်ဆေးတွေ ထိုးနှံပေးနေကြပါတယ်။ 


အစောဆုံးထိုးနှံပေးတဲ့   နိုင်ငံတွေအထဲမှာ တရုတ်နိုင်ငံနဲ့ ကျူးဘားနိုင်ငံပါပါတယ်။ ကျူးဘား နိုင်ငံဆိုရင် ဩဂုတ်လအတွင်းမှာ Soberana-02 ဆိုတဲ့ဆေးကို  ကလေးအသက်  နှစ်နှစ်လောက် အထိကို စပြီးထိုးနှံပေးပါတယ်။ ဒီဆေးကို ကျူးဘား နိုင်ငံအနေနဲ့ အသုံးပြုဖို့ အသိအမှတ်ပြုထားပြီး သူ့နိုင်ငံမှာပဲ  စတင်ထိုးနှံပေးတာ ဖြစ်ပါတယ်။ ‘ဒယ်လ်တာ’ ဗိုင်းရပ်စ်  မျိုးကွဲကြောင့် ကျူးဘား နိုင်ငံရှိ  ကလေးတွေကြားမှာ ရောဂါဖြစ်ပွားမှုတွေ မြင့်တက်လာတဲ့အတွက် ဖြစ်တယ်လို့ သိရပါတယ်။ ဒီလိုပဲ ချီလီနိုင်ငံ၊     တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အယ်လ်ဆာဘေးရိုးနိုင်ငံ၊  ယူအေအီးနိုင်ငံတွေမှာ ကလေးတွေကို စတင်ပြီး ကာကွယ်ဆေးထိုးနှံပေး နေပြီလို့ သိရှိရပါတယ်။ ချီလီနိုင်ငံမှာဆိုရင် အသက် ခြောက်နှစ်အထက်  ကလေးတွေကို  Sinovac ကာကွယ်ဆေးထိုးနှံပေးတာကို  တွေ့ရပါတယ်။ တရုတ်နိုင်ငံမှာဆိုရင် အသက် ၃ နှစ်ကနေ ၁၇ နှစ်အထိ  Sinovac ကာကွယ်ဆေးကို ၂၀၂၁ ခုနှစ် ဩဂုတ်လ ၁၅ ရက်အထိ  အကြိမ်ရေ  ၆၃ သန်း ထိုးနှံခဲ့ပြီးဖြစ်တာကို တွေ့ရပါတယ်။ Sinovac ကာကွယ်ဆေးအနေနဲ့  အသက် ၃ နှစ်ကနေ ၁၇ နှစ်အထိ  အသက်အုပ်စုအတွင်းမှာ ဘေးကင်းစိတ်ချ စွာ အသုံးပြုနိုင်ခွင့်ကို တရုတ်နိုင်ငံက ၂၀၂၁ ခုနှစ် ဇွန်လအတွင်းမှာ  ခွင့်ပြုပေးခဲ့တာ  ဖြစ်ပါတယ်။ အယ်လ်ဆာဘေးရိုးနိုင်ငံမှာ အသက် ၆ နှစ်အထက် ကနေစပြီး ထိုးနှံပေးနေတာ ဖြစ်ပါတယ်။
ထိုင်း၊  မလေးရှား၊  စင်ကာပူ၊  လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံတွေမှာ အသက် ၁၈ နှစ်အောက် ကလေးတွေကို ကာကွယ်ဆေးထိုးနှံပေးနေတာ ဖြစ်ပါတယ်။ ချီလီနိုင်ငံမှာ အသက် ၁၆ နှစ်၊  ၁၇ နှစ် အရွယ်လူငယ်တွေရဲ့ ၈၇ ရာခိုင်နှုန်း၊ အသက် ၁၄ နှစ်၊ ၁၅ နှစ်ကလေးတွေရဲ့ ၈၁ ရာခိုင်နှုန်း၊ အသက် ၁၂ နှစ်မှ ၁၃ နှစ် ကလေးတွေရဲ့ ၅၇ ရာခိုင်နှုန်းကို Sinovac  ကာကွယ်ဆေးထိုးထားပြီး  ကလေး ၁ ဒသမ ၅ သန်းအထိ ဆက်လက်ထိုးနှံပေးသွား မှာဖြစ်တယ်လို့  သိရပါတယ်။  ကမ္ဘောဒီးယားနိုင်ငံမှာ စက်တင်ဘာလ ၂၉ ရက်အထိ အသက် ၁၂ နှစ်မှ ၁၇ နှစ်အရွယ်  ကလေးနဲ့လူငယ်ဦးရေ  ၁ ဒသမ ၇ သန်းခန့်နဲ့ အသက် ၆ နှစ်မှ ၁၂ နှစ်အထိ ကလေး ဦးရေ  ၁ ဒသမ ၇ သန်းခန့်ကို Sinovac ကာကွယ်ဆေး ထိုးပေးပြီးဖြစ်ပါတယ်။ 


နိုင်ငံတကာမှာလည်း  ချမ်းသာတဲ့နိုင်ငံတွေ အပါအဝင်  ဖွံ့ဖြိုးဆဲနိုင်ငံတွေ အတော်များများမှာ အသက် ၁၈ နှစ်အောက်၊ ၁၂ နှစ်အထက်၊ အချို့ဆိုရင် ဒီထက်ပိုပြီး ငယ်တဲ့အရွယ်တွေကို ကာကွယ်ဆေးထိုးနှံပေးတဲ့အစီအစဉ်တွေကို  အင်တိုက်အားတိုက် ဆောင်ရွက်နေတာကို တွေ့ရှိရပါတယ်။ နိုင်ငံတစ်နိုင်ငံ နဲ့တစ်နိုင်ငံက သက်ဆိုင်ရာနိုင်ငံရဲ့ အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) လို  ဆေးဝါး အာဏာပိုင်အဖွဲ့အစည်းတွေရဲ့  ခွင့်ပြုချက်အပေါ် မူတည်ပြီး   ထိုးနှံပေးတဲ့     ကိုဗစ်-၁၉   ရောဂါ    ကာကွယ်ဆေးအမျိုးမျိုးရှိနိုင်ပါတယ်။ အချို့ကျတော့ ကိုယ့်နိုင်ငံအတွင်းမှာ ထုတ်လုပ်တဲ့ကာကွယ်ဆေးကို ကိုယ့်နိုင်ငံအတွင်းမှာပဲ   ထိုးနှံတယ်။    အချို့ ကာကွယ်ဆေးတွေကျတော့   နိုင်ငံတကာမှာ ကျယ်ကျယ်ပြန့်ပြန့်    ထိုးနှံနိုင်တာဖြစ်ပါတယ်။ ကျူးဘားနိုင်ငံမှာတော့ Soberana-02 တို့၊ Abdala တို့ကို   သူ့နိုင်ငံအတွင်းမှာပဲ   သူ့နိုင်ငံရဲ့  ဆေးဝါး အာဏာပိုင်အဖွဲ့အစည်းရဲ့ ခွင့်ပြုချက်နဲ့ ထိုးနှံတာ ဖြစ်တယ်။  တရုတ်ပြည်သူ့သမ္မတနိုင်ငံနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတော်တော်များများမှာတော့ Sinovac လိုမျိုး Inactivated Virus ပါဝင်တဲ့ ကာကွယ်ဆေးကို ထိုးကြတာ ဖြစ်ပါတယ်။ 
အနောက်နိုင်ငံတွေမှာ ‘ဖိုက်ဇာ’ကာကွယ်ဆေး ထိုးနှံပေးနေပါတယ်။  ဒီအချက်တွေကိုကြည့်ရင် နိုင်ငံတကာမှာ အသက် ၁၈ နှစ်အောက် ကလေး တွေအား  ကိုဗစ် - ၁၉  ရောဂါ  ကာကွယ်ဆေးထိုးနှံရေးကို အင်တိုက်အားတိုက် ဆောင်ရွက်လာနေပြီး မြန်မာ နိုင်ငံအနေနဲ့ အောက်တိုဘာလ ၁၂ ရက်ကစတင်ပြီး အသက်  ၁၂ နှစ်ပြည့်ပြီးသူ   အခြေခံပညာအလယ် တန်း၊ အထက်တန်းကျောင်းသား ကျောင်းသူတွေ ကို   စတင်ထိုးနှံနေပြီဖြစ်ပါတယ်။  ကျောင်းသား အရွယ် ကလေးငယ်တွေရဲ့ပညာရေးကို  ဦးစားပေးပြီး‌ ကိုဗစ် - ၁၉   ရောဂါ     ကာကွယ်ဆေးထိုးနှံပေးရေး ဆောင်ရွက်နေတဲ့   ကမ္ဘာပေါ်မှာ   မြန်မာနိုင်ငံက နောက်မကျဘူးဆိုတာ ပြောကြားလိုပါတယ်။ 


မေး။    ။ ကလေးတွေမှာ       ကိုဗစ် - ၁၉ ရောဂါ 
           ကာကွယ်ဆေးထိုးနှံရင်  ဘယ်လိုအကျိုး ကျေးဇူး‌တွေ ရရှိမယ်ဆိုတာကို  ပြောကြားပေးစေ လိုပါတယ်။
ဖြေ။    ။ ကလေးတွေမှာ      ကိုဗစ် - ၁၉  ရောဂါ 
            ကာကွယ်ဆေးထိုးနှံရင် လူကြီးတွေလိုပဲ အကျိုးကျေးဇူးတွေရပါတယ်။ နံပါတ် (၁)  အကျိုး ကျေးဇူးအနေနဲ့ပြောရရင်  ကလေးတွေမှာ  ရောဂါပိုး ဝင်ရောက်ကူးစက်နိုင်မှုတွေကို အတိုင်းအတာတစ်ခု အထိ လျှော့ချနိုင်မယ်။ အစုလိုက် အပြုံလိုက် ဖြစ်ပွားမှုတွေကို   ကာကွယ်ပေးနိုင်မယ်။ ရောဂါ ပြင်းထန်စွာဖြစ်ပွားမှု၊    ဆေးရုံတက်ရောက်ရမှု၊  ရောဂါကြောင့်အသက်သေဆုံးရမှုတွေကို လျှော့ချ နိုင်မယ်။ ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားပြီး ကလေးတွေမှာ Multisystem  Inflammatory  Syndrome  in Children (MIS-C) ဖြစ်ပွားတာ၊ ကိုဗစ်ရဲ့နောက်ဆက်တွဲ ရေရှည်ဆိုးကျိုး Long Covid ဖြစ်ပွားနိုင်တာ၊ ကိုဗစ်-၁၉ ရောဂါ  နောက်ဆက်တွဲ     ဦးနှောက်အာရုံကြောစနစ် ရောင်ရမ်းတာတွေကို   လျှော့ချပေးနိုင်မှာ   ဖြစ်ပါ တယ်။  ဒီ‌လိုမျိုး နောက်ဆက်တွဲရောဂါတွေကြောင့် သေဆုံးမှုတွေဖြစ်ပွားနိုင်တာကို လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။


နံပါတ် (၂) အကျိုးကျေးဇူးက ကလေးတွေကနေ တစ်ဆင့် အခြားသူတွေကို ဆက်လက် ကူးစက်နိုင် တာကို ကာကွယ်လျှော့ချပေးနိုင်တာ ဖြစ်ပါတယ်။ ကလေးတွေက  ကာကွယ်ဆေးထိုးထားလို့ ရောဂါ ကာကွယ်မှုတွေရထားရင်  သူတို့ကနေတစ်ဆင့် ဆက်လက်ကူးစက်နိုင်မှုက    နည်းသွားမယ်။ မတော်တဆများ ကလေးက ရောဂါပိုးသယ်ဆောင် လာပြီး  အသက်အရွယ်ကြီးတဲ့  ရောဂါအခံရှိတဲ့ ကာကွယ်ဆေးမထိုးထားရသေးတဲ့  အဘိုးအဘွားကို ကူးစက်စေမယ်ဆိုရင် အဲဒီအဘိုးအဘွားမှာ အသက် သေဆုံးသည်အထိ အန္တရာယ်ရှိနိုင်ပါတယ်။ ဒီလို အခြေအနေမျိုးတွေကိုလည်း ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ကလေးတွေမှာ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးထားရင်   သူတို့အနေနဲ့ ရောဂါ ဖြစ်ပွားသေဆုံးမှုကို  ကာကွယ်နိုင်တဲ့အပြင် အိမ်မှာရှိတဲ့  အသက်အရွယ်ကြီးသူတွေလည်း  အကာအကွယ်ရမှာ ဖြစ်ပါတယ်။ 


နံပါတ် (၃) အကျိုးကျေးဇူးက ကလေးတွေရဲ့ ကိုယ်ခံအားစနစ်က သူတို့ရဲ့  ခန္ဓာကိုယ်ကြီးထွား ဖွံ့ဖြိုးမှုနဲ့အတူ  ဖွံ့ဖြိုးတိုးတက်ပြောင်းလဲနေတာ ဖြစ်ပါတယ်။ ဒီအချိန်မှာ  တစ်ဖက်က  မျိုးဗီဇ ပြောင်းဗိုင်းရပ်စ်က  ဝင်လာတဲ့အခါ  ဖွံ့ဖြိုးနေတဲ့ ကလေးရဲ့ခုခံအားစနစ်နဲ့တွေ့ပြီး ဒီဗိုင်းရပ်စ်အနေနဲ့ မျိုးပြောင်းတာတွေများ  ဆက်ပြီးဖြစ်နိုင်မလား ဆိုတာကလည်း  စိတ်ပူရပါတယ်။  ကလေးတွေ ကြားထဲမှာ ကူးစက်မှုတွေ လျော့ပါးသွားတာနဲ့အမျှ ဒီလိုဗိုင်းရပ်စ်မျိုးဗီဇ  ဆက်လက်ပြောင်းလဲမှုတွေ ဖြစ်ပေါ်နိုင်တာကလည်း လျော့ကျသွားမှာဖြစ်ပါတယ်။ 
နံပါတ် (၄) အကျိုးကျေးဇူးက လူကြီးတွေက ကာကွယ်ဆေးလွှမ်းခြုံမှုရနေပေမယ့် ကလေးတွေ က ကျန်နေတော့ ကလေးတွေကြားမှာ ကူးစက်မှုတွေ မြင့်တက်လာနိုင်ပါတယ်။    

Nစာမျက်နှာ ၁၆ မှ
ကလေးတွေကိုပါ   ကာကွယ်ဆေးထိုးထားနိုင်ရင် အသက်အုပ်စုအားလုံးအတွက် ကာကွယ်ဆေး လွှမ်းခြုံမှုတွေ  မြင့်မားလာတာနဲ့အမျှ လူအုပ်စု အလိုက် ခုခံအားစနစ်တွေ အားကောင်းလာပြီး ရောဂါပိုးဝင်ရောက်ကူးစက်နိုင်မှု လျော့ကျမှာဖြစ်ပါ တယ်။ ကာကွယ်ဆေးထိုးထားတဲ့အတွက် လူတိုင်း ရဲ့သွေးထဲမှာ ရောဂါကာကွယ်တဲ့  ပဋိပစ္စည်းတွေရှိ လာတဲ့အခါ  အဲ့ဒီလိုလူအုပ်စုတွေထဲမှာ  ဗိုင်းရပ်စ်က အလွယ်တကူ     ကူးစက်ဖို့မလွယ်တော့ပါဘူး။ ဒါဆိုရင် ဒေသအလိုက် ရောဂါကူးစက်မှုနှုန်းတွေပါ သိသိသာသာ ကျဆင်းလာမှာဖြစ်တဲ့အတွက် ရောဂါ ကာကွယ်ထိန်းချုပ်ရေး  လုပ်ငန်းစဉ်ကြီးအတွက် လည်း အလွန်အကျိုးရှိပါတယ်။ 


ကူးစက်မှုနည်းမှာဖြစ်


နံပါတ် ၅ အရေးကြီးဆုံးအကျိုးကျေးဇူးက ပညာရေးဖြစ်ပါတယ်။ ကလေးတွေက ကိုဗစ် - ၁၉ ကြောင့်  ပညာသင်ကြားရေးတွေ  ရပ်တန့်နေရတယ်။ အနာဂတ်ကို ဦးဆောင်မယ့် ကလေးတွေက ကျန်းမာ ကြံ့ခိုင်ပြီး  ပညာတတ်ဖို့လိုတာဖြစ်ပါတယ်။ ဒီလို ပညာတတ်ဖို့အတွက်က  ကျောင်းပညာရေးတွေ သင်ကြားရမှာဖြစ်ပါတယ်။ ပညာသင်ကြားရေးမှာ ကလေးတွေကပါ  ကာကွယ်ဆေးထိုးနှံမှုရရှိတဲ့အခါ သူတို့ကြားမှာ   ကူးစက်မှုနည်းမှာဖြစ်ပါတယ်။ ကျောင်းမှာ ကလေးတစ်ဦးက ကိုဗစ် - ၁၉ ပိုးတွေ့ပြီ ဆိုရင် သူ့ဆရာမက Contact  ဖြစ်မယ်။ သူနဲ့အနီး အနားထိုင်တဲ့      ကလေးတွေအကုန်လုံးကလည်း Contact  ဖြစ်သွားမယ်။  ထိတွေ့တဲ့သူ  (Close Contact) တွေ အကုန်လုံးကိုလည်း ပိုး ရှိ၊ မရှိ စစ်ဆေး ပြီး  ကွာရန်တင်းဝင်ရမယ့်  သဘောမျိုးဖြစ်လာနိုင် ပါတယ်။  ဒီတော့ ဒီအတန်းက ခေတ္တပိတ်လိုက်ရမယ့် သဘောမျိုးဖြစ်သွားပြီး  ကလေးတွေရဲ့ပညာရေးကို ထိခိုက်စေပါတယ်။  ဒီလိုမထိခိုက်ရအောင် ကလေး တွေမှာ ရောဂါကာကွယ်တဲ့  ကိုယ်ခံအားတွေရ နေမယ်ဆိုရင်  စဉ်ဆက်မပြတ်  ပညာသင်ကြားရေး ကိုလည်း ကောင်းစွာအထောက်အကူပြုစေနိုင်မှာ ဖြစ်ပါတယ်။ အခုတင်ပြခဲ့တဲ့ အကျိုးကျေးဇူးတွေ ရှိတဲ့အတွက်  ကလေးတွေမှာ  ကာကွယ်ဆေးထိုးနှံ တဲ့အစီအစဉ်တွေကို  နိုင်ငံတကာမှာလည်း အားပေး ပြီး ဆောင်ရွက်နေကြတာဖြစ်ပါတယ်။


မေး။    ။ အသက် ၁၈   နှစ်အောက်ကလေးတွေမှာ 
            ကိုဗစ် - ၁၉ ကာကွယ်ဆေးထိုးပြီးရင် ဘေးထွက်ဆိုးကျိုးအနေနဲ့    ဘာတွေရှိနိုင်တယ် ဆိုတာကိုလည်း ပြောကြားပေးစေလိုပါတယ်။ 
ဖြေ။        ။  ဘေးထွက်ဆိုးကျိုးအနေနဲ့ကတော့ Sinovac 
            ကာကွယ်ဆေးမှာ  အလွန်နည်းတယ်လို့ ပြောရမှာဖြစ်ပါတယ်။         နေပြည်တော်မှာ အောက်တိုဘာ  ၁၂ ရက်အထိ အသက် ၁၂ နှစ်နှင့် အထက်ကလေးတွေ ၈၀၀ ၊ ၉၀၀ လောက် ထိုးနှံပေး ပြီးပါပြီ။  ဘေးထွက်ဆိုးကျိုးဖြစ်ခဲ့တယ်ဆိုတာကို မတွေ့ရပါဘူး။  ဒီလိုပဲ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှာ အသက် ၃ နှစ်ကနေ ၁၇ နှစ် အထိ အကြိမ်ရေ ၆၃ သန်း   ထိုးနှံပြီးဖြစ်တဲ့အခါမှာ    ပြင်းပြင်းထန်ထန် ဖြစ်ပွားတဲ့အနေနဲ့  လူဦးရေတစ်သန်းမှာ တစ်ယောက် လောက်ပဲဖြစ်ပွားတာရှိတယ်လို့ သိရပါတယ်။ ပုံမှန် ကာကွယ်ဆေးထိုး  အစီအစဉ်မှာပါတဲ့  ဝက်သက် ကာကွယ်ဆေးဆိုရင်      လူဦးရေတစ်သိန်းမှာ တစ်ယောက်လောက်က  ပြင်းပြင်းထန်ထန်ဖြစ်ပွား တတ်တဲ့ နောက်ဆက်တွဲဆိုးကျိုး adverse event following immunization (AEFI) တွေရှိတာဖြစ်လို့ Sinovac  အနေနဲ့ အလွန်စိတ်ချရတဲ့ ကာကွယ်ဆေး ထဲမှာ ပါဝင်ပါတယ်။ 
အရေးပေါ်ဆေးအဖွဲ့တွေရှိ
ဒါ့အပြင်         ကာကွယ်ဆေးထိုးပြီးနောက် ဘေးထွက်ဆိုးကျိုးတစ်ခုခုဖြစ်ပွားရင် ကာကွယ်ဆေး ထိုးစုရပ်တွေမှာ အရေးပေါ်ဆေးအဖွဲ့တွေရှိပါတယ်။ လိုအပ်တဲ့ဆေးဝါးကုသမှုတွေကို   ချက်ချင်းပေး မှာဖြစ်ပါတယ်။ အခုထိုးပေးနေတဲ့ Sinovac ဆိုရင် လည်း အသက် ၃ နှစ်အောက်အထိကို  ဆက်လက် ထိုးနှံပေးနိုင်ဖို့ သုတေသနတွေ ဆောင်ရွက်နေတာ တွေရှိပါတယ်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချီလီ၊ ကင်ညာ၊ မလေးရှား၊ ဖိလစ်ပိုင်၊ တောင်အာဖရိက စတဲ့နိုင်ငံတွေမှာ အသက် ၆ လကနေ ၁၇ နှစ်အထိ ကလေးပေါင်း ၁၄၀၀၀ ကို သုတေသန ပြုနေကြောင်း သိရှိရပါတယ်။ အဲ့ဒီလိုငယ်ရွယ်တဲ့ အုပ်စုတွေ ကိုတောင်မှ သုတေသနပြုနေတဲ့အဆင့်ဆိုတော့ ဒီဆေးရဲ့ဘေးထွက်ဆိုးကျိုးဆိုတာ အင်မတန်မှ နည်းတာဖြစ်ကြောင်း သိနိုင်ပါတယ်။ Sinovac ကာကွယ်ဆေးမှာ တွေ့နိုင်တဲ့ သာမန်နောက်ဆက်တွဲ လက္ခဏာလေးတွေကတော့       ခေါင်းမူးခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ပျို့ခြင်း၊  ခေါင်းကိုက်ခြင်း၊ အရေပြားယားယံခြင်း၊       အနီပြင်ထွက်ခြင်း၊  အန်ခြင်း၊ သတိလစ်ခြင်း၊ ဖျားခြင်း၊ ရင်ဘတ် အောင့်ခြင်းတို့ ဖြစ်နိုင်သော်လည်း များသောအား ဖြင့် ၄၈ နာရီအတွင်း ပြန်ကောင်းသွားပါတယ်။ သတိပြုရမယ့်အချက်တစ်ခုက ကာကွယ်ဆေးထိုး ပြီး ပြင်းထန်တဲ့ဘေးထွက်ဆိုးကျိုးတွေ  ဖြစ်ပွား ရင်လည်း  ဆေးထိုးပြီး မိနစ် ၃၀ အတွင်းမှာပဲ ဖြစ်ပွားတာများပါတယ်။ နိုင်ငံတကာမှာ လေ့လာ ချက်တွေအရ ပထမ ၁၅ မိနစ်အတွင်းက ပိုပြီး ဖြစ်တတ်ပါတယ်။ ဒီတော့ ဆေးထိုးပြီး နာရီဝက် စောင့်ဆိုင်းဖို့က အင်မတန်အရေးကြီးပါတယ်။ ဒါကြောင့် နာရီဝက်စောင့်ဆိုင်းဖို့ ပြောကြားတာ ဖြစ်ပြီး အမှန်တကယ်လည်း စောင့်ဆိုင်းဖို့ လိုအပ် ကြောင်း တင်ပြလိုက်ရပါတယ်။ 
မေး။    ။ ဖြည့်စွက်ပြောကြားလိုတာရှိရင် ပြောကြား               ပေးပါ။


ဖြေ။    ။ နိုင်ငံတကာမှာလည်း အသက် ၁၂ နှစ်နှင့် 
            အထက်အပြင် အသက် ၁၂ နှစ်အောက် ကလေးတွေကိုလည်း   လက်လှမ်းမီထိုးနှံနိုင် သလောက်  သုတေသနတွေ အဆင့်ဆင့်ပြုလုပ်ပြီး ကိုဗစ် - ၁၉ ရောဂါ  ကာကွယ်ဆေးထိုးနှံပေးနေတဲ့ နိုင်ငံတွေလည်း ရှိနေပါတယ်။  ဒါကြောင့်  ပြည်သူတွေ အနေနဲ့လည်း ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးကို မိမိတို့အလှည့်၊   မိမိတို့သားသမီးတွေ   အလှည့် ရောက်လာရင်  မပျက်မကွက်ထိုးနှံမှုတွေ ခံယူကြဖို့ ပြောကြားလိုပါတယ်။ 
ကျေးဇူးတင်ပါတယ်။