မြန်မာနိုင်ငံတွင် ကျေးလက်ဒေသ၌ နေထိုင်သူများက နိုင်ငံ့ လူဦးရေ၏ သုံးပုံနှစ်ပုံခန့်ရှိသည်။ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေး၊ မိသားစုဝင်ငွေတိုးပြီး လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် စီမံကိန်း များ ချမှတ်အကောင်အထည်ဖော်လျက်ရှိပြီး နည်းပညာ သင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်းနှင့် ထူးချွန်သည့် သင်တန်းသား၊ သင်တန်းသူများကို လုပ်ငန်းများထူထောင် နိုင်ရန် လုပ်ငန်းသုံးပစ္စည်းများကိုပါ ပေးအပ်ခြင်းဖြင့် ကျေးလက်ဒေသများတွင် အသေးစားကုန်ထုတ်လုပ်ငန်းများ ပေါ်ထွက်လာစေရန် နိုင်ငံတော်က ဆောင်ရွက်ပေးလျက် ရှိသည်။
စိုက်ပျိုးရေးနှင့် မွေးမြူရေးသည် နိုင်ငံ၏ အခြေခံ စီးပွားရေးဖြစ်သကဲ့သို့ တစ်နိုင်ငံလုံးလူဦးရေ၏ ၄၅ ရာခိုင် နှုန်းခန့်မှာ စိုက်ပျိုးရေးလုပ်ငန်းများနှင့် ဆက်စပ်လုပ်ငန်း များတွင် ပါဝင်လုပ်ကိုင်နေကြခြင်းဖြစ်သည်။ စိုက်ပျိုးရေး လုပ်ငန်းများ၏ သဘောသဘာဝအရ ရာသီအလိုက် အလုပ် လုပ်ကိုင်ကြရပြီး သီးနှံပေါ်ချိန် ရောက်မှသာ ဝင်ငွေရရှိခြင်း၊ မိုးလေဝသကြောင့်၊ အဖျက်ပိုးကြောင့် စသည့်အကြောင်းများ ကြောင့် စိုက်ပျိုးသီးနှံများ ပျက်စီးပါက ဝင်ငွေမရနိုင်တော့ဘဲ ဆုံးရှုံးကြရခြင်းတို့ကြောင့် မိသားစုဝင်ငွေရရှိနိုင်မည့် အခြား လုပ်ငန်းများကို တစ်ပိုင်တစ်နိုင် ထူထောင်ထားနိုင်ရန် လိုသည်။ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိလာသည့် ထွက်ကုန်များ၊ ဒေသတွင်းမှ ရရှိနိုင်သည့် ကုန်ကြမ်းများဖြင့် ကုန်ထုတ်လုပ်ငန်းများ ထူထောင်ဆောင်ရွက်နိုင်ရန် နိုင်ငံ တော်က အားပေးလျက်ရှိရာ ကျေးလက်ဒေသများအလိုက် တန်ဖိုးမြှင့်ကုန်ချောများ ထုတ်လုပ်နိုင်ရေး ကြိုးပမ်းကြ ရမည်ဖြစ်သည်။
ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သည့် နည်းပညာ၊ အရင်းအနှီးငွေကြေးနှင့် လုပ်ငန်းသုံး ပစ္စည်းများ ရရှိနိုင်သည့် အခွင့်အလမ်းများကို တန်ဖိုးရှိရှိ ရယူအသုံးချ၍ မိမိတို့ မိသားစုဝင်ငွေတိုးရေး၊ လူမှုစီးပွား မြင့်မားရေး ဆောင်ရွက်သွားကြရမည်ဖြစ်သည်။ သမဝါယမ နှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနက ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာနှစ်မှစ၍ ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်ခု စီမံကိန်း၊ ခေတ်မီစံပြ ကျေးရွာ ဖော်ဆောင်၍ ကျေးလက်နေပြည်သူများ ဝင်ငွေ တိုးရေးစီမံကိန်း၊ လူငယ်များ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်ရေး စီမံကိန်း၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာစေရေး စီမံကိန်း၊ အမျိုးသမီးများဝင်ငွေတိုးတက်ရေး စီမံကိန်း၊ ဘေးဒဏ်သင့်ပြည်သူများအတွက် စီးပွားရေးလုပ်ငန်းများ ပြန်လည်ထူထောင်ပေးရေး စီမံကိန်း၊ ဘိန်းစိုက်ပျိုးသည့် မြို့နယ်များတွင် အစားထိုး အသေးစားကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးရေးစီမံကိန်းတို့ကို အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည်။
ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက် ရေး ဆောင်ရွက်ရာတွင် ပြည်သူများကိုယ်တိုင်က ဖွံ့ဖြိုး တိုးတက်လိုစိတ် ထက်ထက်သန်သန်နှင့် လုံ့လဝီရိယ စိုက်ထုတ်ကြိုးပမ်းရန်မှာ လွန်စွာအရေးကြီးသည်။ ပစ္စုပ္ပန် တွင် ကြီးပွားကြောင်းအတွက် ထကြွလုံ့လဝီရိယနှင့် ပြည့်စုံ ခြင်း (ဥဋ္ဌာနသမ္ပဒါ)၊ ရရှိလာသောပစ္စည်းကို ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ခြင်း (အာရက္ခသမ္ပဒါ)၊ မိတ်ကောင်း ဆွေကောင်း ထားရှိခြင်း (ကလျာဏ မိတ္တ သမ္ပဒါ)၊ ဝင်ငွေ ထွက်ငွေမျှတအောင် သုံးစွဲခြင်း (သမဇီဝိတတာ) ဟူသော သမ္ပဒါတရားတို့နှင့် ပြည့်စုံပြီဆိုပါက မိသားစုဘဝများ မြင့်မားလာမည် ဧကန်ဖြစ်ပါကြောင်း။ ။