
(၁)
အထက်ပါခေါင်းစဉ်က လွန်ခဲ့တဲ့အနှစ် ၂၀ လောက် က ရေးဖြစ်တဲ့ ကဗျာလေးတစ်ပုဒ်ရဲ့ ခေါင်းစဉ်လေး ပဲ ဖြစ်ပါတယ်။ တစ်ဖန် ဒီကဗျာလေးကိုပဲ ဆောင်းပါးအဖြစ်လည်း ရေးသားခဲ့ဖူးပါတယ်။ စာပေဟောပြောပွဲ တော်တော်များများတွင် ဒီကဗျာလေးအကြောင်း ရှင်းလင်းပြောပြခဲ့ပါတယ်။ မြန်မာ့အသံရေဒီယို ကဗျာအမြင်၊ စာအမြင် အစီအစဉ်ကနေပြီးတော့လည်း အကြိမ်ပေါင်း များစွာ ရွတ်ဆိုဟောပြောခဲ့ပါတယ်။
အတူဟောပြောဖော် စာရေးဆရာတစ်ဦးဆို ရင် အဲဒီကဗျာနဲ့ အဲဒီဆောင်းပါးကို ထပ်ဆင့်ခံစား ပြီး ဆောင်းပါးအဖြစ် ရေးသားခဲ့တာ ငါးကြိမ်ခန့် ရှိပါပြီ။
အမုန်းတရားတွေ ထွေပြားလှတဲ့ ဒီကနေ့ ကာလမှာ အဲဒီကဗျာနဲ့ အဲဒီဆောင်းပါးလေးကို ထပ်မံရေးသားတင်ပြလိုစိတ်ဖြစ်ပေါ်လာလို့ အခု လို ဖြည့်စွက်ရေးသားတင်ပြရပါတယ်။
(၂)
မိုးတွေရွာနေတဲ့နေ့တစ်နေ့ကဖြစ်ပါတယ်။ ဒီတစ်ရက်တော့ဖြင့် မဖြစ်မနေအနားယူမယ်လို့ စိတ်ဆုံးဖြတ်ပြီး များပြားလှတဲ့ စာပေထုတ်လုပ်ရေး ကိစ္စတွေကို ဖြတ်တောက်ကာ အိမ်မှာနေရင်း ဓမ္မ စာပေတွေ ဖတ်ရှုလို့နေခဲ့မိရဲ့။ မဟာဗုဒ္ဓဝင် စတုတ္ထ တွဲကို ဖတ်ရှုရင်း ဘုရားရှင်လက်ထက်ကအဖြစ် အပျက်လေးတစ်ခုကို ဖတ်မဝရှုမဆုံး နှလုံးစိတ် ဝမ်း ချမ်းမြေ့နေမိပါတယ်။
ကဗျာရေးသူ စာရေးသူတစ်ယောက်ဖြစ်လေ တော့ မိမိဖတ်ရှုမိတဲ့ အကြောင်းအရာလေးကို ကဗျာဖတ်သူ စာဖတ်သူတွေကို တစ်ဆင့်မျှဝေချင် စိတ်ဖြစ်ပေါ်မိတယ်။ အကြောင်းအရာက အင်မတန် နှစ်သက်ဖွယ်ရာကောင်းလွန်းလို့ပါ။
မြတ်ဘုရားရှင်၏ ကိုးဝါပြည့်မြောက်
၁၀ ဝါအရောက်
ဘုရားရှင်ဟာ ကိုးဝါပြည့်မြောက်ပြီး ၁၀ ဝါ အရောက်မှာ ကောသမ္ဘီပြည်သူပြည်သားတွေရဲ့ ပင့်ဖိတ်ချက်အရ အဲဒီကောသမ္ဘီပြည်ကို ကြွရောက် သီတင်းသုံးတော်မူတဲ့အချိန်မှာပဲ ကျောင်းတိုက်မှာ ရဟန်းအချင်းချင်း မညီမညွတ် ခိုက်ရန်ဖြစ်ပွားမှု ပေါ်ပေါက်ခဲ့ပါတယ်။
စတင်ဖြစ်ပွားရပုံက ဒီလိုပါ။ တစ်နေ့မှာ ရဟန်းတစ်ပါးဟာ ကုဋီသို့တက်ရောက်ပါတယ်။ အဲဒီရဟန်းဟာ ကုဋီကဆင်းသွားတဲ့အခါ ကုဋီထဲ က ရေအင်တုံမှာ သန့်သက်ရေ (သန့်စင်ရန် အသုံး ပြုသောရေ) အနည်းငယ်ကျန်ရစ်ခဲ့ပါတယ်။ မကြာ မီဘဲ နောက်ရဟန်းတစ်ပါးက အဲဒီကုဋီထဲကို ဝင်လိုက်တော့ အင်တုံထဲမှာ ကျန်ရစ်ခဲ့တဲ့ ရေ အနည်းငယ်ကို တွေ့သွားပါတယ်။
ဒုတိယရဟန်းဟာ ပထမရဟန်းနောက်ကို ချက်ချင်းလိုက်သွားပါတယ်။ ပြီးတော့ “အရှင် ရဟန်း၊ အရှင်ရဟန်းဟာဖြင့် ကုဋီထဲက ရေအင် တုံမှာ သန့်သက်ရေ အနည်းငယ်ကျန်ရစ်ခဲ့ပါတယ်။ ဒါကြောင့် ရှင်ရဟန်းရဲ့အပြုအမူဟာ ဘုရားရှင် ပညတ်တော်မူတဲ့ ဘယ်ဝိနည်း ဘယ်သိက္ခာပုဒ် တွေနဲ့ဖြင့် မညီညွတ်ပါဘူး။ ဒါကြောင့် ရှင်ရဟန်း တော့ အာပတ်သင့်ပြီ” လို့ သွားရောက်ပြောဆိုပါ တယ်။ အဲဒီလိုပြောတဲ့အခါ အပြောခံရတဲ့ရဟန်း ကလည်း-
“အရှင်.. ငါဟာ အဲဒီအင်တုံထဲမှာ ကျန်စေလို တဲ့စေတနာနဲ့ ချန်ခဲ့တာမဟုတ်ဘူး။ အမှုမဲ့အမှတ်မဲ့ ကျန်ရှိခဲ့ခြင်းပဲဖြစ်တယ်။ အဲသလိုဆိုတော့ ငါဟာ အဲဒီအာပတ်သင့်တယ်လို့ မဆိုနိုင်ဘူးမဟုတ်လား”
အဲဒီလို ရဟန်းနှစ်ပါးဟာ အပြန်အလှန်ငြင်းခုံကြပြီး သူ့အဆောင် ကိုယ့်အဆောင်ပြန်သွားကြလေရဲ့။
ပထမရဟန်းကလည်း သူအာပတ်မသင့် ကြောင်း၊ ဒုတိယရဟန်းက သက်သက်မဲ့ လာရောက် စွပ်စွဲတာဖြစ်ကြောင်း သူ့တပည့်နောက်ပါရဟန်းတွေ ကို ရှင်းပြတယ်။
ဒုတိယရဟန်းကလည်း ဟိုရဟန်းတော့ဖြင့် အာပတ်သင့်သွားပြီ၊ ဘုရားရှင်ရဲ့ ဝိနည်းသိက္ခာပုဒ်ကို မလိုက်နာဘူးစသည်ဖြင့် သူ့ရဲ့တပည့်နောက်ပါ ရဟန်းတွေကို ရှင်းပြတယ်။
ဒီလိုနဲ့ပဲ အဲဒီရဟန်းနှစ်ပါးဦးဆောင်တဲ့ အုပ်စု နှစ်စုဟာ တစ်ဖက်နဲ့တစ်ဖက် စောင်းမြောင်းပြော ဆိုရာက ငြင်းခုံ၊ ငြင်းခုံရာက စကားများ၊ အဲဒီက မှတစ်ဆင့် ခိုက်ရန်ဖြစ်ပွားကြတဲ့အထိ ပြင်းထန် လာခဲ့တယ်။
ဘုရားရှင်က တားမြစ်ဆုံးမပါသော်လည်း
ရဟန်းအုပ်စုနှစ်စုရဲ့ အချင်းများခိုက်ရန်ဖြစ်ပွား မှုကို ဘုရားရှင်ဟာ သိရှိတော်မူတာနဲ့ အဲသလို ရန်မဖြစ်ကြဖို့ တားမြစ်တော်မူပါတယ်။ တစ်ကြိမ်မက၊ နှစ်ကြိမ်မက အကြိမ်ကြိမ်တားမြစ်တော်မူပါတယ်။ ရှေးဟောင်းသာဓကပုံဆောင်ပြပြီး အထပ်ထပ်ဆုံးမ တော်မူပါတယ်။
သို့သော်လည်း ရဟန်းတွေက မလိုက်နာကြပါ ဘူး။ ရန်ပွဲဟာ ကြီးမားသည်ထက် ကြီးမားလာခဲ့ပါ တယ်။
အဲဒီအခါမှာ ဘုရားရှင်က ဪ... ကောသမ္ဘီ ပြည် ဃောသိတာရုံကျောင်းတိုက်က ဤရဟန်း များသည် ဆိုဆုံးမရခက်လေစွတကား၊ ငါသည် ဤရဟန်းများနှင့် ဝေးရာသို့ ကြွချီတော့အံ့လို့ ဆင်ခြင် သုံးသပ်ဆုံးဖြတ်တော်မူပြီးနောက် အရှေ့အရပ်ဆီသို့ တစ်ပါးတည်း ဧကစာရီထွက်ကြွသွားတော်မူပါတယ်။
ဘုရားရှင်တို့က ခေါ်တော်မူခြင်းမပြုလျှင် မည်သူမှ ဘုရားရှင်နောက်ပါးက လိုက်ပါခွင့်မရှိပါဘူး။ ဒါ့ကြောင့် ကောသမ္ဘီပြည်သားရဟန်းများဟာ ဘုရားရှင်ကြွချီတော်မူသွားတဲ့နောက်ကို ဘယ်သူမှ လိုက်ပါခွင့်မရခဲ့ပါဘူး။
တစ်ပါးတည်းသီတင်းသုံးနေသော
မထေရ်ကြီးတစ်ပါး
အဲဒီလို ဘုရားရှင်ထွက်ကြွသွားတော်မူတဲ့အခါ ရှေးဦးစွာ တောအုပ်အတွင်းသို့ ရောက်တော်မူပါ တယ်။ အဲဒီတောအုပ်ကြီးထဲက အဖော်မမှီး တစ်ကိုယ် တည်း သီတင်းသုံးနေတဲ့ ဘဂုမထေရ်ကြီးနဲ့တွေ့ဆုံ ပါတယ်။ ဘဂုမထေရ်ကြီးဟာ ဘုရားရှင်ရဲ့ အဆုံး အမကို နာယူပါတယ်။ ဘဂုမထေရ်ကြီးရဲ့ ကျောင်း သင်္ခမ်းမှာ တစ်ညမျှ သီတင်းသုံးအိပ်စက်တော်မူပြီးတဲ့နောက် ဘုရားရှင်ဟာ တစ်ပါးတည်းနေထိုင်ခြင်းရဲ့ ချမ်းသာမှုကို ချီးကျူးဟောကြားပြီး အရှေ့စူးစူးရှိ ဝါးတောထဲကို ဆက်လက်ထွက်ကြွသွားတော်မူပါ တယ်။
မထေရ်သုံးပါး သီတင်းသုံးရာဆီသို့
အရှေ့အရပ်မှာရှိတဲ့ အဲဒီဝါးတောထဲမှာက ရှင်အနုရုဒ္ဓါ၊ ရှင်နန္ဒိယ၊ ရှင်ကိမိလဆိုတဲ့ မထေရ်သုံးပါး အညီအညွတ် သီတင်းသုံးနေထိုင်ကြပါတယ်။ အဲဒီ သုံးပါးထဲမှာ ရှင်အနုရုဒ္ဓါကတော့ အကြီးအမှူး ဖြစ်ပါတယ်။ ဘုရားရှင်ကြွချီလာပြီဆိုတာကို အဦး ဆုံးသိလိုက်သူကတော့ ရှင်အနုရုဒ္ဓါပဲဖြစ်ပါတယ်။ ပထမတော့ ရှင်အနုရုဒ္ဓါဟာ ဘုရားရှင် မိမိတို့ တောအုပ်အတွင်း ကြွချီလာတာကို အတိုင်းမသိ ပီတိဖြစ်တော်မူပြီး သွားရောက်ခရီးဦးကြိုပြုမယ်လို့ စိတ်အကြံဖြစ်မိပြီးမှ -
“ဪ... ငါတို့ရဟန်းသုံးပါးဟာ ဒီတောအုပ် အတွင်းမှာ အညီအညွတ်နေထိုင်ကြတာပါလား၊ ငါ တစ်ဦးတည်းသွားရောက်ကြိုဆိုလျှင် ဘယ်မှာ အညီအညွတ်နေထိုင်ရာရောက်တော့မလဲ၊ ငါ့ရဲ့ သီတင်းသုံးဖော် ရဟန်းနှစ်ပါးကို ခေါ်ချေဦးမှလို့ မြော်မြော်မြင်မြင်တွေးခေါ်ပါတယ်”။
ကြည့်စမ်းပါဦးနော်။ သူတော်ကောင်းတို့ရဲ့ နှလုံးသားဟာ ဘယ်လောက်များဖြူစင်မြင့်မြတ် ပါသလဲ။ အဲဒီအချိန် အဲဒီအခါက သက်ရှိထင်ရှား မြတ်စွာဘုရားဟာ သာသနာ့အကြီးအမှူး၊ သာသနာ့ ဦးသျှောင်၊ အတုမဲ့အနှိုင်းမဲ့ဓမ္မရာဇာဖြစ်ပါတယ်။ ဒီတစ်ခါဖြင့် ဘုရားရှင်ကို ကြိုခွင့်ရပြီ၊ ငါအဦးဆုံး ချဉ်းကပ်ခွင့်ရပြီရယ်လို့ ရှင်အနုရုဒ္ဓါဟာ မကြံစည် မတွေးခေါ်ဘဲ တစ်နည်းအားဖြင့် ကြည်နူးနှစ်သက် ခြင်းပီတိကိုသော်မှ တစ်ပါးတည်း ခံစားမှုမပြုပါဘဲ လုပ်ဖော်ကိုင်ဖက်၊ သီတင်းသုံးဖော်တွေကို အသိပေး ပြီး ကြည်နူးပီတိ သန္တိသုခကိုပင် မျှဝေခံစားစေလိုတဲ့ စိတ်ဆန္ဒရှိသူ သူတော်စင်တစ်ဦးပါ။
“အို... ရဟန်းတို့၊ ရဟန်းတို့ ငါတို့၏ ဘုရားရှင် ကြွချီတော်မူလာပြီ။ ငါတို့သုံးဦးစလုံး အညီအညွတ် ကြိုဆိုကြပါစို့” လို့ ကျန်တဲ့ရဟန်းနှစ်ပါးကြားလောက် အောင် ပင့်ဖိတ်ခေါ်ယူလိုက်ပါတယ်။
ရဟန်းသုံးပါးတို့ အညီအညွတ်ကြိုဆို
ဘုရားရှင်ထံပါးသို့ ရောက်ရှိလာတဲ့ ရဟန်း သုံးပါးဟာ ပကတိအေးချမ်းတည်ငြိမ်လှပါတယ်။ တစ်ပါးက ဘုရားရှင်ပွေ့ယူလာတဲ့ သပိတ်တော်ကို၊ တစ်ပါးက ဘုရားရှင်ရဲ့ ပခုံးတော်ပေါ်မှာ တင်လာ တဲ့သင်္ကန်းတော်ကို အသီးသီးရိုသေစွာ ဆောင်ယူကြ ပါတယ်။ ကျန်တဲ့တစ်ပါးကတော့ ဘုရားရှင်ခြေဆေး တော်မူဖို့ ရေအိုးထဲကရေကို ရေမှုတ်နဲ့တကွ ခပ်ယူ ပြီး ခြေတော်ကို လောင်းပေးပါတယ်။ ခြေတော်အစုံ ပွတ်သပ်သန့်စင်ရလေအောင် အိုးခြမ်းပဲ့ကို ချထား ပေးပါတယ်။
m စာမျက်နှာ ၁၆ မှ
အဲဒီနောက် ဘုရားရှင်ကို မြင့်မြတ်တဲ့နေရာမှာ ထိုင်တော်မူဖို့ ပြင်ဆင်ပေးပြီး သူတို့သုံးပါးကတော့ ဘုရားရှင်ရဲ့ ခြေတော်ရင်းသင့်တင့်လျောက်ပတ် တဲ့နေရာမှာ ကျုံ့ကျုံ့ကလေးတွေ ထိုင်ကြပါတယ်။ ပြီးတော့ ဘုရားရှင်ထံမှ မိန့်ကြားလာမယ့် စကား သံကို နာခံဖို့ အသင့်ပြင်လက်အုပ်ချီပြီး စောင့်စား မျှော်လင့်နေကြပါတယ်။
ကောသမ္ဘီပြည်သားရဟန်းတွေရဲ့ အချင်းချင်း ရန်သတ္တရုပြုကြ၊ အော်ကြ၊ ဟစ်ကြ၊ မောင်းမဲပြစ်တင် ကြတဲ့ အမူအရာတွေနဲ့ ဒီရဟန်းသုံးပါးရဲ့ အမူ အရာတွေဟာ မိုးနဲ့မြေ၊ ရေနဲ့မီးလို ကွာခြားလွန်း လှပါတယ်။
ဘုရားရှင်ဟာ ရဟန်းသုံးပါးရဲ့ ညီညွတ်မှု၊ စည်းကမ်းသေဝပ်မှု၊ အထက်အကြီးအကဲအပေါ် ရိုသေလေးစားမှုတွေနဲ့ ပြည့်စုံလှတဲ့အသွင်သဏ္ဌာန် ကို ရှုမြင်တော်မူရတဲ့အခါ သန္တပီတိဖြစ်မိတာနဲ့အညီ မေးခွန်းတွေကို စတင်မေးမြန်းပါတယ်။
“ရဟန်းတို့... အသင်တို့ရဟန်းသုံးပါးသည် အဘယ်ကဲ့သို့ ကျင့်ကြံပွားများသောနည်းလမ်းဖြင့် ဤကဲ့သို့ အညီအညွတ်နေထိုင်ကြပါသလဲ”
ဒီနေရာမှာ ဘုရားရှင်ရဲ့အမေးကို ရဟန်းသုံးပါး အညီအညွတ်ဖြေကြားလိုက်ပုံကတော့-
“အရှင်ဘုရား... ဘုရားတပည့်တော်တို့ သုံးဦးသည် တစ်ဦးကိုတစ်ဦး ချစ်သောမျက်စိဖြင့် သာကြည့်ကြပါသည်အရှင်ဘုရား”
ကြည့်စမ်းပါဦး။ ဒီထက်ကောင်းတဲ့ အဖြေ၊ ဒီထက်ကောင်းတဲ့စကားလုံး၊ ဒီထက်ကောင်းတဲ့ အသုံးအနှုန်း ဘယ်မှာများရှိနိုင်ပါ့မလဲ။
ဟုတ်တာပေါ့။ တစ်ဦးကိုတစ်ဦး ချစ်သော မျက်စိနဲ့သာကြည့်တော့ အချစ်တွေချည်းဝင်တော့ မှာပေါ့။ ဘယ်မှာအပြစ်မြင်ပါတော့မလဲ။ ဪ... ဒါကြောင့်လည်း အညီအညွတ် နေထိုင်နိုင်ကြ တာပါပဲလေ။
အဲဒီအခါမှာ ဘုရားရှင်က ဆက်ပြီးမေးတော် မူပြန်ပါတယ်။ ဘယ်လိုပုံစံမျိုးနဲ့ ဘယ်လောက်အထိ အညီအညွတ်သင့်တင့်မျှတစွာ နေထိုင်ကြပါသလဲ ဆိုတော့...။
“အရှင်ဘုရား... နို့နှင့်ရေကို ရောစပ်ပြီးသည့် အခါ နို့ချည်းသက်သက်၊ ရေချည်းသက်သက် ပြန်လည်ခွဲယူလို့မရတော့သည့်ပုံပမာတူ၊ တပည့် တော်တို့ သုံးဦးသည်လည်း အတူပေါင်းစည်းနေထိုင်ပြီး သကာလ ကာယကံမေတ္တာ၊ ဝစီကံမေတ္တာ၊ မနောကံ မေတ္တာတည်းဟူသော မေတ္တာသုံးပါးဖြင့် လွှမ်းခြုံ ကာ ကိုယ်သာကွဲပြား၊ စိတ်မခြားဘဲ သုံးပါးအလို မမောက်မိုသည် သုံးကိုယ်တစ်စိတ်နေထိုင်ကြပါ သည် ဘုရား”
ရဟန်းသုံးပါးရဲ့ အဖြေစကားတွေဟာဖြင့် ကြက်သီးမွေးညင်းထလောက်အောင် မွန်မြတ် လှပါပေတယ်။
ဒီအဖြေစကားတွေရဲ့နောက်ကွယ်မှာ ချစ်ခင် မှု၊ စည်းလုံးမှု၊ တည်ကြည်မှု၊ ခိုင်မြဲမှု၊ မြင့်မြတ်မှု တွေနဲ့ ပြည့်စုံနေတာကို ဖတ်ရင်းဖတ်ရင်း နားလည် သဘောပေါက်လာမိပါတယ်။
ဪ... ဟုတ်ပေသားပဲ။ လောကကြီးမှာ လုပ်ဖော်ကိုင်ဖက် ရဲဘော်ရဲဘက်ချင်း၊ မိတ်ဆွေ သူငယ်ချင်းအချင်းချင်း၊ မိသားစုဝင်အချင်းချင်း အတူတကွနေထိုင်ကြတဲ့အခိုက်မှာ ချစ်သော အကြည့်၊ ချစ်သောမျက်စိဖြင့် ကြည့်တတ်ဖို့ တကယ်လိုအပ်လှပါလား။ ဒါမှသာ ပတ်ဝန်းကျင်ကို အလှဆင်နိုင်ပါကလား။ တစ်ဦးနဲ့တစ်ဦး ဂုဏ်တု ဂုဏ်ပြိုင် အနိုင်ရလိုမှု၊ အာဃာတထား ရန်လိုမှု၊ မယုံသင်္ကာစိတ်ပွားများမှု၊ ကိုယ့်ထက်သာ မနာလိုမှု၊ သူလုပ်တာက မကောင်း၊ ကိုယ်လုပ်တာမှ အကောင်းထင်မှု၊ လင်းတလောက်တော့ ငှက်တိုင်း လှပါတယ်ဆိုတဲ့ အကောင်းမမြင် အဆင်ခြင်ကင်းမဲ့ မှုတွေနဲ့ ဖုံးလွှမ်းသောမျက်စိဖြင့် ကြည့်ရှုမယ် ဆိုရင်တော့ လောကကြီးက အလှတရားတို့ ပျောက်ကွယ်လျော့ပါးသွားမှာပါလား. . . စသည်ဖြင့် အတွေးလှေငယ်ကို ရေလယ်မှာမျှောမိသလို မျောနေမိပါလေရဲ့။
“တပည့်တော်တို့သုံးဦးဟာ တစ်ဦးကိုတစ်ဦး အင်မတန်ရတောင့်ရခဲမိတ်ဆွေတွေလို့ သဘော ထားကြပါတယ်ဘုရား။ ကိစ္စရပ်တိုင်းမှာ သူ့ကိစ္စ၊ ကိုယ့်ကိစ္စ မခွဲခြားဘဲ ဦးသူက အလျင်ပြုမှု ဆောင်ရွက်ပေးကြပါတယ်ဘုရား”
ရဟန်းသုံးပါး လျှောက်တင်တဲ့စကားတွေကို ကြည်ညိုသဒ္ဓါဖြစ်လွန်းတဲ့စိတ်နဲ့အတူ “ချစ်ခြင်းဖြင့် သာ ရှုမြင်ပါ” ကဗျာလေးကို ရေးဖွဲ့စပ်ဆိုခဲ့ကြောင်း တင်ပြရပါတယ်။ ။
- Log in to post comments