
ခင်မောင်ညို (ဘောဂဗေဒ)
=============
(၁၂-၈-၂၀၂၁ ရက်နေ့မှအဆက်)
သူ့ကိုမငှားပါနှင့်၊ သူက ရာဇဝတ်သားဟောင်းတစ်ယောက်
ကျွန်တော်တို့၏ လူ့အဖွဲ့အစည်းတွင် တရားမျှတမှုနှင့် ပတ်သက်၍ စိတ်ဝင်စားစရာကောင်းသည့် သဘောတရားတစ်ခုရှိသည်။ လူတစ်ယောက်က ပြစ်မှုကျူးလွန်သည့်အခါ ပြစ်ဒဏ်များချမှတ်သင့် သည်၊ ပြစ်ဒဏ်ခံစားရသင့်သည်ဟု ကျွန်တော်တို့ ပြောလေ့ရှိကြသည်။ အကြောင်းတရားအများအပြားကြောင့် ထိုအချက်ကို ကျွန်တော် သဘောတူပါသည်။ သို့သော် ပြစ်ဒဏ်ကျခံပြီးသားသူတစ်ယောက်နှင့် ပတ်သက်၍မူ လူ့အဖွဲ့အစည်းက တစ်ခုလွန်သွားတတ်သည်။ “မင်းဥပဒေကို ချိုးဖောက်တဲ့အတွက် ပြစ်ဒဏ်ခံရပြီးပြီ” ဟုမပြောဘဲ မပြီးသေးဘူးဟုသာ ပြောတတ်ကြသည်။ အာဃာတကြောင့်သော် လည်းကောင်း၊ မသိနားမလည်မှုကြောင့်သော်လည်းကောင်း၊ ထိုရာဇ ဝတ်သားဟောင်းများနှင့် ပတ်သက်၍ ဆက်ဆံပုံတို့ကြောင့် ရာဇဝတ်သား ဟောင်း ၈၀ ရာခိုင်နှုန်းကျော်သည် ထောင်ထဲသို့ပြန်ရောက်ကြကြောင်း နေရာအတော်များများတွင် တွေ့ရှိခဲ့ရသည်။ သူတို့သည် လွတ်လပ် မှုကိုလိုသည်ထက်ပို၍ ရယူလိုသောကြောင့် သံတိုင်များ၏ နောက် တွင်နေထိုင်ရန် ပြန်ဝင်ရောက်လာရခြင်းဖြစ်သည်။
အကယ်၍ ရာဇဝတ်သားဟောင်းတစ်ယောက်က အလုပ်ခန့် မည့်သူကို အမှန်အတိုင်းပြောပြခဲ့လျှင်လည်း သူ့အားမည်သူမျှအလုပ် ခန့်ရဲကြမည်မဟုတ်ပေ။ သူ့အမှားကို ပြန်လည်ပြင်ဆင်ခွင့်ပြုမည် မဟုတ်ပေ။ အမှန်တရားကို ပြောမပြဘဲထားပြီးနောက် နောင်အခါကျ မှ အမှန်တရားထွက်ပေါ်လာခဲ့လျှင်လည်း သူဘယ်လောက်ပင် အရည် အချင်းရှိရှိ အလုပ်ပြုတ်မှာ သေချာသည်။ အကြောင်းပြချက်မှာ ရှင်းပါ သည်။ ကျွန်တော်တို့အနေဖြင့် ရာဇဝတ်သားဟောင်းဟုမမြင်ဘဲ ရာဇဝတ်သားတစ်ယောက်ဟုသာ မြင်နေတတ်ကြသည်။ သူခိုး တစ်ယောက်၊ လူလိမ်တစ်ယောက်၊ အတုအယောင် သမားတစ်ယောက်၊ ထောင်ထွက်တစ်ယောက်ဟု မြင်နေကြသည်။ ထို့ကြောင့် ရာဇဝတ် သားဟောင်းများကို လူဆိုးများအဖြစ်သာမြင်ပြီး ထိုအတိုင်း ဆက်ဆံ တတ်ကြသဖြင့် ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်ကြရသည်။
အကြိမ်ကြိမ်အခါခါ ဒုက္ခများတွေ့ပြီးနောက် ရိုးရိုးသားသား ပြုပြင်ပြောင်းလဲရန် ကြိုးစားသည့်အခါတွင် သူတို့၏ အခြေအနေများ ကို စဉ်းစားဆင်ခြင်စ ပြုလာကြသည်။ သူတို့၏ ဆင်ခြင်ပုံမှာ “လူတိုင်း က ငါ့ကို ရာဇဝတ်သားဟောင်းတစ်ယောက်လို့မြင်နေတယ်။ ဘယ်သူ ကမှ ငါ့ကိုမယုံဘူး။ ငါဟာ နောက်ထပ်လုပ်ဦးမှာပဲလို့ ထင်နေတယ်။ အဲဒီတော့ သူတို့က ငါ့ကို အမြဲတမ်းစောင့်ကြည့်နေကြတယ်။ ငါ တစ်ချက်လေးမှားလိုက်တာနဲ့ ထောင်ထဲကိုပြန်ပို့မှာ သေချာတယ်။ အဲဒီလောက်ကြာရှည်နေနိုင်ဖို့ဆိုရင် ငါ့မှာပိုက်ဆံရှိမှဖြစ်မယ်။ ပိုက်ဆံရအောင် လုပ်နိုင်တဲ့နည်းကလည်း တစ်ခုပဲ ရှိတယ်။ ယခင်က လမ်းကြောင်းအတိုင်း ပြန်လျှောက်မှရမယ်” ဟု မှတ်ယူတတ်ကြသည်။ ဤဆင်ခြင်ပုံကပင်လျှင် သူတို့ကို ပြစ်မှုများ ထပ်မံကျူးလွန်စေကာ ထောင်ထဲသို့ ပြန်ရောက်စေခဲ့သည်။
ထိုသို့မြင်ခြင်းကပင်လျှင် ပြဿနာဖြစ်စေသည်။ ယခုအခါ အဖြေကိုရှာကြည့်ကြပါစို့။ ပထမဦးစွာ လူ့အဖွဲ့အစည်းကို အောင် အောင်မြင်မြင် ပြန်ဝင်လာသူတစ်ဦးအဖြစ် အာရုံပြုကြည့်ပါ။ လူ့အဖွဲ့ အစည်း၏ အဖွဲ့ဝင်တစ်ယောက်အနေဖြင့် သူလုပ်ခဲ့သည့်အမှားအတွက် ပြစ်ဒဏ်ချမှတ်ရုံဖြင့်မပြီးပါ။ ပြဿနာအားလုံးကို ဖြေရှင်းရန်အတွက် သင်ကြားပြသပေးနိုင်သည့် ဇာစ်မြစ်တစ်ခုဖြစ်သော သမ္မာကျမ်းစာကို ပြန်ကြည့်ပါ။ လုကာကျမ်း (၁၇-၃)၌ ယေရှုက “ကျွန်တော်တို့၏ ညီနောင်များက ကျွန်တော်တို့ကို ဆန့်ကျင်သဖြင့် သူ့ကိုပြစ်ဒဏ် ပေးပြီးနောက် သူနောင်တရသည်၊ သူ့အမှားကို သူသိသည်ဆိုလျှင် သူ့ကိုခွင့်လွှတ်ပြီး ဆက်ဆံသင့်သည်”ဟု ဆိုခဲ့သည်။
ဂျွန်၏ အဆုံးအမများကို အခန်း (၈)၌လည်း ဤအကြောင်းနှင့် ပတ်သက်၍ ဖွဲ့ဆိုထားသည့်အဖြေများကို တွေ့ရှိနိုင်သည်။ ကာမေ သုမိစ္ဆာစာရကံ ကျူးလွန်သည့် အမျိုးသမီးတစ်ယောက်ကို ဖရီရှဲများက ခေါ်သွားသည့်အခန်းဖြစ်သည်။ မိုးဇက်က ပြဋ္ဌာန်းထားသည့် ဥပဒေအရ ဆိုလျှင် သူ့အား ကျောက်တုံးများဖြင့် ဝိုင်းပစ်ခြင်းခံရမည်။ ထိုအခါ ယေရှုထံသို့ခေါ်သွားပြီး သူ့ကို ဘာလုပ်မည်နည်းဟု မေးကြသည်။ ပထမ၌ ယေရှုကမဖြေပေ။ သဲထဲမှာ တစ်စုံတစ်ရာကို ရေးသားနေသည်။ ထိုအချိန်၌ အမျိုးသမီးကို နှိပ်စက်ချင်သူများက ဇွဲမလျှော့ကြဘဲ “ဘာလုပ်ရမည်နည်း” ဟု ထပ်မေးသည့်အခါ ယေရှုကထပြီး “မင်းတို့ထဲ က ဒုစရိုက်မှုမကျူးလွန်ဖူးတဲ့ သူတစ်ယောက်လောက်က သူ့ကိုအရင် ဆုံးခဲနဲ့ပစ်”ဟု ပြောလိုက်သည်။ ဤအကြောင်းကို သမ္မာကျမ်းစာက လှလှပပဖွဲ့ဆိုထားခဲ့သည်။ ထိုစကားကိုကြားရသည့်အခါ ကိုယ့်ကိုယ် ကိုယ်လိပ်ပြာမသန့်သဖြင့် တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွား ခဲ့ကြသည်။ သင့်ကိုယ်တွင်းမှာရှိသည့် အရာကိုသာ သင်မြင်နိုင်ကြောင်း ကို ခင်ဗျားကြားဖူးခဲ့ပြီးဖြစ်သည်။ အခြားသူများ၏ကိုယ်ထဲမှ အကောင်း များကိုသာရှာပါ။ ထိုသို့ ရှာခြင်းအားဖြင့် သင့်ကိုယ်ထဲက အကောင်းများ ကိုလည်း ရှာဖွေတွေ့ရှိလာနိုင်သည်။
လူအတော်များများက နှစ်ခွကျင့်သုံးကြသည်
မုန့်ဖုတ်သမားတစ်ယောက်က သူ့ကိုထောပတ်ပေးပို့နေသည့် လယ်သမားတစ်ယောက်သည် အလေးခိုးသည်ဟုထင်နေသည်။ အလေး ကို သေသေချာချာ ပြန်ချိန်ကြည့်သည့်အခါ သူသံသယဖြစ်တာ မှန် နေကြောင်းတွေ့ရှိရသည်။ ထိုအခါ လယ်သမားကို အရေးယူခိုင်းသည်။ တရားရုံးတော်၌ လယ်သမား၏ ထုချေချက်များကို ကြားရသည့်အခါ တရားသူကြီးက လက်ခံသည်။ လယ်သမားမှာ ချိန်ခွင်များ၊ ကတ္တားများ လုံးဝမရှိ။ ထို့ကြောင့် မုန့်ဖုတ်သမားထံမှ နေ့စဉ်ဝယ်ခဲ့သော တစ်ပေါင် လေးသည့် ပေါင်မုန့်များကိုသာ အလေးချိန်အဖြစ်သုံးခဲ့ရာမှ ထိုပေါင် မုန့်မှာ အလေးချိန်လျော့နေသည်ကို တွေ့လိုက်ရခြင်းဖြစ်သည်။
စီရင်ချက်ချခံရသည့်သူများနှင့် မခံရသည့်သူများ၏ ခြားနားချက် မှာ အဖမ်းခံရခြင်းနှင့် မခံရခြင်းသာ ကွာခြားသည်။ အမြတ်ခွန်ကို ရှောင်ရှားသည့်အတွက်သာ ဖမ်းမည်ဆိုလျှင် လူအတော်များများအနေ ဖြင့် သူတို့ကိုယ်များပေါ်တွင် ရာဇဝတ်သားဟောင်းဆိုသည့် တံဆိပ်များ ကို ချိတ်ဆွဲခံထားရဖွယ်ရှိသည်။ သတ်မှတ်မိုင်နှုန်းထက် ပိုမောင်း သည့် ယာဉ်မောင်းတိုင်းသာ အဖမ်းခံရလျှင် လူအတော်များများမှာ ယာဉ်မောင်းလိုင်စင်မရှိဘဲ ဖြစ်နေကြမည်။ ယခုအခါ တောင်တစ် ခုခုကို ကျော်ဖြတ်ခြင်း၊ ကွေ့တစ်ခုခုကို အရှိန်ပြင်းပြင်းဖြင့် မောင်းနှင် ခြင်း၊ ရပ်ပါဆိုလျက်နှင့် မရပ်တန့်ခြင်း၊ အရက်သောက်ပြီး ကားမောင်း ခြင်းများအတွက် လိုင်စင်အသိမ်းခံကြရမည်။ ဥပဒေကိုချိုးဖောက် သည့်အခါ ပြစ်ဒဏ်ချမှတ်သင့်ကြောင်း ကျွန်တော်ထပ်လောင်းပြော လိုသော်လည်း မျှမျှတတဖြစ်ဖို့ဆိုလျှင် ထိုပြစ်ဒဏ်ကို ကျခံပြီးသည် နှင့် စာရင်းပိတ်လိုက်ရန်ကောင်းသည်။ ဤနည်းအားဖြင့် သူတို့ကိုယ် သူတို့လည်း ပြုပြင်နိုင်ပြီး လူ့အဖွဲ့အစည်းကိုလည်း အကျိုးပြုနိုင်မည်။ ပြဿနာအတော်များများမှာ ကျွန်တော်တို့က သူတို့ကို မြင်ပုံမြင်နည်း ပေါ်၌ မူတည်နေသည်။ တကယ်တော့ ရာဇဝတ်သားဟောင်းများသည် ကျွန်တော်တို့ထက် ရှေ့သို့ရောက်နေပြီးလျှင် သူတို့ကပေးစရာရှိသည့် ကြွေးမြီများကို ပြစ်ဒဏ်ကျခံပေးဆပ်ပြီးပြီ။ ကျွန်တော်တို့ကသာ အဖမ်းမခံရသေးသဖြင့် ရာဇဝတ်ကြွေးများကို မပေးဆပ်ရဘဲ ရှိနေ သေးသည်။
ကျွန်တော့်အနေဖြင့် ပထမဆုံးအကြိမ်အဖြစ် ရာဇဝတ်မှု ကျူးလွန်မိသည့် လူငယ်တစ်ယောက်အတွက် အကောင်းဆုံးသော ကုသနည်းမှာ အလုပ်တစ်ခုခုကို ခိုင်းခြင်း၊ အခြားသော ပြစ်ဒဏ်တစ်ခုခု ကိုပေးခြင်းဟု ထင်သည်။
ဤအခြေခံသဘောတရားကို အမေရိကန်အကျင့်သီလဆိုင်ရာ ပညာရေးသိပ္ပံက ခိုင်ခိုင်မာမာ ယုံကြည်သည်။ ဆရာများအတွက် အထောက်အကူတစ်ခုအဖြစ် ဖွင့်လှစ်ထားသည့် သူတို့သင်တန်း၌ ကျောင်းနေသည့်အရွယ်ရှိ ကလေးငယ်တစ်ယောက်ကို သူတို့၏ အပြုအမူကြောင့် ရရှိနိုင်မည့်ရလဒ်များအကြောင်းကို စဉ်းစားတတ်ဖို့ သင်ပြထားလျှင် ကောင်းကောင်းနေထိုင်ကြ ပြုမူလာကြလိမ့်မည် ဟူသော သီအိုရီအပေါ်၌ အခြေခံသည်။ ဤသင်ခန်းစာများသည် မူကြိုအဆင့်မှစ၍ ငါးတန်းအထိ အကျုံးဝင်ပြီးလျှင် ဒေသဆိုင်ရာ ကျောင်းပေါင်း ၅၀၀ ၌ စမ်းသပ်ခဲ့ပြီးဖြစ်သည်။ အင်ဒီယာနာပြည်နယ်ရှိ ပြည်သူပိုင် ကျောင်းအမှတ် (၆၃)က ဤနည်းလမ်း၏ ထိရောက်မှုကို သေသေချာချာ နမူနာပြသခဲ့သည်။ ၁၉၇၀ ပြည့်နှစ်မတိုင်မီက ဤကျောင်းသည် လူမျိုးရေးအဓိကရုဏ်းများစွာ ဖြစ်ပွားနေသည့် နေရာ၌ တည်ထောင်ခဲ့ခြင်းဖြစ်သည်။ မှန်တံခါးတော်တော်များများ ကွဲအက်ပြီး အစားထိုးတပ်ဆင်ခဲ့ရသည်။ ကလေးငယ်တော်တော် များများတို့သည် ယဉ်ကျေးမှုမရှိ။ ဆရာ ဆရာမများကိုလည်း တလေး တစား ဆက်ဆံခဲ့ကြခြင်းမရှိ။ မိမိတို့ကျောင်းနှင့်ပတ်သက်၍ ဂုဏ်ယူ တတ်ခြင်းလည်း မရှိပေ။
သို့သော် ၁၉၇၀ ပြည့်နှစ် စက်တင်ဘာလမှစ၍ မှန်ကွဲသည့် တန်ဖိုးများမှာ ဒေါ်လာ ၁၀၀ အောက် ကျဆင်းသွားသည်။ ထိုသို့မှန်ကွဲရခြင်းမှာလည်း မတော်တဆမှုကြောင့်သာဖြစ်သည်။ ယခုအခါ ကလေးများသည် ဆရာ ဆရာမများကို လေးစားတတ်၊ ကြည်ညိုတတ်လာကြသည်။ တစ်ယောက်အတွက်အများ၊ အများ အတွက် တစ်ယောက်ဆိုသည့် ခံစားချက်များလည်း ထားရှိလာကြ သည်။
ဤဒဿနကို မူကြိုကလေးများနှင့် ၁၆ နှစ်အထက်လူကြီးများ ကို စမ်းသပ်ကျင့်သုံးခဲ့လျှင်လည်း အလုပ်ဖြစ်မှာ သေချာပါသည်။ ဤလက်တွေ့ကျသည့် နည်းလမ်းကို အသက်ငယ်ငယ်ကပင် အိမ်၌ မိဘများက ကျင့်သုံးစေခဲ့လျှင် ပြစ်မှုများလျော့နည်းသွားမည်ဟု ယုံကြည်ပါသည်။ “စည်းကမ်းရှိခြင်း” ဆိုသည့် စာအုပ်၌ ဒေါက်တာ ဂျိမ်းဒေါ့ဆင်ဖော်ပြခဲ့သလို စည်းကမ်းဆိုသည်မှာ ကလေးတစ်ယောက် အတွက် လုပ်ပေးခြင်းသာဖြစ်ပြီး ကလေးကို အလုပ်ပေးနေခြင်း မဟုတ်ဟု နားလည်နိုင်သည်။
အမှန်တရားနှင့် စိတ်ကုပညာဂိုဏ်း၏ဖခင် ဝီလျံဂလက်ဆာက မိဘများအနေဖြင့် စည်းကမ်းဆိုသည်မှာ ကလေး၏လက်မခံနိုင်စရာ အပြုအမူများနှင့် ပတ်သက်သည်ဟု နားလည်ခြင်း၊ ကလေးတစ် ယောက်အား မေတ္တာဖြင့် အမှားပြင်ပေးခြင်းသာဖြစ်သည်ဟု လက်ခံ အသိအမှတ်ပြုခြင်း ရှိစေရမည်ဟု ဆိုခဲ့သည်။ ပြစ်ဒဏ်ပေးခြင်းသည် လူတစ်ယောက်စီကိုဦးတည်၍ ဒေါသတကြီးဆောင်ရွက်ခြင်းဖြစ် သဖြင့် ထိခိုက်နာကျင်ခံစားမှုကြောင့် နောင်တရကြသည်။ စည်းကမ်း နှင့်အပြစ်ဒဏ်ပေးခြင်းတို့၏ ခြားနားချက်ကို ကလေးများကောင်း ကောင်းနားလည်စေရန်အတွက် ဒေါက်တာဂလက်ဆာက စည်းကမ်း နှင့်ပတ်သက်၍ အကြံပြုချက်များကို တင်ပြခဲ့သည်။ မေတ္တာဖြင့် ထိန်းချုပ်မှုပြုခြင်းဖြင့်သာ ကလေးငယ်တစ်ယောက်အတွက် မိဘ တစ်ဦး၏တန်ဖိုးကို ဖော်ပြရာရောက်နိုင်သည်။ ခင်ဗျားလုပ်သမျှ အရာများသည် အခြားသူများကို အကောင်း(သို့)အဆိုးသော်လည်း ကောင်း၊ အပြုသဘော (သို့) အဖျက်သဘောကိုလည်းကောင်း ဖြစ်စေ နိုင်သည်။ ထို့ကြောင့် ရှုထောင့်မှန်မှန်ရှုမြင်ပြီး အခြားသူများအပေါ်တွင် သဘောထားကောင်းကောင်းထားနိုင်ဖို့က အရေးကြီးပါသည်။ ကျွန်တော်တို့နှင့် ထိတွေ့ဆက်ဆံနေရသည့် သူအားလုံး၏ ဘဝ အတွက် ကျွန်တော်တို့သည် တစ်ခန်းတစ်ကဏ္ဍမှ ပါဝင်နေကြရသည်။ တကယ်တော့ အခြားသူတစ်ယောက်၏ ဘဝအတွက် ကျွန်တော်တို့၏ လက်ထဲတွင် သော့တစ်ချောင်းကိုင်ထားကြသည်။ အခြားသော ဇာတ် လမ်းတစ်ခုကလည်း အခွင့်အလမ်းများနှင့် တာဝန်များအကြောင်းကို ပြောပြနိုင်ပါလိမ့်မည်။
ကျေးဇူးပြု၍ သော့ပေးပါ
ဘုရားရှိခိုးကျောင်းတစ်ခု၌ အဘိုးအိုတစ်ယောက်က အော်ဂင်ကို စိတ်ပါလက်ပါတီးခတ်နေသည်။ ထိုအချိန်၌ ညနေစောင်းဖြစ်သဖြင့် ဝင်လုဆဲဆဲနေရောင်က မှန်ပြတင်းပေါက်များမှတစ်ဆင့် ထိုးကျလာ ပြီး ထိုလူကြီးကို နတ်သားလိုပင် ထင်မှတ်မှားစရာဖြစ်စေသည်။ သူသည် ဝမ်းနည်းဆွေးမြည့်ဖွယ် သီချင်းတစ်ပုဒ်ကို နိုင်နိုင်နင်းနင်း တီးခတ်နေသည်။ အဘယ်ကြောင့်ဆိုသော် သူ့နေရာကို လူငယ် တစ်ယောက်ဖြင့် အစားထိုးပြီး ခန့်ထားခြင်းခံရ၍ ဖြစ်သည်။ အမှောင် ကျရောက်လာသည့်အခါ ဘုရားကျောင်း၏ နောက်ဖေးပေါက်မှ လူငယ်တစ်ယောက်က ခပ်သုတ်သုတ် ဝင်ရောက်လာသည်။ သူဝင်လာ သည်ကို မြင်သည့်အခါ အဘိုးအိုက အော်ဂင်မှသော့ကိုဆွဲနုတ်ပြီး အိတ်ထဲသို့ထည့်ကာ ဘုရားကျောင်း၏ နောက်ဖေးပေါက်မှ ထွက်ခွာ ရန် ထလာခဲ့သည်။ လူငယ်က အဘိုးအိုအနားသို့ ရောက်သည့်အခါ လှမ်းပြီး “သော့ကလေး ကျေးဇူးပြုပါ”ဟု တောင်းခံလိုက်သည်။ အဘိုးအိုက သူ့အိတ်ထဲမှ သော့ကိုထုတ်ပြီးပေးလိုက်သည့်အခါ လူငယ်က ခဏမျှဆိုင်းငံ့ကာ ခုံပေါ်၌ထိုင်ပြီး သော့ကိုဖွင့်၍ တီးခတ် သည်။ လူငယ်မှာ ပါရမီရှင်တစ်ယောက် ဖြစ်နေသည်။ ထိုအော်ဂင်မှ ယခုကဲ့သို့သာယာသော ဂီတသံမျိုးတစ်ခါမျှ ထွက်ပေါ်လာခြင်းမရှိခဲ့ပေ။ ထိုဂီတသံက ဘုရားကျောင်းကိုလည်းကောင်း၊ မြို့ကိုလည်းကောင်း၊ တစ်ပြည်လုံးကိုလည်းကောင်း လွှမ်းမိုးသွားခဲ့သည်။ ဤသို့ဖြင့် ဂျွန်ဆီဘက်ခရှန်၏ ပထမဆုံးသော ဂီတသံကို ကမ္ဘာကကြားလိုက်ရ ခြင်းဖြစ်သည်။ အဘိုးအိုက ပါးပြင်ပေါ်သို့ မျက်ရည်များ ယိုစီးကျလျက် “ကြည့်စမ်း၊ ငါသာသော့မပေးလိုက်ခဲ့လျှင် ဘာဖြစ်သွားမလဲ”ဟု ပြောလိုက်သည်။
အဘိုးအိုအနေဖြင့် လူငယ်ကို သော့ပေးလိုက်ပြီးသည့်နောက် တွင် ထိုသော့ကိုမြင်၍ လူငယ်က အပြည့်အဝအသုံးချနိုင်ခဲ့သည်မှာ အလွန်ရှင်းပါသည်။ ကျွန်တော်တို့ကလည်း အခြားသူများ၏ အနာဂတ် အတွက် သော့ကိုကိုင်ထားခဲ့ကြသည်။ ကျွန်တော်တို့တစ်တွေသည် တကယ်တော့ တစ်ယောက်တည်းနေကြသည်မဟုတ်။ ကျွန်တော် တို့၏ အပြုအမူများက အခြားသူများအပေါ်တွင် အကျိုးသက်ရောက်မှု ရှိသည်။ ကျွန်တော်တို့ မည်သည့်အခါကမျှ မသိခဲ့သည့်သူများအပေါ်၌ ပင်လျှင် ကျွန်တော်တို့၏ အပြုအမူများက အကျိုးသက်ရောက်စေသည်။ ထို့ကြောင့်ပင် ကျွန်တော်တို့၏ ကိုယ်ရေးကိုယ်တာ ဘဝများကိုကျော် လွန်ပြီး ကျွန်တော်တို့မှာ ရှိသမျှအကောင်းဆုံးအရာများကို ထုတ်ဖော် ပြရန်အတွက် တာဝန်လည်းရှိ၊ ဝတ္တရားလည်းရှိပါသည်။ ။
- Log in to post comments