နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းတို့ နေထိုင်သည့် ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ၎င်းဒေသ များတွင် နေထိုင်ကြသည့် ပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုး တိုးတက်ရေးတို့ကို လက်တွေ့ကျကျ ဖော်ဆောင်ပေးနိုင်ရန်မှာလည်း အရေးကြီးသည်။ ကျေးလက်ဒေသများ သောက်သုံးရေရရှိရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေး၊ လျှပ်စစ်မီးရရှိရေး၊ လမ်းတံတားများ၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးဆိုင်ရာ အခြေခံအဆောက်အအုံ များ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် ကျေးလက် ဒေသများ ဖွံ့ဖြိုးတိုးတက်လာပြီး ကျေးလက်နှင့် မြို့ပြအကြား လူနေမှု အဆင့် ကွာဟချက်များ ကျဉ်းမြောင်းလာမည်ဖြစ်သည်။
ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်က အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က စီမံကိန်းများ ရေးဆွဲဆောင်ရွက်လျက်ရှိသည်။ ၂၀၁၅ ခုနှစ်က စတင်ခဲ့ပြီး နှစ်စဉ်ဆောင်ရွက်လျက်ရှိသည့် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်းကို ယခု ၂၀၂၁-၂၀၂၂ မီနီဘတ်ဂျက်ခြောက်လ တာကာလအတွင်း ကျေးရွာပေါင်း ၁၁၀၀ တွင် အကောင်အထည် ဖော်သွားမည်ဟု သိရသည်။ ၎င်းစီမံကိန်းအရ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့တွင် တည်ရှိနေသည့် ဖွံ့ဖြိုးရေးနိမ့်ကျနေသည့် ကျေးရွာများကို တစ်ရွာလျှင် ငွေကျပ်သိန်း ၁၀၀ နှုန်းဖြင့် နိုင်ငံတော်ရန်ပုံငွေမှ ထောက်ပံ့ပေးကာ ကျေးလက်လမ်းတံတား၊ ရေကန်၊ လျှပ်စစ်မီးလင်းရေး စသည့်လိုအပ်ချက်များကို ဖြည့်ဆည်း တည်ဆောက်ပေးခြင်းဖြစ်သည်။ ယင်းသို့ ဆောင်ရွက်ရာတွင် ကျေးရွာသူ ကျေးရွာသားများကိုယ်တိုင်က မိမိတို့ကျေးရွာ၏ အမှန်တကယ် လိုအပ်ချက်များကို မိမိတို့ကိုယ်တိုင် ဖော်ထုတ်ကာ ကျေးရွာဖွံ့ဖြိုးရေး စီမံချက်များကို ကိုယ်တိုင်ရေးဆွဲကြပြီး နိုင်ငံတော် က ထောက်ပံ့သည့် ငွေကျပ် သိန်း ၁၀၀နှင့် ကျေးရွာမှ ငွေထည့်ဝင်မှု၊ လုပ်အားထည့်ဝင်မှုတို့နှင့် ပေါင်းစပ်၍ အကောင်အထည်ဖော်ကြခြင်း ဖြစ်သည်။ နည်းပညာဆိုင်ရာ ပံ့ပိုးမှုများကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကူညီပေးခြင်းဖြင့် အစိုးရနှင့် ပြည်သူ ပူးပေါင်းဆောင်ရွက်ကြခြင်းဖြစ်သည်။ စတင်အကောင်အထည်ဖော် သည့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အထိ မြို့နယ်ပေါင်း ၂၅၈ မြို့နယ်မှ စီမံချက်ရေးဆွဲပြီး ကျေးရွာပေါင်း ၁၃၇၉၆ ရွာအထိ ရှိခဲ့ပြီးဖြစ်ကြောင်းလည်း သိရသည်။
စီမံကိန်း၏ ရည်ရွယ်ချက်ကို လေ့လာပါက ကျေးလက်ပြည်သူ များကိုယ်တိုင် ကျေးရွာ၏ ပကတိလိုအပ်ချက်များကို ဖော်ထုတ်ပြီး ဦးစားပေးအစီအစဉ်အလိုက် စီမံချက်များရေးဆွဲ ဖော်ထုတ်နိုင်စေရန် ကျေးရွာများ၏ ဦးစားပေးစီမံချက်များအပေါ် အခြေခံ၍ နှစ်စဉ် ရန်ပုံငွေများ လျာထားပြီး စီမံချက်လုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်နိုင်စေရန်၊ ကျေးရွာများမှ ထွက်ပေါ်လာသော စီမံချက်များအား မြို့နယ်အဆင့် ဦးစီးဌာနအသီးသီး၏ ဖွံ့ဖြိုးရေး အစီအစဉ်များနှင့် ချိတ်ဆက်နိုင်စေရန်ဟူ၍ဖြစ်ရာ စီမံကိန်း ရေးဆွဲခြင်းမှ အကောင်အထည်ဖော်ခြင်းအထိ လုပ်ငန်းများကို အောက်ခြေမှအထက်သို့ သွားခြင်းဖြစ်ပြီး ကျေးလက်ဒေသနေ ပြည်သူများ၏ ပကတိလိုအပ်ချက်များကို လက်တွေ့အကောင် အထည်ဖော်ခြင်း ဖြစ်သည်။
ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ တည်ဆောက်အကောင်အထည် ဖော်ကြရာတွင် ကျေးရွာနေပြည်သူများ၏ တစ်စိတ်တစ်ဝမ်းတည်း စည်းလုံးညီညွတ်မှု၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးနှင့် မိမိတို့၏ လူမှုစီးပွားဘဝများ တိုးတက်ကောင်းမွန်ရေးအတွက် စိတ်အား ထက်သန်မှု၊ ရိုးသားစွာဖြင့် ကြိုးစားလုပ်ကိုင်ဆောင်ရွက်မှု၊ ဗဟုသုတ ကြွယ်ဝပြည့်စုံမှုနှင့် ဉာဏ်ပညာရင့်သန်မှုတို့က ကျေးရွာဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းများ အောင်မြင်မှုနှင့် အရည်အသွေးကောင်းမွန်မှုတို့ အတွက် အရေးပါသည့် လိုအပ်ချက်များဖြစ်သည့်အလျောက် ဥစ္စာ ရင်လို ဥစ္စာရင်ခဲ ကြိုးပမ်းဖြည့်ဆည်းကြရပါမည့်အကြောင်း။ ။