
ကော့သောင်းမြို့နယ်အတွင်းရှိ အခြေခံပညာအလယ်တန်း/အထက်တန်း ကျောင်းသား ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးမည့် အစီအစဉ်နှင့် စပ်လျဉ်း၍ မြို့နယ်ပညာရေးမှူး ဒေါ်သန်းစိုးနှင့် ကော့သောင်းခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာလင်းထိုက်တို့အား တွေ့ဆုံမေးမြန်းမှုများကို ဖော်ပြအပ်ပါသည် -
ဒေါ်သန်းစိုး (ပညာရေးမှူး)
မေး ။ ။ ကော့သောင်းမြို့ အခြေခံပညာကျောင်း တွေက ကျောင်းသား ကျောင်းသူတွေကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးပေးမယ့် အစီ အစဉ်နဲ့ပတ်သက်ပြီး သိပါရစေရှင့်။
ဖြေ ။ ။ ဆေးထိုးပေးမယ့် ကျောင်းသား ကျောင်း သူတွေကတော့ မြို့နယ်အတွင်း အလယ် တန်းနဲ့ အထက်တန်းကျောင်းတွေ၊ ဘုန်းတော်ကြီး သင် ပညာရေးကျောင်းတွေ၊ ပုဂ္ဂလိကကိုယ်ပိုင် ကျောင်းတွေမှာ ကျောင်းအပ်နှံထားတဲ့ အသက် ၁၂ နှစ်ပြည့်ပြီး အသက် ၁၈ နှစ်ထက် မကျော်သူတွေကို ထိုးနှံပေးမှာဖြစ်ပါတယ်။
မေး ။ ။ ဘယ်နေ့လောက် စထိုးပေးမယ်ဆိုတာ ရယ်၊ ထိုးပေးမယ့် ဆေးအမျိုးအစား သိပါရစေရှင့်။
ဖြေ ။ ။ အခုလာမယ့် အောက်တိုဘာ ၁၂ ရက်နေ့ လောက်မှာ ထိုးပေးဖို့စီစဉ်ထားပါတယ်။ ထိုးပေးမှာကတော့ တရုတ်နိုင်ငံကထုတ်လုပ်တဲ့ Sinovac ဆေးအမျိုးအစား ဖြစ်ပါတယ်။
မေး ။ ။ ကော့သောင်းမြို့အနေနဲ့ ကျောင်းသား ကျောင်းသူတွေကို ဆေးထိုးပေးမယ့်စုရပ် ဘယ်နှခုလောက် ရှိပါသလဲရှင့်။
ဖြေ ။ ။ ကော့သောင်းမြို့နယ်မှာ အထက(၁)၊ အထက(၂)၊ အထက(၃)၊ အထက ဆယ်မိုင်ရွာ၊ အထက-မလိဝမ်းရွာ၊ အလကခွဲ-ချန်းဖန်းရွာ၊ အလကခွဲ-အော်ကြီး၊ အထက အောင်ဘာရွာ၊ အထကခမောက်ကြီးမြို့၊ အထက-အေးချမ်းသာရွာ၊ အလကခွဲ-မာရမ်းရွာ၊ အထက-ဇာဒက်ကြီးကျွန်းဆိုပြီး ဆေးထိုးစုရပ်က ၁၂ ခု သတ်မှတ်ထားပါတယ်။
မေး ။ ။ ဟုတ်ကဲ့ အခုလိုဆေးထိုးမယ့် ကျောင်း သား ကျောင်းသူတွေအနေနဲ့ ဆေး လာထိုးမယ့်နေ့မှာ ဘာတွေများ ကြိုတင်ဆောင်ရွက် လာရမလဲ၊ ဘာတွေများ ယူဆောင်လာရမလဲရှင့်။
ဖြေ ။ ။ ဆေးမထိုးခင်ကတည်းက မြို့နယ်အတွင်း မှာရှိတဲ့ ကျောင်းတွေက ဆေးထိုးခံမယ့် ကျောင်းသားတွေရဲ့ မိဘတွေဆီကို အသိပေးချက် တွေ၊ ဆေးထိုးဖို့ သဘောတူညီချက်တွေပါတဲ့စာတွေ သက်ဆိုင်ရာကျောင်းအလိုက် ကျောင်းအုပ်ကြီးတွေ ကတစ်ဆင့် ဖြန့်ဝေပေးထားပြီးပါပြီ။ ဆေးထိုးဖို့ သဘောတူရင် သဘောတူခွင့်ပြုတဲ့ လက်မှတ် ရေးထိုးပြီး ဆေးထိုးမယ့်နေ့မှာ တစ်ပါတည်းယူဆောင် လာရပါမယ်။ နောက်ကျောင်းသားတစ်ဦးကို မိဘ အုပ်ထိန်းသူတစ်ဦးပါ လိုက်ပါလာရပါမယ်။ မှတ်ပုံ တင်ပြုလုပ်ထားပြီးတဲ့ ကျောင်းသားဆိုရင် မှတ်ပုံတင် ပါယူလာရပါမယ်။ ဒါ့အပြင် မွေးသက္ကရာဇ်အမှန် ဖော်ပြနိုင်ဖို့အတွက် သက်ဆိုင်ရာ ကျောင်းအုပ်ကြီး က ထောက်ခံဆောင်ရွက်ချက်ပါ ယူဆောင်လာရ ပါမယ်။
မေး ။ ။ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးတာနဲ့ ပတ်သက်ပြီး ဘာများထပ်ပြီးဖြည့်စွက် ပြောကြားချင်တာရှိရင် ပြောကြားပေးပါရှင့်။
ဖြေ ။ ။ ဟုတ်ကဲ့ပါ၊ ကျောင်းသားမိဘတွေအနေနဲ့ မိမိကလေးတွေကို ဆေးထိုးဖြစ်အောင် ထိုးကြဖို့ အထူးတိုက်တွန်းလိုပါတယ်။ ဆေးမထိုး ချင်တဲ့သူတွေကိုတော့ အတင်းအကျပ်တော့ မထိုး ခိုင်းပါဘူး။ သက်ဆိုင်ရာ မိဘအုပ်ထိန်းသူက သဘော မတူရင် ထိုးမပေးပါဘူး။ ဆေးမထိုးပေမယ့် ကျောင်း လာအပ်ခဲ့လို့ရှိရင် ကျွန်မတို့ကတော့ ကျောင်းအပ် လက်ခံပေးမှာပါ။ မိမိရဲ့ရင်သွေး သားသမီးငယ် လေးတွေ ရောဂါဘယကင်းဝေးစွာနဲ့ ပညာသင်ကြား နိုင်ဖို့ အနာဂတ်ဘဝတွေသာယာလှပဖို့ ကာကွယ် ဆေးကို ထိုးဖြစ်အောင်ထိုးကြပါလို့ တိုက်တွန်း လိုပါတယ်ရှင်။
ဒေါက်တာလင်းထိုက် (ခရိုင်ဆေးရုံအုပ်ကြီး)
မေး ။ ။ ကော့သောင်းမြို့နယ်မှာ ကျောင်းသား ကျောင်းသူတွေကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးမယ့်အခြေအနေနဲ့ ကာကွယ်ဆေး ရရှိမယ့် အခြေအနေလေးတွေကို သိပါရစေရှင့်။
ဖြေ ။ ။ ကျွန်တော်တို့ အခု ကျောင်းသား ကျောင်း သူတွေကို ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး ပထမအကြိမ်ကိုတော့ အခု အောက်တိုဘာလ ဒုတိယပတ်ကစပြီး နိုဝင်ဘာလ ဒုတိယပတ်အတွင်း ထိုးပေးပြီး ဒုတိယအကြိမ်ကိုတော့ နိုဝင်ဘာလ ဒုတိယပတ်ကနေပြီး ဒီဇင်ဘာလ ပထမပတ်အတွင်း ဆေးရောက်ရှိမယ့် အခြေအနေအပေါ်မူတည်ပြီး ထိုးနှံပေးသွားမှာဖြစ်ပါတယ်။
မေး ။ ။ အခု ကာကွယ်ဆေးထိုးမယ့်နေရာမှာ ဆေးထိုးအစုအဖွဲ့တွေအနေနဲ့ ကျန်းမာ ရေးဌာနက ကြိုတင်ဆောင်ရွက်ထားရှိတဲ့ အခြေ အနေလေးတွေကိုလည်း သိပါရစေရှင့်။
ဖြေ ။ ။ ကာကွယ်ဆေးထိုးတဲ့နေရာမှာ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ဦးဆောင်ပြီးတော့ ကာကွယ်ဆေးထိုးအဖွဲ့ နှစ်ဖွဲ့ ဖွဲ့စည်းထားပါတယ်။ ကျန်းမာရေးဦးစီးဌာနက ချပေး ထားတဲ့ ညွှန်ကြားချက်အရ အဖွဲ့တစ်ဖွဲ့မှာ ၁၂ ဦး ပါရှိပါမယ်။ အဖွဲ့ထဲမှာ ကျန်းမာရေးဝန်ထမ်း နှစ်ဦး၊ ပညာရေးဝန်ထမ်း လေးဦး၊ ကျန်တဲ့ခြောက်ဦးကတော့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဌာနနဲ့ လူမှုကူညီရေးအဖွဲ့တွေထဲက ဖြစ်ပါတယ်။
မေး ။ ။ ကော့သောင်းမြို့နယ်မှာ ကာကွယ်ဆေး ထိုးပေးမယ့် ကျောင်းသားကျောင်းသူ ဦးရေ ဘယ်လောက်ရှိပါသလဲရှင့်။
ဖြေ ။ ။ ကော့သောင်းမြို့နယ်အနေနဲ့ ပညာရေး ဌာနနဲ့ ညှိနှိုင်းပြီးတော့ ဆေးထိုးစုရပ်ကို ၁၂ နေရာ သတ်မှတ်ထားပါတယ်။ ဘုန်းတော်ကြီး သင် ပညာရေးကျောင်းတွေက ကျောင်းသား ၈၂ ဦး၊ ကိုယ်ပိုင်အထက်တန်းကျောင်းက ခုနစ်ဦး၊ နည်း ပညာအထက်တန်းကျောင်း က ၂၅ ဦး၊ အလက ကျောင်းတွေက ၂၁၇၄ ဦးနဲ့ အထကကျောင်းတွေက ၃၆၈ ဦးရှိပြီး အကြမ်းဖျင်းအားဖြင့် ဆေးထိုးပေး ရမယ့် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၂၆၅၆ ဦး ကို ဆေးထိုးနှံဖို့ အားလုံးစီစဉ်ပြီးဖြစ်ပါတယ်။
မေး ။ ။ ကျောင်းသား ကျောင်းသူတွေကို ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုနဲ့ ပတ်သက်ပြီး ဘာများဖြည့်စွက်အကြံပြုချင်ပါသေး သလဲရှင်။
ဖြေ ။ ။ ဟုတ်ကဲ့ပါ။ အခုလိုကာလမှာ ကိုဗစ် ကာကွယ်ဆေး ထိုးနှံခွင့်ရတာဟာ ဆုလာဘ်တစ်ပါးဖြစ်ပါတယ်။ ကိုဗစ်-၁၉ ရောဂါ ကြောင့် ဆေးရုံတက်ရောက်ကုသမှုခံယူခဲ့ကြရတဲ့ လူနာ ၈၀ ရာခိုင်နှုန်းလောက်ဟာ ကာကွယ်ဆေး ထိုးထားခြင်းမရှိတဲ့လူတွေ ဖြစ်ပါတယ်။ ဒါ့အပြင် ဆေးကုသမှုခံယူရင်း သေဆုံးခဲ့ရတဲ့လူအားလုံးဟာ ကာကွယ်ဆေး အကြိမ်ပြည့်မထိုးထားတဲ့လူတွေ ဖြစ်နေကြတာ တွေ့ရပါတယ်။ ဆေးအကြိမ်ပြည့် ထိုးနှံထားတဲ့လူတွေ တစ်ယောက်မှ သေဆုံးတာ မတွေ့ရပါဘူး။ ဒါကြောင့်မို့လို့ ကျောင်းသားမိဘတွေ အနေနဲ့လည်း ကောလာဟလ သတင်းစကားတွေကို မယုံကြဘဲ ဒီလို ကိုဗစ်ကာလမှာ ကိုယ့်သားသမီး ရင်သွေးငယ်တွေ ကျန်းမာရေးအတွက် အခုလို ရလာတဲ့အခွင့်အရေးကို အပြည့်အဝအသုံးချဖို့ အတွက် အကြံပြုတိုက်တွန်းချင်ပါတယ်။ ။
တွေ့ဆုံမေးမြန်း- ဒေါ်မေဇင်ဦး
ဓာတ်ပုံ- ကျော်စိုး(ကော့သောင်း)