ကျေးလက်ဖွံ့ဖြိုးရေးအတွက် အရေးကြီးသော အခြေခံအုတ်မြစ်ဖြစ်သည့် “ကျေးလက်ဒေသဖွံ့ဖြိုးရေးမဟာဗျူဟာမူဘောင်”

Type

 

ခန့်ဇော် (ကျေးလက်)

 

“ကျေးလက်ဒေသဖွံ့ဖြိုးရေး”ဟု ဆိုရာတွင် ကျေးလက်နေပြည်သူများ၏ လူမှုရေး၊ စီးပွားရေး၊ စီမံအုပ်ချုပ်မှုနှင့် ယဉ်ကျေးမှုအပြောင်းအလဲများကို ဖော်ဆောင်ပေးခြင်း၊ လိုအပ်သော အခြေခံအဆောက်အအုံများ ပံ့ပိုးမြှင့်တင်ပေးခြင်း၊ ကျေးလက်ဒေသများတွင် အလုပ်အကိုင်အခွင့်အလမ်း နှင့် လယ်ယာထွက်ကုန်များ တိုးပွားလာစေခြင်း စသည်တို့ကို ၎င်းတို့ကိုယ်တိုင် ကိုယ်ထူကိုယ်ထစွမ်းအားဖြင့် တက်ကြွစွာပူးပေါင်းပါဝင်မှု နှင့်အတူ မှီခိုမှုကင်းသော၊ ညီမျှမှုရှိသောနှင့် အကျိုးအမြတ်ရှိသော ရေရှည်တည်တံ့သည့် ဖွံ့ဖြိုးရေးပတ်ဝန်းကျင်ကောင်းတစ်ရပ်ကို ဖော်ဆောင် ခြင်းပင် ဖြစ်ပါသည်။ ထိုသို့ ဖော်ဆောင်ရာတွင် သက်ဆိုင်သူအားလုံးက ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ကျေးလက်နေပြည်သူတို့၏ အမှန်တကယ် လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်နှင့် ကျေးလက်လူမှုစီးပွားဘဝများ ရေရှည်တည်တံ့ခိုင်မြဲစေရန်အတွက် ဆန်းသစ်ပြီး ထိရောက်သော နည်းလမ်းကို ရှာဖွေရန် အရေးကြီးလှပါသည်။ 

 


မြန်မာနိုင်ငံတွင် လူဦးရေ  ၅၄  သန်းခန့်ရှိရာ  စုစုပေါင်း၏  ၇ဝ ရာခိုင်နှုန်းကျော်သည်  ကျေးလက်ဒေသများတွင် နေထိုင်သူများဖြစ်ပြီး လူဦးရေ၏ ၃၀ ဒသမ ၂ ရာခိုင်နှုန်းမှာ ဆင်းရဲနွမ်းပါးမှုအောက်တွင် ရောက်ရှိနေပြီး   အများဆုံးခံစားရသည့်  ဒေသများမှာ   ကျေးလက် ဒေသများဖြစ်ပါသည်။   ဒါ့ကြောင့်     နိုင်ငံတော်အစိုးရအနေဖြင့် ကျေးလက်နေပြည်သူများ၏   ဆင်းရဲနွမ်းပါးမှုလျှော့ချနိုင်စေရေး အတွက် ထိရောက်သောနည်းလမ်း အသုံးပြု၍  မြို့ပြနှင့်ကျေးလက် ဒေသများကြား ကွာဟချက်ကျဉ်းမြောင်းစေရန်နှင့် ပြည်သူများ၏ လူမှုစီးပွားဘဝမြှင့်တင်ရန်အတွက်   တစိုက်မတ်မတ်ကြိုးပမ်း ဆောင်ရွက်ခဲ့ရာ ရေရှည်တည်တံ့ခိုင်မြဲသော ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ   အကောင်အထည်ဖော်   ဆောင်ရွက်နိုင်ရန်နှင့် သက်ဆိုင်သူအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေရန်ရည်မှန်း၍ ကျေးလက်ဒေသဖွံ့ဖြိုးရေး မဟာဗျူဟာမူဘောင် (Rural Develop-ment Strategic Framework) ကို ရေးဆွဲခဲ့ပါသည်။

 


“ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့်   ဆင်းရဲနွမ်းပါးမှုလျှော့ချရေး အမျိုးသားအဆင့်အလုပ်ရုံဆွေးနွေးပွဲ” ကို ၂၀၁၁ ခုနှစ် မေလတွင် ကျင်းပခဲ့ပါသည်။   ယင်းဆွေးနွေးပွဲမှ    ပြည်ထောင်စုဝန်ကြီးဌာန အသီးသီးနှင့် အစိုးရဌာနများက ဆင်းရဲနွမ်းပါးမှုကျဆင်းရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်(၈)ရပ်ကို ချမှတ် ပေးနိုင်ခဲ့ပြီး  ယင်းလုပ်ငန်းစဉ်များကို  အကောင်အထည်ဖော်နိုင်ရန် နိုင်ငံတော်သမ္မတက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သော “ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဗဟိုကော်မတီ”၊ ဒုတိယ သမ္မတက ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သော “ကျေးလက်ဒေသဖွံ့ဖြိုးရေး နှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးလုပ်ငန်းကော်မတီ”၊  သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးများက   ဥက္ကဋ္ဌအဖြစ်  ဆောင်ရွက်သော   ကဏ္ဍ အလိုက် အထောက်အကူပြုကော်မတီများ၊ သက်ဆိုင်ရာ တိုင်းဒေသ ကြီး/ ပြည်နယ်ဝန်ကြီးချုပ်များက   ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သော ဒေသဆိုင်ရာကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချ ရေး လုပ်ငန်းကော်မတီများကို  ဖွဲ့စည်းလျက် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြပါသည်။

 


ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ပင်မဆက်သွယ် ရာဝန်ကြီးဌာနအဖြစ် တာဝန်ယူဆောင်ရွက်နိုင်ရန် “မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန” ကို “မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက် ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန” အဖြစ် ၂၀၁၃ ခုနှစ် ဩဂုတ်လ ၉ ရက်နေ့ တွင်  ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါသည်။  လ  ၃၀  စီမံချက်ရေးဆွဲ၍ ပြည်သူဗဟိုပြုသော  ကျေးလက်ဒေသဖွံ့ဖြိုးရေး  မဟာဗျူဟာမြောက် စီမံကိန်းများရေးဆွဲနိုင်ရေးအတွက်  လိုအပ်သော  ကျေးလက်ဒေသဖွံ့ဖြိုးရေးမဟာဗျူဟာမူဘောင်အား အလှူရှင်အဖွဲ့အစည်းများ၊ ဖွံ့ဖြိုး ရေးမိတ်ဖက်အဖွဲ့အစည်းများ၊ နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့ အစည်းများ (INGOs)၊ ပြည်တွင်းအစိုးရမဟုတ်သော အဖွဲ့အစည်းများ (NGOs)၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ (CSO)နှင့် ပညာရှင်များ ပူးပေါင်းပါဝင်ဆွေးနွေးစေလျက်     မွေးမြူရေး၊    ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊    ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက    ရေးဆွဲအကောင်အထည်ဖော်နိုင်ခဲ့ပါ သည်။

 


မဟာဗျူဟာမျှော်မှန်းချက်


ထောင်စုနှစ်ရည်မှန်းချက်နှင့်  စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင် ရည်မှန်းချက်များနှင့်အညီ ကျေးလက်ဒေသများဖွံ့ဖြိုးလာမှုနှင့်အတူ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးမြင့်မားစေရန်နှင့် မြို့ပြကျေးလက်ဖွံ့ဖြိုးမှု   ကွာဟချက်များ  ကျဉ်းမြောင်းလာစေရန် မျှော်မှန်းပါသည်။

 


ရည်ရွယ်ချက်


ကျေးလက်ဒေသဖွံ့ဖြိုးရေး      မဟာဗျူဟာမူဘောင်ရေးဆွဲ ဆောင်ရွက်ရခြင်း  ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်း  ဖြစ်ပါ သည်-


(က)    နိုင်ငံတော်၏   ရည်မှန်းချက်ဖြစ်သော   ပြည်သူလူထုကို အခြေပြုပြီး ဆင်းရဲမှုနှုန်းအား ၂၀၁၅ ခုနှစ်တွင် ၁၆ ရာခိုင် နှုန်းအထိ လျှော့ချနိုင်ရန်အတွက် ကျေးလက်ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းစဉ်များဆောင်ရွက်ရာ၌ သက်ဆိုင်သူအားလုံး ပူးပေါင်းပါဝင်လျက်  ရေရှည်တည်တံ့ခိုင်မြဲသောဖွံ့ဖြိုးရေး (Inclusive and Sustainable Development) ကို ဖော်ဆောင်နိုင်ရန်၊
(ခ)    ကျေးလက်လူထု၏ စွမ်းဆောင်ရည် တိုးတက်လာစေရန် လူထုအခြေပြုအဖွဲ့ အစည်းများ အားကောင်းလာစေရန်နှင့် ကောင်းမွန်သော   စီမံအုပ်ချုပ်မှုစနစ်များ   ဖြစ်ပေါ်လာ စေရန်၊
(ဂ)    မမျှော်မှန်းနိုင်သောဘေးအန္တရာယ်များကျရောက်လာပါ က ကျေးလက်ဒေသများ၌ ထိခိုက်မှုလျော့ပါးစေရန်နှင့် တုံ့ပြန်ဆောင်ရွက်နိုင်မှု   အားကောင်းသော    လူမှုအဖွဲ့ အစည်းများ ပေါ်ပေါက်လာစေရန် ရည်ရွယ်ပါသည်။

 


ကျေးလက်ဒေသဖွံ့ဖြိုးရေးမဟာဗျူဟာမူဘောင် 
ရေးဆွဲနိုင်ရေး ဆွေးနွေးညှိနှိုင်းမှုများ


ကျေးလက်ဒေသဖွံ့ဖြိုးရေးမဟာဗျူဟာမူဘောင် ရေးဆွဲနိုင်ရေး အတွက် အကြံပေးညှိနှိုင်းအစည်းအဝေးပွဲများဖြစ်သည့် သားငါးကဏ္ဍ နှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲ၊ မဟာ ဗျူဟာရေးဆွဲနိုင်ရေး   ပထမအကြိမ်နှင့်   ဒုတိယအကြိမ်   တွေ့ဆုံ ဆွေးနွေးပွဲများနှင့် မဟာဗျူဟာမူဘောင်ရေးဆွဲရေးအဖွဲ့၏  လုပ်ငန်း ညှိနှိုင်း အစည်းအဝေးများ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ(INGO)၊ ဖွံ့ဖြိုးရေးမိတ်ဖက် အဖွဲ့များ(DP)နှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးများကို ၁၇-၈-၂၀၁၃ ရက်နေ့မှ ၂၆-၁၀-၂၀၁၃ ရက်နေ့အထိ   ရန်ကုန်မြို့  မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးစင်တာ (MPC)နှင့် နေပြည်တော် ဝန်ကြီးဌာနအစည်းအဝေးခန်းမတို့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ 

 


Task Force အဖွဲ့ ဖွဲ့စည်းခြင်း


ကျေးလက်ဒေသဖွံ့ဖြိုးရေးမဟာဗျူဟာမူဘောင် ရေးဆွဲနိုင်ရေး ဒုတိယအကြိမ်တွေ့ဆုံ ဆွေးနွေးပွဲအရ မဟာဗျူဟာရေးဆွဲရေးလုပ်ငန်း စဉ်များကို ဆက်လက်ဆောင်ရွက်နိုင်ရန် Task Force အဖွဲ့ကို ဖွဲ့စည်း ခဲ့ပါသည်။ အဆိုပါ Task force အဖွဲ့တွင် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များဖြစ်သည့် ဦးတင်မောင်သန်း၊ ဦးဝင်း မျိုးသူ၊ ဦးဘော်ဘီ၊ ဦးကျော်ရင်လှိုင်၊ ဦးတင်ထွဋ်ဦး၊ ဦးအောင်နိုင်ဦး၊ ဦးတင်အောင်မိုး၊ ဒေါက်တာကျော်ဆန်းဦး၊ ဦးခန့်ဇော်တို့ဖြင့် အဖွဲ့ဝင် ကိုးဦး ပါဝင်ဖွဲ့စည်းခဲ့ပြီး   ကျေးလက်ဒေသဖွံ့ဖြိုးရေး  မဟာဗျူဟာ မူဘောင်ရေးဆွဲရေးလုပ်ငန်းများအား စတင်ဆောင်ရွက်နိုင်ခဲ့ပါသည်။ 

 


ထို့နောက်   ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်းများ   ဖွဲ့စည်းနိုင်ရေး ညှိနှိုင်းအစည်းအဝေးများကို ၆-၁၂-၂၀၁၃ ရက်နေ့မှ ၁၇-၂-၂၀၁၄ ရက်နေ့အထိ ရန်ကုန်မြို့  MPC ခန်းမနှင့် နေပြည်တော် ဝန်ကြီးဌာန အစည်းအဝေးခန်းမတို့တွင်   သက်ဆိုင်ရာ  ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့ အစည်းများ ပူးပေါင်းပါဝင်မှုဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။   ဆွေးနွေး ဖော်ထုတ်ချက်များအရ ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်းများ ဖွဲ့စည်း နိုင်ရေးအတွက် သတင်းစာမှဖိတ်ခေါ်ခဲ့ပြီး အဖွဲ့ပေါင်း  ၂၀၀ ခန့်အား အကြောင်းကြားစာပေးပို့ခဲ့ပါသည်။

 

World Bank ၊ LIFT Fund၊ USAID တို့က ဦးဆောင်၍ DP/ UN အဖွဲ့ ၂၀ ၊ INGO လေးဖွဲ့၊ NGO/ CSO ခြောက်ဖွဲ့၊ ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ ပြည်တွင်း NGO ကိုယ်စားပြုအဖွဲ့ တစ်ဖွဲ့နှင့်   အရပ်ဘက်လူမှုအဖွဲ့အစည်း ကိုယ်စားပြု အဖွဲ့ တစ်ဖွဲ့တို့ဖြင့် ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်းကို ဖွဲ့စည်းနိုင်ခဲ့ပါ သည်။


အမျိုးသားအဆင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးမဟာဗျူဟာမူဘောင် အလုပ်ရုံဆွေးနွေးပွဲ


၁၈-၁၁-၂၀၁၃ ရက်နေ့တွင် အမျိုးသားအဆင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး မဟာဗျူဟာမူဘောင်အလုပ်ရုံဆွေးနွေးပွဲကို MICC နေပြည် တော်၌ ကျင်းပခဲ့ရာ   နိုင်ငံတော်သမ္မတ   တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။   အဆိုပါဆွေးနွေးပွဲသို့     ဒုတိယသမ္မတ၊ ပြည်ထောင်စုဝန်ကြီးများ၊   ဒုတိယဝန်ကြီးများ၊   လွှတ်တော်ရေးရာ ကော်မတီဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြပါ သည်။ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်း များ၊ နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စား လှယ်များ၊ ပြည်တွင်းအစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စား လှယ်များ၊  ပုဂ္ဂလိကလုပ်ငန်းရှင်များ  စုစုပေါင်း  ၁၂၀ ခန့် တက်ရောက် ခဲ့ကြပါသည်။

 


နိုင်ငံတော်အကြီးအကဲများ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပညာရှင်များ၏ မိန့်ခွန်းများမှ ကောက်နုတ်ချက်များ


နိုင်ငံတော်သမ္မတကြီးက “မိမိတို့နိုင်ငံရဲ့ ဆင်းရဲနွမ်းပါးမှုနှုန်းထား ဟာ ဒေသတွင်း နိုင်ငံတွေနဲ့နှိုင်းယှဉ်လျှင် မြင့်မားနေဆဲဖြစ်ပြီး ဝင်ငွေ နည်းတဲ့ ပြည်သူတွေရဲ့   လူမှုစီးပွားဘက်စုံ  တိုးတက်လာရေးဟာ မိမိတို့အစိုးရအဖွဲ့ရဲ့    ဦးစားပေးလုပ်ငန်းတာဝန်တစ်ရပ်ပဲ    ဖြစ်ပါ ကြောင်း”၊


ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၃)၊ ပြည်ထောင်စုဝန်ကြီး က “ဆင်းရဲမှုလျှော့ချရေးနှင့်  ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် အလုပ်အကိုင်၊ အခွင့်အလမ်းဖန်တီးပေးရေးဖြစ်ကြောင်း၊ INGOs နှင့် NGOs များ ပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ Farmer Economy မှ Market Economy ရောက်ရှိအောင် ဆောင်ရွက် နေပါကြောင်း”၊


ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၄)၊ ပြည်ထောင်စုဝန်ကြီး က “နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကလိုအပ်ချက်ဖြစ်သည့် ဆင်းရဲမှုလျှော့ချရေးနှင့်   ပညာရည်မြင့်မားရေးတို့ကို   ဖြည့်ဆည်း ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊  ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးတို့ကို အားလုံးပါဝင်ဆောင်ရွက်မှသာ အောင်မြင် မှု ရရှိမည်ဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေးမရရှိဘဲ ကျေးလက်ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများဆောင်ရွက်ပေး၍ မရနိုင်သဖြင့် ငြိမ်းချမ်းရေး ရရှိရန် အစိုးရအနေဖြင့် ကြိုးပမ်းဆောင်ရွက်နေပါကြောင်း”၊


မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက “နိုင်ငံရေးတိုးတက်မှုများနှင့် လိုက်လျောညီထွေဖြစ်မယ့် စီးပွားရေး၊ လူမှုရေးအပြောင်းအလဲများ ဖြစ်ပေါ်စေရန် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေး ကိစ္စရပ်များ  အထူးဆောင်ရွက်နေသည့် INGOs၊ LNGOs များနှင့် လက်တွဲသွားမည်ဖြစ်ပါကြောင်း၊ နည်းဗျူဟာဆိုင်ရာလုပ်ငန်းစဉ် များကို မျှတအောင် လုပ်ဆောင်သွားမှာ ဖြစ်သည့်အတွက် NGOs၊ အဖွဲ့အစည်းအသီးသီးနှင့် ပုဂ္ဂလိကဆိုင်ရာ အဖွဲ့အစည်းများအားလုံး မိမိတို့ ဝန်ကြီးဌာနနှင့် လက်တွဲလုပ်ဆောင်သွားရန် တိုက်တွန်းပါ ကြောင်း” ပြောကြားခဲ့ကြပါသည်။

 


၁၈-၁၁-၂၀၁၃ ရက်နေ့တွင် ကျင်းပပြုလုပ်သော အမျိုးသား အဆင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး မဟာဗျူဟာမူဘောင်အလုပ်ရုံ ဆွေးနွေးပွဲ၌ အမျိုးသားလူမှုရေးနှင့် စီးပွားရေးအကြံပေးကောင်စီမှ ဦးတင်ထွဋ်ဦးက “မဟာဗျူဟာအစီအစဉ်  အကောင်အထည်ဖော် ဆောင်ရွက်မှု” အကြောင်းကိုလည်းကောင်း၊ Myanmar Peace center မှ ဦးတင်အောင်မိုးက  “ကောင်းမွန်သော စီမံအုပ်ချုပ်မှု” ကို လည်းကောင်း၊ LIFT Donor Consortium and Head of USAID ဖြစ်သူ Chris Miligan က “ရေရှည်တံ့တည့်သော ဘဏ္ဍာငွေအရင်းအမြစ် ထူထောင်မှု” အကြောင်းကို လည်းကောင်း၊ Myanmar Development Resource Institute မှ Senior Research Coordinator ဖြစ်သူ ဦးသန်းထွန်းက “စွမ်းဆောင်ရည်မြှင့်တင်မှု” အကြောင်းကိုလည်း ကောင်း အသီးသီးဆွေးနွေးခဲ့ကြပါသည်။

 


ကျေးလက်ဒေသဖွံ့ဖြိုးရေး မဟာဗျူဟာမူဘောင်ရေးဆွဲရာတွင် နိုင်ငံတော်အကြီးအကဲများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ အရာရှိ ကြီးများ၊ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများ၊  ဖွံ့ဖြိုးရေး မိတ်ဖက်အဖွဲ့အစည်းများ၊ INGOs၊ NGOs၊ ပြည်တွင်း/ ပြည်ပမှ ကျွမ်းကျင်ပညာရှင်များ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများဖြင့် ဆွေးနွေး တိုင်ပင်၍ အကြံပေးညှိနှိုင်းအစည်းအဝေး ခုနစ်ကြိမ်၊ အမျိုးသား အဆင့်အလုပ်ရုံဆွေးနွေးပွဲ တစ်ကြိမ်  ကျင်းပပြုလုပ်ခဲ့ပြီးနောက် ကျေးလက်‌ဒေသဖွံ့ဖြိုးရေးမဟာဗျူဟာမူဘောင်နှင့် အဂ္ဂမဟာ ဗျူဟာ ငါးရပ်ကို အောက်ပါအတိုင်း ရေးဆွဲချမှတ်နိုင်ခဲ့ပါသည်။ 

 


(က)    မဟာဗျူဟာ (၁)။    ဦးစားပေးရွေးချယ်၍   ဘက်ပေါင်းစုံ ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်ရေး မဟာဗျူဟာ၊
(ခ)    မဟာဗျူဟာ (၂)။     ထပ်ပေါင်းနှင့်ထပ်ပွား ဖွံ့ဖြိုးရေးရလဒ်
        များ  ဖြစ်ထွန်းတိုးတက်ရေး  မဟာ ဗျူဟာ၊
(ဂ)    မဟာဗျူဟာ(၃)။    ကောင်းမွန်သောကျေးလက်ဖွံ့ဖြိုးရေးစီမံအုပ်ချုပ်လုပ်ကိုင်မှု       လုပ်ငန်းစဉ် ဖွံ့ဖြိုးတိုးတက်ရေး  အခြေခံကောင်း များ    ချမှတ်ဆောင်ရွက်သွားရန် မဟာဗျူဟာ၊
(ဃ)    မဟာဗျူဟာ(၄)။    စဉ်ဆက်မပြတ်   ဘဏ္ဍာရေးအရင်း အမြစ်များရရှိရေး မဟာဗျူဟာ၊
(င)    မဟာဗျူဟာ(၅)။     ထိရောက်စွာ    ပူးပေါင်းအကောင်     အထည်ဖော်ဆောင်ရွက်ရေး  မဟာ ဗျူဟာ။

 


(၁) ဦးစားပေးစီမံဆောင်ရွက်ခြင်းမဟာဗျူဟာ


စီမံကိန်း  စီမံချက်များ၊   လုပ်ငန်းများ  အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဦးစားပေးရွေးချယ်ရာ၌ ပိုမိုအကျိုးရှိထိရောက်စေရန်အတွက် ဦးစားပေးရွေးချယ်ရေးမူများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-


(က)    ဦးစားပေးဒေသရွေးချယ်ရေးမူ
    (၁) ဖွံ့ဖြိုးရေးလိုအပ်ချက်အရရွေးချယ်သောမူ၊
    (၂)    အကျိုးခံစားမှုအမြင့်ဆုံးကို အလေးထား၍ရွေးချယ် သောမူ၊
    (၃)    အကောင်အထည်ဖော်   လက်တွေ့ဆောင်ရွက်နိုင်မှု အခြေခံမူ
    (၄)    ဆင့်ကဲဖွံ့ဖြိုးတိုးတက်ရေးဖြစ်စဉ်အတွက်   မြင်သာ နိုင်မှုရှိခြင်းအခြေခံမူ
(၂)     ထပ်ပေါင်းနှင့်ထပ်ပွား ဖွံ့ဖြိုးရေးရလဒ်များ 
    ဖြစ်ထွန်းတိုးတက်ရေး မဟာဗျူဟာ


ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး၊ ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများ ကို လုပ်ဆောင်ရာ၌ ပိုမိုထိရောက် အကျိုးရှိစေနိုင်ရန် ပြည်ထောင်စု အဆင့်နှင့် ဒေသန္တရအဆင့်ဆင့်တို့တွင် အကောင်အထည်ဖော်လျက် ရှိသော  ဖွံ့ဖြိုးရေးလုပ်ငန်းများကို  ချိတ်ဆက်ဆောင်ရွက်သွားရန် ဖြစ်ပါသည်။ မဟာဗျူဟာမူဘောင်တွင် စံနမူနာအနေဖြင့် (၁)ကိုယ်ထူ ကိုယ်ထ ကျေးလက်ဖွံ့ဖြိုးရေးစီမံချက်နှင့် (၂)ဘက်စုံဒေသန္တရဖွံ့ဖြိုးရေးစီမံချက် နှစ်မျိုးကိုရေးဆွဲ၍ ဟန်ချက်ညီညီ ပေါင်းစပ်အကောင် အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါသည်-


(က)    ပြည်သူများ တိုက်ရိုက်ရေးဆွဲ  အကောင်အထည်ဖော် သော   ကိုယ်ထူကိုယ်ထ   ကျေးလက်ဖွံ့ဖြိုးရေးစီမံချက် (ကျေးလက်ပြည်သူများကိုယ်တိုင်    မိမိလိုအပ်ချက် ကိုဖော်ထုတ်၍ ဖွံ့ဖြိုးရေးအကူအညီဖြင့် ကျေးရွာအဆင့်၌ ပြည်သူများတိုက်ရိုက် အကောင်အထည်ဖော် စီမံခန့်ခွဲ သောစီမံချက်ကို ဆိုလိုခြင်းဖြစ်ပါတယ်။)

 


(ခ)    ကျေးရွာအဆင့် အကောင်အထည်ဖော်ဆောင်ရွက်သော ဖွံ့ဖြိုးရေးလုပ်ငန်းများကို နည်းပညာအရ အကူအညီပေး ခြင်း၊ စီမံခန့်ခွဲမှုအရ ထိန်းကျောင်းထောက်ပံ့ပေးခြင်း၊ တိုးတက်မှုများကို စောင့်ကြည့်အကြံဉာဏ်ပေးခြင်းများကို  သက်ဆိုင်ရာမြို့နယ်အတွင်းရှိ  ဌာနဆိုင်ရာများမှ သော်လည်းကောင်း၊ မိတ်ဖက်ပြည်တွင်းပြည်ပ ဖွံ့ဖြိုးရေး အဖွဲ့အစည်းများမှသော်လည်းကောင်း ပံ့ပိုးဆောင်ရွက် သွားရန် ဖြစ်ပါသည်။

 


(ဂ)    ကျေးလက်အထောက်အကူပြု ဘက်စုံဗဟိုနယ်မြေ ဖွံ့ဖြိုး တိုးတက်ရေး ဒေသန္တရ စီမံကိန်းရေးဆွဲခြင်း (၁)ကျေးရွာ အဆင့်   ဝင်ငွေတိုးလုပ်ငန်းများသည်    ဒေသအတွင်း ဈေးကွက်အချက်အချာကျ၍ စီးပွားရေးကျောထောက် နောက်ခံ  တောင့်တင်းသောနေရာများနှင့်   ချိတ်ဆက် ဖြစ်ပေါ်တိုးတက်ရန် လိုအပ်ခြင်း။ (၂) ကျေးရွာအဆင့် ပညာရေး၊ ကျန်းမာရေး၊ လူမှုဖွံ့ဖြိုးရေးလုပ်ငန်းများကို ပိုမိုကောင်းမွန်သော   အရည်အသွေးဖြင့်  စီမံခန့်ခွဲမှု ဝန်ဆောင်ပံ့ပိုးမှုများနှင့် ချိတ်ဆက်ပေးရန်လိုအပ်ခြင်း။ (၃) ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်  မြေယာစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးကို ပထဝီဝင်အနေအထား ဆက်စပ်မှု အလိုက် အပြည့်အဝအကောင်အထည်ဖော်မှသာ ကျေးရွာ အဆင့်လုပ်ငန်းများ   ပိုမိုထိရောက်  အကျိုးရှိနိုင်ခြင်း ကြောင့်  ဖြစ်ပါသည်။  ကျေးလက်အထောက်အကူပြု ဒေသန္တရစီမံကိန်းများကို     သင့်တော်သလိုရွေးချယ် ဖော်ထုတ် ချိတ်ဆက်အကောင်အထည်ဖော် ဆောင်ရွက် သွားရန် ဖြစ်ပါသည်။

 


(၃) ကောင်းမွန်သော   ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေး စီမံအုပ်ချုပ်မှု 
    လုပ်ငန်းစဉ်   အခြေခံကောင်းများ    ချမှတ်ဆောင်ရွက်သွားရန်
    မဟာဗျူဟာ
ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကောင်းမွန်သော   စီမံ အုပ်ချုပ်လုပ်ကိုင်မှု (၈)ရပ် 
(က)    တာဝန်ခံမှု၊ တာဝန်ယူမှု (Accountability)
(ခ)    ပွင့်လင်းမြင်သာမှုရှိခြင်း (Transparency)
(ဂ)    ပြည်သူ့လုပ်ငန်းစစ်နှင့်   လူထုစာရင်းစစ်  နည်းလမ်းများ ကျင့်သုံးခြင်း
(ဃ)    ပြည်သူလူထုပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း   (People Participation)-(၁) ပြည်သူလူထု ပူးပေါင်းပါဝင်သော စီမံကိန်းများရေးဆွဲခြင်း    (Participatory Planning)၊ (၂)လူထုမျက်နှာစုံညီ တွေ့ဆုံညှိနှိုင်းပွဲများ ပုံမှန်ကျင်းပခြင်း (Bi- Annual Development Forum)၊ (၃)လူထုပါဝင်သော စောင့်ကြည့်စစ်ဆေးခြင်းနှင့် အကဲဖြတ်သုံးခြင်းနည်းစနစ် လက်ခံကျင့်သုံးခြင်း
(င)    ထိရောက်မှုနှင့် အကျိုးရှိစွာ ဆောင်ရွက်နိုင်မှုစွမ်းဆောင်ရည် မြင့်မားခြင်း - (၁)  စီမံကိန်းအညွှန်းကိန်းများပြုစု၍ တိုးတက်မှုကို စောင့်ကြည့်စီမံခန့်ခွဲခြင်း၊  (၂)  ဆုံးရှုံးနစ်နာ နိုင်မှုများကို စီမံခန့်ခွဲခြင်း၊ (၃) စွမ်းဆောင်ရည်မြှင့်တင်ခြင်း၊ (၄) စံချိန်စံညွှန်းများသတ်မှတ်ကာ ထိန်းကျောင်းခြင်း
(စ)    သာတူညီမျှရှိမှု (Equity)
(ဆ)    ဥပဒေစိုးမိုးရေး (Rule of Law)
(ဇ)    တုံ့ပြန်ဆောင်ရွက်နိုင်စွမ်းရှိမှု (Responsiveness)
(၄) စဉ်ဆက်မပြတ် ဘဏ္ဍာရေးအရင်းအမြစ်ရရှိရေး မဟာဗျူဟာ


ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ကူညီဆောင်ရွက်ရာ ၌ ဘဏ္ဍာရေးအရင်းအမြစ်   လိုအပ်မှုကြီးမားသလို   စဉ်ဆက်မပြတ် ပုံမှန်ရရှိသွားရန်လည်း အရေးကြီးပါသည်။ တစ်ကြိမ်တစ်ခါတည်း နိုင်ငံတော်မှ ပံ့ပိုးပေးရုံဖြင့် ပြီးစီးအောင် ဆောင်ရွက်ရမည့် လုပ်ငန်းမျိုး မဟုတ်ပေ။ သို့ဖြစ်ပါ၍ စဉ်ဆက်မပြတ် ဘဏ္ဍာရေးအရင်းအမြစ်ရရှိရေး မဟာဗျူဟာအနေဖြင့်   ဒေသအလိုက်   ကောက်ယူရရှိသော  အခွန် ပမာဏငွေကို   အခြေပြု၍   နိုင်ငံတော်မှ    နှစ်စဉ်ပံ့ပိုးခြင်းဖြင့် လည်းကောင်း၊   ပြည်တွင်းပြည်ပ   ဖွံ့ဖြိုးရေးအဖွဲ့အစည်းများ၊ အရပ် ဘက်လူ့အဖွဲ့အစည်းများနှင့်ပုဂ္ဂလိကကဏ္ဍတို့မှ စိတ်ဝင်စားမှုလုပ်ငန်း အလိုက်    ပူးပေါင်းထည့်ဝင်မှုများဖြင့်လည်းကောင်း၊    ပြည်သူ့ ထည့်ဝင်ငွေများဖြင့်လည်းကောင်း၊    ကျေးလက်ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ဖွံ့ဖြိုးရေးရန်ပုံငွေကို မြို့နယ်အဆင့်နှင့် သက်ဆိုင်ရာခရိုင်၊ ဒေသအဆင့်အလိုက် တည်ထောင်သွားရန် ဖြစ်ပါသည်။ ဒေသခံများ အနေဖြင့်   မိမိတို့ထမ်းဆောင်ရတဲ့   အခွန်ဘဏ္ဍာငွေများကို  ၎င်းတို့ ဖွံ့ဖြိုးရေးအတွက် တိုက်ရိုက်ပြန်လည်အသုံးပြုသည်ကို သိရှိလာသည် နှင့်အညီ   အခွန်တာဝန်ကျေထမ်းလိုစိတ်   မြင့်မားလာမည်ဖြစ်ပြီး ဖွံ့ဖြိုးရေးရန်ပုံငွေရရှိနိုင်မှုပမာဏသည်လည်း ရေရှည်တွင် မြင့်မားလာ မှာဖြစ်ပါသည်။ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးကျေးလက်ဖွံ့ဖြိုးရေး ရန်ပုံငွေကို မြို့နယ်ဖွံ့ဖြိုးရေးရန်ပုံငွေနှင့် ဒေသန္တရဖွံ့ဖြိုးရေးရန်ပုံငွေ ဟူ၍ နှစ်မျိုးနှစ်စား ခွဲခြား၍ တည်ထောင်ထားရှိသွားရန် ဖြစ်ပါသည်  ။

 


(၅) ထိရောက်စွာ  ပူးပေါင်းအကောင်အထည်ဖော်   
    ဆောင်ရွက်ရေး မဟာဗျူဟာ


ကျေးလက်ဒေသ    ဆင်းရဲနွမ်းပါးမှုလျှော့ချရေးလုပ်ငန်းစဉ် အောင်မြင်စွာ လုပ်ဆောင်နိုင်ရန်အတွက်  စိန်ခေါ်မှုများစွာရှိပါသည်။ ဝေးလံခေါင်းပါးသောဒေသရှိ ကျေးလက်နေ ဆင်းရဲ နွမ်းပါးသူများထံ ရောက်ရှိအောင်သွားလာ၍ ၎င်းတို့သဘောပေါက် နားလည်လာအောင် စည်းရုံးလေ့ကျင့်ပညာပေးကာ သင့်တော်သော ဖွံ့ဖြိုးရေးလုပ်ငန်းများ ကို ကိုယ်တိုင်ကိုယ်ကျ ပူးပေါင်းအကောင်အထည်ဖော် လုပ်ဆောင်ရ မည့် ပြည်သူ့ဗဟိုပြု ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းကို နိုင်ငံတော်အစိုးရ တစ်ခုတည်းက တာဝန်ယူဆောင်ရွက်သွားသည်ထက် ပုဂ္ဂလိကကဏ္ဍ နှင့် အရပ်ဘက်လူ့အဖွဲ့အစည်းများကပါ အစိုးရဌာနဆိုင်ရာများနှင့် လက်တွဲ၍   ပူးပေါင်းပါဝင်ဆောင်ရွက်သွားမှသာ  အောင်မြင်နိုင်မှု အခွင့်အလမ်း ပိုမိုများပြားပေမည်။

 

သို့ဖြစ်ပါ၍ အကျိုးတူ စိတ်ပါဝင်စား သူအားလုံးက ထိရောက်စွာ ပူးပေါင်းပါဝင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့် စနစ်တစ်ခုကို အောက်ပါအတိုင်း ဖော်ဆောင်သွား ရန် ဖြစ်ပါသည် -


(က)    ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့ (Consortium of Development Partner) များ ဖွဲ့စည်း ခြင်း။ (အစိုးရဌာနဆိုင်ရာအချင်းချင်း၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ INGOs များ၊ NGOs များ၊ ပြည်သူများ၊ ပညာရှင်များ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ)
(ခ)    ဖွံ့ဖြိုးရေးလုပ်ငန်းများ ပူးပေါင်းညှိနှိုင်း အစည်းအဝေးများ ကျင်းပခြင်း။

 


မဟာဗျူဟာအကောင်အထည်ဖော်ခြင်း


မဟာဗျူဟာပါ    ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သော အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့်  ကျေးလက် လမ်းများဖောက်လုပ်ခြင်း၊ ကျေးလက်ရေရရှိရေး၊ ကျေးလက်မီးလင်း ရေး၊ ကျေးလက်အသက်မွေးဝမ်းကျောင်း ဖွံ့ဖြိုးရေး၊ လူထုအခြေပြုစီမံ ကိန်းများ၊ မြစိမ်းရောင်ကျေးရွာလည်ပတ်ရန်ပုံငွေစီမံကိန်း၊ ကျေးရွာ ဖွံ့ဖြိုးရေးစီမံကိန်း၊   စွမ်းဆောင်ရည်မြှင့်တင်ရေး    စီမံကိန်းများကို ကျေးလက်ဒေသဖွံ့ဖြိုးရေးမဟာဗျူဟာမူဘောင်နှင့်အညီ  အစိုးရ အဆက်ဆက်မှစ၍ ယနေ့တိုင် ခေတ်အဆက်ဆက်ဆောင်ရွက်ခဲ့ပြီး ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနိုင်ငံ   ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးစင်တာ (MPC)မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ တိုးတက်နေသလို မဟာဗျူဟာမူဘောင်ကိုလည်း MPC မှာ စတင် ဆွေးနွေးခဲ့တာဖြစ်လို့ ကျေးလက်ဖွံ့ဖြိုးရေး မဟာဗျူဟာမူဘောင်ဟာ ငြိမ်းချမ်းရေး ဖြစ်စဉ်များနှင့်အတူ မွေးဖွားလာခဲ့တာ ဖြစ်ပါသည်။ ငြိမ်းချမ်းမှ ဖွံ့ဖြိုးမယ်၊ ဖွံ့ဖြိုးမှငြိမ်းချမ်းမယ်ဆိုတာ အားလုံးအသိပဲ ဖြစ်ပါသည်။   ကျေးလက်ဒေသဖွံ့ဖြိုးရေး   မဟာဗျူဟာမူဘောင် ဖြစ်မြောက်ရေးအတွက်   မူဝါဒပိုင်းဆိုင်ရာ   လမ်းညွှန်ပေးသူများ၊ ပူးပေါင်းပါဝင်ခဲ့ကြသူများ၊ အဖွဲ့အစည်းအသီးသီးမှ အသိပညာရှင်၊ အတတ်ပညာရှင်များကို မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါကြောင်း တင်ပြ လိုက်ရပါသည်။       ။


ရည်ညွှန်းကိုးကားချက် -     ကျေးလက်ဒေသ    ဖွံ့ဖြိုးတိုးတက်ရေး     မဟာဗျူဟာမူဘောင်စာအုပ် (RDSF)