
မှတ်မှတ်ရရဆိုရလျှင် ၂၀၀၉ ခုနှစ် ဇူလိုင်လ ၃၀ ရက် မိုးကသဲသဲမဲမဲ ရွာနေသည်။ မိုးတွေက ရွာနေသောကြောင့် ပတ်ဝန်းကျင်ကလည်း မိုးစက် မိုးပေါက်တို့ကြောင့် ဝေဝါးနေသည်။ ကျွန်တော့်အသက်အရွယ်ကြောင့်လည်း ဝေဝါးနေတာဖြစ်ပါသည်။ ကျွန်တော်၏ အသက်သည် ၈၄ နှစ်တင်းတင်း ပြည့်မြောက်ခဲ့ပြီဖြစ်၏ ဟူသော အဖွင့်ဖြင့် လေထန်ထန် မိုးသည်းသည်းနေ့ တစ်နေ့တွင် စာရေးသူ တင့်ဆွေ (ဖျာပုံ) က ကျောပိုးအိတ်လေးကို ချီကာလွယ်ဆိုသည့် ဘဝမှတ်တမ်းစာစုကို အစပြုမွေးဖွားဖြစ်ခဲ့သည်။
ဇနီးသည် ကွယ်လွန်ပြီး ၂၅ ရက်အကြာတွင် ဤစာအုပ်ကို စတင်ရေးဖွဲ့ခဲ့ခြင်းဖြစ်ပြီး စာအုပ်တွင် စာရေးသူ၏ ဇနီးသည် အပေါ်ထားရှိသည့် မေတ္တာ တရား၊ လွမ်းဆွတ်သတိရမှုတို့ကို လှစ်ဟပြခဲ့သည်။
တာဝန်ထမ်းဆောင်
ထို့ပြင် တပ်မတော်သားရဲဘော်ဘဝမှ တိုင်းမှူး အထိ တပ်မတော်၌ ကျရာတာဝန်များကို ဦးလည် မသုန်ထမ်းရွက်ခဲ့ရပုံ စစ်သားဘဝအတွေ့အကြုံများ၊ လွတ်လပ်ရေးကြိုးပမ်းမှု ကာလမှစ၍ လွတ်လပ် ရေးရရှိပြီး သောင်းကျန်းမှု ချေမှုန်းရေးကာလများ တွင် တပ်မတော်၌ စစ်ဆင်ရေး၊ လေ့ကျင့်ရေး၊ စီမံရေး တာဝန်ထမ်းဆောင်ခဲ့ ရပုံများကိုလည်း ရေးဖွဲ့ထားသည်။
ပညာဗဟုသုတ တိုးပွားပြီး အကျိုးများစေ
ထို့အတူ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး၊ ဝန်ကြီးချုပ်ရုံး ဒုတိယဝန်ကြီး၊ အမှတ်(၁)စက်မှုဝန်ကြီးဌာန ဝန်ကြီးတာဝန်များကို ထမ်းဆောင်ခဲ့ရသည့် အတွေ့အကြုံများ၊ ဘဝအကွေ့အကောက်၊ အတက်အကျစုံတို့ကို ဤစာအုပ်တွင် စာရေးသူက အချိုးအစားညီမျှစွာ မှတ်တမ်းတင် ရေးဖွဲ့ထားရာ ပညာဗဟုသုတ တိုးပွားပြီး အကျိုးများစေသည့်အတွက် ဖတ်ရှုရန် ညွှန်းဆိုလိုပါသည်။
ကျောပိုးအိတ်လေးကို ချီကာလွယ်စာအုပ်သည် စာရေးသူ တင့်ဆွေ(ဖျာပုံ)က ရေးသားထားပြီး ၂၀၁၀ပြည့်နှစ်တွင် အမျိုးသားစာပေဆု(စာပဒေသာ)ဆုရရှိခဲ့သည့် စာအုပ်ကောင်း တစ်အုပ် ဖြစ်သည်။ ယခုအခါ ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနက ပဉ္စမအကြိမ် ပြန်လည် ထုတ်ဝေခဲ့ခြင်းဖြစ်သည်။
ကျောပိုးအိတ်လေးလို
မြေပြန့်တောင်ပေါ်၊ ပင်လယ်ကမ်းရိုးတန်း၊ မြန်မာပြည်အနှံ့ တာဝန်ကျရာ ဒေသများသို့ ကျောပိုးအိတ်လေးလို လိုက်ပါနေရပြီး ဆင်းရဲအတူ၊ ချမ်းသာမခွဲ၊ ဝါးတဲတန်းလျား၊ စစ်မြေပြင် မကျန် တစ်ဦးနှင့် တစ်ဦး ချည်နှောင်တွယ်တာခဲ့ရသူ ချစ်ဇနီးကို စစ်သားတစ်ယောက်၏ ကျောပိုး အိတ်လေးအဖြစ် တင်စားဖွဲ့နွဲ့ကာ စာအုပ်ကို ဤသို့ ဤပုံ အမည်ပေးခဲ့ခြင်းလည်းဖြစ်ရာ ဇနီးသည် အပေါ် လေးနက်တည်ကြည်သည့် ယောက်ျား ကောင်းတို့၏ စိတ်နေစိတ်ထားကို မြင်တွေ့ရမည် ဖြစ်သည်။
စာရေးသူ၏ ဘဝအစသည် မြစ်ချောင်းအင်းအိုင်၊ မြစ်တက်ချောင်းတက်၊ မြစ်ကွေ့ချောင်းကွေ့၊ မြစ်သွယ်ချောင်းသွယ် အလွန်ပေါများသောဒေသ၊ သားငါးနှင့် ဆန်စပါးတို့ ပေါများရာ ဖျာပုံခရိုင် ဖျာပုံ မြို့တွင် ကန်ထရိုက်တာ ဦးဘသောင်း၊ အမိဒေါ်သင် တို့က ၁၉၂၅ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် မွေးဖွား ခဲ့သည်။
လွတ်လပ်ရေးမရမီ သူ့ကျွန်ဘဝကျရောက် နေစဉ်က မွေးဖွားခဲ့ပုံကို စာရေးသူက “ကျွန်တော့်ကို မွေးဖွားစဉ်ကာလသည် မြန်မာတစ်နိုင်ငံလုံး သူ့ကျွန်အဖြစ် နွံနစ်နေရချိန်ဖြစ် သည်။ ထို့ကြောင့် ကျွန်တော်သည်လည်း သူ့ကျွန်အဖြစ် မွေးဖွားလာရ သူဖြစ်သည် ” ဟု ရေးသားထားရာ စာရေးသူ၏ အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခုအဖြစ် လွတ်လပ်လိုသည့် စိတ်စေတနာကို လေးစားဖွယ် မြင်တွေ့ရမည်ဖြစ်သည်။
တပ်မတော်သားဘဝ စတင်
သို့မို့ကြောင့် စာရေးသူ၏ ငယ်စဉ်ကာလ ဘဝတစ်လျှောက်လုံးတွင် လွတ်လပ်ရေးဟူသော အတွေးများက သန္ဓေတည်ကိန်းအောင်းနေပြီး မြန်မာနိုင်ငံကို လွတ်လပ်စေလိုသည့် စိတ်ဆန္ဒ ထက်သန်ပြင်းပြခဲ့သည်။ မိဘကိုဖယ်ခွာ၊ ဇာတိ ရပ်ရွာကို ကျောခိုင်း၊ ချစ်သူကို စွန့်လွှတ်ပြီး မြန်မာ့ လွတ်လပ်ရေးကို အရယူမည်ဟူသော ပြင်းပြသည့် စိတ်ဓာတ်ဖြင့် ၁၉၄၃ ခုနှစ်တွင် တပ်မတော်ထဲသို့ ဝင်ခဲ့ကာ စာရေးသူ၏ တပ်မတော်သားဘဝ စတင် ခဲ့သည်။
စာရေးသူသည် မွေးရပ်မြေ ဖျာပုံမှ စက်တပ် သမ္ဗန်ဖြင့် ရန်ကုန်၊ ရန်ကုန်မှ တပ်ထဲဝင်ရန် ပျဉ်းမနားမြို့တွင်ရှိသည့် ဗမာ့တပ်မတော် “ Burma Defence Army, BDA” သို့ဝင်ရောက်ခဲ့ သည်။ ထို့နောက် ဗိုလ်သင်တန်းတက်ရန် မင်္ဂလာဒုံ၊ မင်္ဂလာဒုံမှ စစ်ပညာသင်ရန် ဂျပန်နိုင်ငံ ဘုရင့် စစ်တက္ကသိုလ်သို့ ၁၉၄၄ ခုနှစ်တွင် ထွက်ခွာခဲ့သည်။
စစ်ပညာသင်ယူ
စာရေးသူသည် စစ်ပညာတတ်မြောက်မှ လွတ်လပ်ရေးရမည်ဟု ခံယူထားသည့်အတွက် ဂျပန်နိုင်ငံတွင် စစ်ပညာကို ရွပ်ရွပ်ချွံချွံ တတ်မြောက် အောင် သင်ယူကြခဲ့သည်။
ဂျပန်ပြည် စစ်ပညာသင် ဘဝအတွေ့အကြုံများ၊ ခက်ခဲကြမ်းတမ်းခဲ့ပုံများကို တိုရှင်းထိမိသည့် အရေးအသား ဟန်တို့ဖြင့် စာရှုသူတို့မျက်စိတွင် ကွက်ကွက်ကွင်းကွင်း ရှင်းလင်း နားလည်အောင် ရေးသားထားသည်ကို ဤစာအုပ်တွင် တွေ့ရသည်။
တစ်ဖန် စစ်ပညာသင်ယူပြီး အမိမြေကို ပြန်လည်ခြေချမိသည့်အခါ ဂျပန်စစ်တက္ကသိုလ်မှ ဆင်းလာသော အရာရှိများဖြစ်သော်လည်း ဗမာ့တပ်မတော်ပြန်လည်ဖွဲ့စည်းရာတွင် အင်္ဂလိပ်တို့နှင့် ချုပ်ဆိုခဲ့သော ကန္ဒီစာချုပ်အရတပ်မတော်အရာရှိ ဦးရေကို ကန့်သတ်ထားသည့်အတွက် Waiting List အရ တပ်မတော်သို့ တပ်သားဘဝဖြင့်သာ ဝင်ရောက်နိုင်ရေး စောင့်ဆိုင်းရမည့် အခြေအနေ ဖြစ်ရာ ဖခင်ရင်ခွင်သို့ ခိုဝင်ရန် ဇာတိမြေဖြစ်သည့် ဖျာပုံသို့ ပြန်ခဲ့သည်။
သုံးနှစ်သုံးမိုး စောင့်ဆိုင်းခဲ့ရ
ထို့နောက်တွင် ငယ်စဉ်ကတည်းက စိတ်ဝင်စား ခဲ့ရသူ မခင်စန်း(အများအခေါ် အန်တီစန်း)နှင့် မေတ္တာမျှခဲ့သည်။ လွတ်လပ်ရေးရမှ မိန်းမယူမည်ဟု သန္နိဋ္ဌာန်ချထားသည့်အတွက် ၁၉၄၅ ခုနှစ်တွင် တပ်ထဲသို့ ပြန်လည်ဝင်ရောက်ခဲ့ရာ အန်တီစန်းသည် လက်ထပ်ရန် သုံးနှစ်သုံးမိုး စောင့်ဆိုင်းခဲ့ရသည်။
(ဆက်လက်ဖော်ပြပါမည်)
- Log in to post comments