
မောင်အောင်
“ပြီးခဲ့တဲ့ မတ်လ (၂၈)ရက်နေ့က ပြည်ထောင်စုဝန်ကြီး ဒီချောင်းမငယ် ရေလှောင်တမံကို လာရောက်စစ်ဆေးတဲ့ အခါမှာ ဒီတမံဝန်းကျင်နဲ့ ရုံးပင် သစ်တောကြိုးဝိုင်း ဧရိယာအတွင်းမှာ တောင်သူတွေ ရှိနေတာနဲ့ ပတ်သက်ပြီး ဒီသစ်တောဧရိယာအတွင်းမှာ သီးနှံ သစ်တောရောနှော စိုက်ခင်းထူထောင် သွားဖို့ လမ်းညွှန်မှာကြားခဲ့ပါတယ်။ ဝန်ကြီးရဲ့ လမ်းညွှန်ချက်အရ ဧပြီလ ပထမပတ်အတွင်းမှာ ဒုတိယဝန်ကြီးနဲ့ ကျွန်တော်တို့ ဝန်ကြီးဌာနမှာရှိတဲ့ စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန၊ ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနဲ့ ကျွန်တော်တို့ ဆည်မြောင်းနှင့် ရေအသုံး ချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ညွှန်ကြား ရေးမှူးချုပ်နဲ့အဖွဲ့တွေ ကွင်းဆင်းပြီး ဒေသခံတောင်သူတွေနဲ့ တွေ့ဆုံဆွေးနွေး ခဲ့ပါတယ်။ ဒုတိယဝန်ကြီးက ဒေသခံတွေ ရဲ့ လိုအပ်ချက်ကို မေးမြန်းဆွေးနွေးပြီး ကျွန်တော်တို့ ဦးစီးဌာနတွေအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းစီမံချက်တွေ ရေးဆွဲတင်ပြခဲ့ပါတယ်။ အဲဒီစီမံချက်တွေ ကို ဆွေးနွေးညှိနှိုင်းပြီး ဦးစီးဌာနအလိုက် လုပ်ငန်းတွေကို စတင်အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ပါတယ်။
ဆောင်ရွက်ပြီးစီးမှုများတင်ပြ
“ကျွန်တော်တို့ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက တမံရှောင်ကွင်းလမ်း ဖောက်လုပ်ခြင်း၊ ရေဝပ်ဧရိယာ ကျေးရွာချင်းဆက်လမ်းဖောက်လုပ်ခြင်း၊ တမံရေဝပ်ဧရိယာတွင် ရေးကြီးမြင့်အမှတ်၊ အမှတ်အသား Board (၇)ခု ပြုလုပ်ခြင်းတို့ကို ဆောင် ရွက်ခဲ့ပါတယ်။ ဒီချောင်းမငယ် ရေလှောင် တမံ ရှင်းလင်းဆောင်အနီးမှာရှိတဲ့ စက်လှေဆိပ်ကျေးရွာမှာ အိမ်ထောင်စု ပေါင်း ၄၇ စုနဲ့ လူဦးရေ ၁၉၁ ဦး နေထိုင် လျက်ရှိပါတယ်။ ကန်ရေပြည့်မှတ်တွေ ကျွန်တော်တို့ စိုက်ထူမှတ်သားပေးထား ပြီး ရေပြည့်မှတ်အောက် နေထိုင်တဲ့ အိမ်ထောင်စုတစ်ခုမှ မရှိပါဘူး။ ရေကြီး မှတ်အောက်မှာတော့ အိမ်ထောင်စု ၂၅ စု၊ လူဦးရေ ၁၀၄ ဦး နေထိုင်လျက် ရှိပါ တယ်။ ကျွန်တော်တို့ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက တင်ပြပါလုပ်ငန်းသုံးခု ဆောင်ရွက်ဖို့ လျာထားရာမှာ လက်ရှိ ၉၀ ရာခိုင်နှုန်း ပြီးစီးပြီ ဖြစ်ပါတယ်။ ဆက်လက်ပြီး ကျန်တဲ့ဦးစီးဌာနများအလိုက် ဆောင် ရွက်ပြီးစီးမှုများကို တင်ပြသွားမှာဖြစ်ပါ တယ်။”
ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့် ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ချောင်းမငယ် ရေလှောင်တမံရှင်းလင်း ဆောင်တွင် ပြည်ထောင်စုဝန်ကြီးနှင့် ကျွန်တော်တို့အဖွဲ့ကို ရှင်းလင်းတင်ပြ နေခြင်းဖြစ်ပါသည်။
သည်တစ်ပတ် တနင်္ဂနွေကား ကျွန်တော်တို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ သစ်ပင်စိုက် ပွဲတော် ကျင်းပခဲ့သည့်နေ့ဖြစ်သည်။ ချောင်းမငယ် ရေလှောင်တမံအတွင်း ရေဝင်သည့်ပမာဏ တစ်နှစ်ထက် တစ်နှစ် နည်းလာသည့်အတွက် ရေလှောင်တမံဝန်းကျင်ရှိ ရေဝေရေလဲ ဧရိယာများတွင် သစ်တောသစ်ပင်များ စိုက်ပျိုးပေးခြင်းဖြစ်သည်။ ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက် အစရှိသည့် သစ်ပင်ကြီးမျိုး ၁၀၀၀ စိုက်ပျိုးခြင်း ဖြစ်သည်။ ချောင်းမငယ်ရေလှောင်တမံ သည်လည်း ကျွန်တော်တို့ နေပြည်တော် ပြည်ထောင်စုနယ်မြေရှိ ပြည်သူများ အတွက် သောက်သုံးရေ ဖြည့်ဆည်း ပေးသည့် ရေလှောင်တမံတစ်ခုဖြစ်သည်။ သည်ရေလှောင်တမံဝန်းကျင်ရှိ သစ်တော ကြိုးဝိုင်းအတွင်း သစ်တော ပြုစု ပျိုးထောင်ခဲ့သည့် ဝန်ထမ်းများ ကျန်ရှိ နေသည်။ သူတို့၏ အသက်မွေးဝမ်း ကျောင်းအတွက် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများ လုပ်ကိုင်သကဲ့သို့ သစ်ခုတ်၊ ဝါးခုတ်လုပ်ငန်းများဖြင့် စားဝတ်နေရေး ကို ဖြည့်ဆည်းရပ်တည်နေကြသည်။
ဥပဒေအရ အရေးယူခဲ့သည်များရှိခဲ့
ဤလူများကို အကြမ်းအားဖြင့် သစ်တောဧရိယာအတွင်း ကျူးကျော် လုပ်ကိုင်နေသူများ (သစ်တောကျူး)ဟု ခေါ်ဆိုခဲ့ကြသည်။ သစ်တောဧရိယာ အတွင်းရှိ သတ်မှတ်သည့် သစ်တော သစ်ပင်များ ခုတ်လှဲရောင်းချပါက သစ်တောဦးစီးဌာန ဥပဒေအရ အရေးယူ ခဲ့သည်များ ရှိခဲ့သည်။ သို့ဖြစ်၍ သစ်တော များလည်း ပြုန်းတီး၊ သူတို့ဘဝလည်း မရေမရာ ဖြစ်ခဲ့ရသည်။
သို့ဖြစ်၍ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိမ်းသိန်းရေးဝန်ကြီးဌာနနှင့်ကျွန်တော်တို့ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာနတို့ ပူးပေါင်း ၍ “သီးနှံသစ်တောရောနှော စိုက်ခင်း (Agro Forestry)”များ ထူထောင်ပြီး သစ်တောဧရိယာအတွင်း သတ်မှတ် နေရာများတွင် သင့်လျော်သည့် စိုက်ခင်း များ ထူထောင်ပြီး စိုက်ပျိုးရေးနှင့် မွေးမြူ ရေးလုပ်ငန်းများ ပြုလုပ်ရင်း သစ်တော များကို ထိန်းသိမ်းစောင့်ရှောက်သွားရန် ဖြစ်သည်။
သည်ကိစ္စကို ကျွန်တော်တို့ ဝန်ကြီး ဌာနလက်အောက်ရှိ ဦးစီးဌာနများနှင့် သစ်တောဦးစီးဌာနတို့ ဤသစ်တော ဧရိယာအတွင်း နေထိုင်ကြသည့် ပြည်သူ များနှင့် တွေ့ဆုံဆွေးနွေးသည့်အခါ သူတို့ ကလည်း ဝမ်းမြောက်ဝမ်းသာ လက်ခံကြ သည်။ သစ်တောကျူးများ မဟုတ်တော့ ဘဲ တရားဝင် နေထိုင်လုပ်ကိုင်ခွင့်ရကြ မည်ဖြစ်သဖြင့် ဤသို့ ဆောင်ရွက် ပေးမှုကို အထူးပင် ကျေးဇူးတင်နေကြ သည်။
“ကျွန်တော်တို့ မွေးမြူရေးနှင့် ကုသ ရေးဦးစီးဌာနကတော့ ဒေသကြက်၊ ဒေသဘဲနဲ့ စားကျက်မြက်မျိုးတွေ စမ်းသပ်စိုက်ပျိုးတာကို ကူညီဆောင်ရွက် ပေးသွားမှာ ဖြစ်ပါတယ်။ အထူးသဖြင့် ကျောက်တစ်လုံး၊ ကျောင်းစု၊ ပန်းညိုစမ်း၊ ပေပင်နဲ့ ကြိမ်ဖန်ကျေးရွာတွေမှာ ဒေသ ကြက်ခြံ ၂၀ ဆောက်လုပ်ထားပြီး ဖြစ်ပါ တယ်။ တိုင်းရင်းဒေသကြက်မျိုးတွေကို ကျွန်တော်တို့ ထောက်ပံ့ပေးပါမယ်။ ဒေသကြက်တွေက ရရှိလာတဲ့ မျိုးဥတွေ ကို ကျွန်တော်တို့ဌာနက ပြန်ဝယ်ပြီး ကြက်ဥဖောက်စက်နဲ့ ပြန်ပြီး ဖောက်ပါ မယ်။ ရရှိလာတဲ့ ကြက်ကလေးတွေကို မွေးမြူချင်တဲ့ လူတွေကို ထပ်ပြီး ဖြန့်ပေးပါမယ်။ ကြက်တွေရဲ့ ကူးစက် ရောဂါ ကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးကို ကျွန်တော်တို့ အားလုံး တာဝန်ယူဆောင် ရွက်ပေးပါမယ်။”
ရာနှုန်းပြည့်ပြီးစီးအောင်ဆောင်ရွက်
“အဲဒီလိုပဲ ဘဲမွေးမြူရေးကို ကျွန်တော်တို့ ဌာနက မျိုးဘဲတွေပေးပြီး မွေးမြူစေမှာ ဖြစ်ပါတယ်။ အဲဒီမွေးထား တဲ့ ကြက်နဲ့ ဘဲရယ်၊ တောင်သူတွေ မွေးမြူထားတဲ့ နွားတို့၊ ဆိတ်တို့၊ ဝက်တို့ အတွက်လည်း အာဟာရပြည့်ဝတဲ့ မြက်စိုက်ခင်းတွေထူထောင်ပြီး မြက်မျိုး ကောင်းမျိုးသန့်တွေ ဖြန့်ဖြူးပေးသွားဖို့ ရည်ရွယ်ထားပါတယ်။ လက်ရှိလျာထား ချက်ရဲ့ ၃၀ ရာခိုင်နှုန်း ကျွန်တော်တို့ ဆောင်ရွက်ပြီး ဖြစ်ပါတယ်။ လာမည့် နှစ်လအတွင်း ရာနှုန်းပြည့် ပြီးစီးအောင် ဆောင်ရွက်သွားပါ့မယ်။”
မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က သူ့ဌာန၏ ဆောင်ရွက်ထားရှိမှုကို ရှင်းလင်းတင်ပြ ခြင်းဖြစ်သည်။
“ကျွန်တော်တို့ ငါးလုပ်ငန်းဦးစီးဌာန ကတော့ ချောင်းမငယ်ရေလှောင်တမံ အတွင်းကို ငါးမြစ်ချင်း၊ ငါးခုံးမနှင့် ရွှေဝါ ငါးကြင်းကောင်ရေ ၂၀၀၀၀ စိုက်ထည့်ဖို့နဲ့ ကျောက်တစ်လုံးကျေးရွာအုပ်စုရှိ အလှ စုကန်အတွင်းကို ငါးကောင်ရေ ၁၀၀၀၀ စိုက်ထည့်ဖို့ပဲ ဖြစ်ပါတယ်။ အလှစု ကန်ဟာ သုံးဧက အကျယ်အဝန်းရှိပြီး ကျေးရွာအစုအဖွဲ့နဲ့ ပူးပေါင်းပြီး ဆောင် ရွက်ပါမယ်။ ဒီနှစ် ဇွန် ၁၃ ရက်နေ့က ချောင်းမငယ် ရေလှောင်တမံအတွင်း ငါးမြစ်ချင်း၊ ငါးခုံးမနှင့် ရွှေဝါငါးကြင်း ကောင်ရေ ၂၀၀၀၀ စိုက်ထည့်ပြီး ဖြစ်တာကြောင့် အကြမ်းဖျင်းလုပ်ငန်း ၅၀ ရာခိုင်နှုန်းပြီးစီးပြီလို့ ပြောလို့ရပါ တယ်။”
ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေး မှူးချုပ်ကလည်း အလှည့်ကျတော့ မနွဲ့ကြစတမ်း၊ ငါးလုပ်ငန်းဦးစီးဌာန၏ ဆောင်ရွက်ပြီးစီးမှုကို ရှင်းလင်းတင်ပြ လာသည်။ သူတို့ပြီးတော့ အလှည့်ကျသူ ကား စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်။
“ကျွန်တော်တို့ စိုက်ပျိုးရေးဦးစီးဌာန ကတော့ ဒီချောင်းမငယ်ရေလှောင်တမံ ဧရိယာရဲ့ ရေဝေရေလဲဒေသနဲ့ ဆည်ရေ သောက်ဧရိယာတွေမှာ သီးနှံသစ်တော ရောနှောစိုက်ခင်းတွေ ထူထောင်ဖို့ စည်းရုံးပညာပေးပြီး ဆောင်ရွက်လျက် ရှိပါတယ်။ အထူးသဖြင့် နှစ်ရှည်စား သီးနှံပင်တွေဖြစ်တဲ့ ကော်ဖီ၊ သရက်၊ ပိန္နဲနဲ့ ဝဥ၊ ငှက်ပျောတွေကို စိုက်ပျိုးဖို့ ဆောင်ရွက်လျက်ရှိပါတယ်။ အဲဒါပြီးတော့ သစ်တော ဧရိယာအတွင်းမှာရှိတဲ့ လယ်ယာတွေ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအနေနဲ့ မြေဓာတ်ခွဲစမ်းသပ် ခြင်း၊ သီးနှံမျိုးပြောင်းလဲခြင်း၊ စံပြကွက် ဆောင်ရွက်ခြင်း၊ လှေကားထစ်စိုက်ပျိုး နည်းစနစ် သရုပ်ပြစိုက်ပျိုးခြင်း၊ ပညာ ပေးဆွေးနွေးပွဲများနှင့် ပညာပေး သင်တန်းများ စတင်ဆောင်ရွက်လျက် ရှိပါတယ်။ ကျွန်တော်တို့ ပန်းညိုစမ်း ကျေးရွာ၊ ပေပင်ကျေးရွာ၊ ကြိမ်ဖန် ကျေးရွာတွေမှာ တောင်သူပညာပေး ဆွေးနွေးပွဲများ ပြုလုပ်ပေးခဲ့ပြီး ဖြစ်ပါ တယ်။ အဲဒီ ပညာပေးဆွေးနွေးပွဲ အပြီးမှာပဲ ဟင်းသီးဟင်းရွက်မျိုးစေ့နှင့် ပျိုးပင်တွေပေးအပ်ခဲ့ပါတယ်။ အဲဒီ ပန်းညိုစမ်းကျေးရွာမှာပဲ ကော်ဖီသီးနှံ၊ သရက်နှင့် ငှက်ပျော စံပြစိုက်ကွက်တွေ စိုက်ပျိုးခဲ့ပြီးဖြစ်ပါတယ်။ ပေပင်ကျေးရွာ မှာတော့ ပျိုးပင်တွေထားရှိဖို့ ပျိုးစင် တည်ဆောက်ခဲ့ပြီး ငှက်ပျောပျိုးပင်များ စိုက်ပျိုးဖို့ဖြန့်ဝေခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီ ပေပင်ကျေးရွာမှာ တောင်စောင်းတွေမှာ ကွန်တိုနည်းနဲ့ စံပြကွက် နှစ်ဧက ဖော်ထုတ်ထားရှိပြီး ဝဥကို သုတေသန အနေဖြင့် စမ်းသပ်စိုက်ပျိုးထားရှိ ပါတယ်။”
ပူးပေါင်းဆောင်ရွက်
“စိုက်ပျိုးရေး ဦးစီးဌာနအနေနဲ့ တောင်သူတွေနဲ့ ထိတွေ့ဆွေးနွေးပြီး သစ်တောဧရိယာအတွင်း ရွှေ့ပြောင်း စိုက်ပျိုးခြင်းမလုပ်ဘဲ အတည်တကျ သီးနှံသစ်တောရောနှော စိုက်ခင်း စိုက်ပျိုးဖို့ကို လက်တွေ့စံပြစိုက်ကွက် များ စိုက်ပျိုးပြသခြင်းဖြင့် အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိပါ တယ်။ ကျွန်တော်တို့ သတ်မှတ်လုပ်ငန်း ရဲ့ ၇၅ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီး ဖြစ်ပါတယ်။ မြေဧရိယာ သတ်မှတ်တာ ကိုတော့ ကျွန်တော်တို့ သစ်တောဦးစီး ဌာနနဲ့ ညှိနှိုင်းပူးပေါင်းဆောင်ရွက် ပါတယ်။”
စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ်က သူတို့ဆောင်ရွက်ထားသည့် အပိုင်းကို ပြည့်ပြည့်စုံစုံ ရှင်းလင်းတင်ပြ သည်။
“ကျွန်တော်သစ်တောဦးစီးဌာနက ညွှန်ကြားရေးမှူးပါ။ ကျွန်တော်တို့ သစ်တောဦးစီးဌာနအနေနဲ့ ရုံးပင် သစ်တောကြိုးဝိုင်း၊ ချောင်းမငယ် ရေလှောင်တမံဝန်းကျင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနဲ့ အခုလို ပူးပေါင်းပြီး သီးနှံသစ်တော ရောနှောစိုက်ခင်း ပြုလုပ်ရတဲ့အတွက် ကျွန်တော်တို့ သစ်တောကြိုးဝိုင်းကို ကာကွယ်ထိန်းသိမ်းရာ ရောက်တဲ့အပြင် ချောင်းမငယ် ရေလှောင်တမံအတွက် သာမက ကြိုးဝိုင်းအတွင်းမှာ နေကြတဲ့ တောင်သူများအတွက်ပါ အထူးဝမ်းသာ မိပါတယ်။ ကျွန်တော်တို့ သစ်တောဦးစီး ဌာနအနေနဲ့ တောင်သူတွေကို သစ်တော ကြိုးဝိုင်းအတွင်း တရားဝင်လုပ်ပိုင်ခွင့် ချထားတဲ့ လက်မှတ်အခု တစ်ပါတည်း ပေးအပ်မှာ ဖြစ်ပါတယ်။ ကြိုးဝိုင်း အတွင်း ချောင်းမငယ်ရေလှောင်တမံ တစ်ဝိုက်မှာ ဦးတင်မြင့်ပါ ငါးဦးကို သီးနှံ သစ်တောရောနှောစိုက်ခင်း ၁၆ ဧကမှာ တာဝန်ပေးအပ်မှာဖြစ်ပြီး အဲဒီ ၁၆ ဧက ထဲမှာ ကျွန်းပင် ၃၅၀ ၊ ပျဉ်းကတိုး ၁၅၀၊ ပိတောက် ၁၅၀ နှင့် ယူကလစ် ၂၀၀ စိုက်ပျိုးသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကျေးရွာပြည်သူတွေအတွက် ကျေးရွာ သုံး ထင်းစိုက်ခင်း နှစ်ဧကကိုလည်း စိုက်ပျိုးပြီးစီးပြီး ဖြစ်ပါတယ်။”
“ဝန်ကြီးခင်ဗျား။ ဒီနေ့တာဝန် ကြောင့် မတက်ရောက်နိုင်ပေမယ့် ကျွန်တော်တို့ သီးနှံသစ်တော ရောနှော စိုက်ခင်း စီမံကိန်းမှာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကလည်း ကျေးရွာချင်းဆက်လမ်းနှင့် ကုန်ထုတ် လမ်းတွေ ဖောက်လုပ်ဖို့ စီစဉ်ထားရှိပြီး ဖြစ်ပါတယ်။ အဲဒီလမ်းတွေက ကြိမ်ဖန် (မြောင်းပေါက်)- ကျောင်းစုကျေးရွာ အုပ်စု ဆက်သွယ်သည့်လမ်း ဖောက်လုပ် ခြင်း၊ အောင်းကြီးကုန်း ကျေးရွာ ကုန်ထုတ်လမ်း ဖောက်လုပ်ခြင်းနှင့် လယ်သာမြောင်- ကြိမ်ဖန်ကျေးရွာချင်း ဆက်လမ်းဖောက်လုပ်ခြင်းလုပ်ငန်းတွေ ပဲ ဖြစ်ပါတယ်။ ဒီလမ်းဖောက်လုပ်ခြင်း လုပ်ငန်းတွေကိုတော့ လာမည့်ဘဏ္ဍာ ရေးနှစ်မှာ ရန်ပုံငွေ တင်ပြတောင်းခံပြီး ရန်ပုံငွေရရှိမှုအပေါ် မူတည်ပြီး ဆောင်ရွက်သွားမယ်လို့ သိရှိရပါတယ်။
သစ်တောဦးစီးဌာန ညွှန်ကြားရေး မှူး ရှင်းလင်တင်ပြ အပြီးတွင် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲ ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဖြည့်စွက်တင်ပြခြင်းဖြစ်သည်။
လျှပ်စစ် ၅၀ ကီလိုဝပ် ထုတ်နိုင်
စက်မှုလယ်ယာဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်နှင့် လယ်ယာမြေစီမံခန့်ခွဲ ရေးနှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်တို့ကလည်း ပူးပေါင်းပါဝင်ဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြ အပြီးတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက-
“ကနေ့ ဦးစီးဌာနတွေရဲ့ လုပ်ငန်း ဆောင်ရွက်ထားရှိမှုတွေကို ကြားရတဲ့ အတွက် ဝန်ကြီးဌာနအနေနဲ့ အများကြီး ဝမ်းသာမိပါတယ်။ အထူးသဖြင့် ချောင်းမ ငယ်ရေလှောင်တမံဟာ နေပြည်တော် ပြည်ထောင်စုနယ်မြေမှာ နေကြတဲ့ ပြည်သူတွေ သောက်သုံးရေ ရရှိရေး၊ စပါးအပါအဝင် သီးနှံများ စိုက်ပျိုးရေး အတွက် အလွန်အရေးပါတဲ့ ရေလှောင် တမံတစ်ခုပဲ ဖြစ်ပါတယ်။ ဒီရေလှောင် တမံစီမံကိန်းကို ၂၀၀၁-၂၀၀၂ တွင် စတင် ခဲ့ပြီး ၂၀၁၃-၂၀၁၄ မှာ ပြီးစီးခဲ့ပါတယ်။ ဒီရေလှောင်တမံရဲ့ ရေဆင်းဧရိယာဟာ ၁၀၃ စတုရန်းမိုင်ရှိပြီး နှစ်စဉ်ပျမ်းမျှ စီးဝင်ရေဟာ ဧကပေ ၇၅၀၀၀ ဖြစ်ပါ တယ်။ ဒီရေလှောင်တမံကနေပြီး လယ်ဝေးမြို့နယ်အတွင်းမှာရှိတဲ့ စိုက်ပျိုး မြေတွေ ရေပေးဝေလျက်ရှိပြီး စပါးသီးနှံ အပါအဝင် သီးနှံတွေအတွက် စိုက်ပျိုးရေ ပေးဝေလျက်ရှိပါတယ်။ ဆည်ရေပေးဝေ နိုင်တဲ့ ဧရိယာဟာ ၇၂၁၉ ဧက ရှိပါတယ်။ ဒါ့အပြင် ဒီရေလှောင်တမံမှာ အချင်း ၁၉ လက်မရှိတဲ့ သံမဏိပိုက်တစ်လုံး တပ်ဆင်ပြီး ရေအားလျှပ်စစ် ၅၀ ကီလိုဝပ် ထုတ်နိုင်ပါတယ်။ သိပ်ပြီး များများ စားစား မဟုတ်ပေမယ့် ဒီနားတစ်ဝိုက် တော့ သုံးနိုင်တဲ့အနေအထားရှိပါတယ်။”
“ဒီရေလှောင်တမံ ပတ်ဝန်းကျင်မှာ အခုလို သီးနှံသစ်တောရောနှောစိုက်ခင်း တွေ ဆောင်ရွက်ခြင်းဖြင့် ရုံးပင်သစ်တော ကြိုးဝိုင်းကို ထိန်းသိမ်းရာရောက်တဲ့ အပြင် ဒီသီးနှံတွေ ရောင်းချလို့ရတဲ့ ဝင်ငွေ၊ မွေးမြူရေးလုပ်ငန်းကရတဲ့ ဝင်ငွေ တွေကြောင့် ဒေသခံပြည်သူတွေ တစ်ဦး ချင်းဝင်ငွေ တိုးတက်လာပြီး လူမှုစီးပွား ရေးဘဝ ဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ပါ တယ်။ စိုက်ပျိုးရေးလုပ်တဲ့နေရာမှာ သာမန်သီးနှံတွေ စိုက်ပျိုးတာမဟုတ်ဘဲ အရင်တိုင်းရင်းဒေသမျိုး သီးနှံတွေ စိုက်ပျိုးဖို့ လိုပါတယ်။ ဆိုလိုတာက ငှက်ပျောသီးဆိုရင် သီးမွှေးတို့၊ ဖီးကြမ်း တို့ဟာ နေရာတိုင်းမှာရနိုင်တဲ့ ငှက်ပျောသီး တွေ ဖြစ်တယ်။ ဒီတော့ ဟိုတုန်းကရှိတဲ့ နံ့သာဖူးတို့၊ ဝက်မလွတ်တို့ ငှက်ပျောချဉ် တို့လို ရှားပါးတဲ့ ငှက်ပျောသီးမျိုး၊ ထောပတ်ပင်လိုမျိုး၊ နဂါးမောက်သီးလို မျိုးစိုက်ဖို့ လိုပါတယ်။ အဲ့ဒါဆိုရင် ရွာသားတွေလည်း ဝင်ငွေရ၊ တစ်ဖက်က ဒေသကြက်မွေးတာ၊ ဘဲမွေးတာ၊ ငါး မွေးတာကလည်း ဝင်ငွေရမယ်ဆိုရင် ဒေသခံတောင်သူတွေ သေချာပေါက် မိသားစုအဆင့်အတန်း မြင့်မားလာမှာ ပါ။”
အလွန်ကောင်းမွန်တဲ့အစီအမံ
“ဟုတ်ပါတယ် ဝန်ကြီးခင်ဗျား။ စိုက်ပျိုးရေးနဲ့ မွေးမြူရေးက တွဲဖက် လုပ်ဆောင်သင့်ပါတယ်။ စိုက်ပျိုးရေးက အချိန်ကာလတစ်ခုကြာမှ ဝင်ငွေရပြီး မွေးမြူရေးကတော့ အချိန်တိုအတွင်း ဝင်ငွေရနိုင်ပါတယ်။ ဒါကြောင့် မွေးမြူ ရေးပါ တွဲဖက်လုပ်ပေးခြင်းအားဖြင့် စိုက်ပျိုးရေးက ဝင်ငွေမရသေးတဲ့ အချိန် မှာ မွေးမြူရေးက ရနိုင်တာကြောင့် အလွန်ကောင်းမွန်တဲ့ အစီအမံပါခင်ဗျ။”
ဒုတိယဝန်ကြီးက ဖြည့်စွက်တင်ပြလိုက်ခြင်းဖြစ်သည်။
“ကျွန်တော်တို့ ဒေသကြက်တွေကို ပဋိဇီဝဆေးကင်းတဲ့အစာတွေ ကျွေးပြီး မွေးဖို့ ဆွေးနွေးထားပါတယ်ခင်ဗျ။ အဲဒါ ဆိုရင် ကျွန်တော်တို့ ဒီက မွေးမြူ ထုတ်လုပ်တဲ့ကြက်တွေက အော်ဂဲနစ် ကြက်တွေ ဖြစ်လာပါမယ်ခင်ဗျ။”
“ကျွန်တော်တို့ စိုက်ပျိုးတဲ့ ဟင်းသီး ဟင်းရွက်တွေကိုလည်း ဓာတ်မြေဩဇာ မကျွေး၊ ပိုးသတ်ဆေးမဖျန်းဘဲ စိုက်ပျိုး စေမှာပါခင်ဗျ။ အဲဒါမှ ကျွန်တော်တို့ဆီက ထုတ်လုပ်တဲ့ သီးနှံတွေ ဟင်းသီး ဟင်းရွက်တွေက အော်ဂဲနစ်သီးနှံတွေ ထုတ်လုပ်မှာပါခင်ဗျ။”
မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် စိုက်ပျိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က လည်း အပြိုင်အဆိုင် တင်ပြဆွေးနွေးကြ သည်။
ပြည်ပခရီးသွားဖိတ်ခေါ်နိုင်မည့်နေရာဖန်တီး
“အေး ဟုတ်ပြီ။ ခင်ဗျားတို့ တင်ပြ ဆွေးနွေတာ ကောင်းပါတယ်။ ဒီချောင်းမ ငယ် ရေလှောင်ကန်တစ်ဝိုက် ကျွန်တော် တို့စောစောက သစ်ပင်လိုက်စိုက်ရင်း တချို့တောတွေက သဘာဝအတိုင်းပဲ ရှိသေးတယ်။ အဲဒီသဘာဝသစ်တော တွေကို မပျက်စီးအောင် သစ်တောဦးစီး ဌာနက ထိန်းသိမ်းမယ်။ သစ်တော သစ်ပင်တွေ ထပ်ပြီး စိုက်ပျိုးမယ်၊ ပြုစု ပျိုးထောင်မယ်။ စိုက်ပျိုးရေးကလည်း နေရာတိုင်းမှာ ဝယ်မရနိုင်တဲ့ ရှားပါးတဲ့ ဒေသထွက်ငှက်ပျောသီးမျိုး အပါအဝင် သီးနှံမျိုးတွေစိုက်ပျိုးမယ်။ စိုက်ပျိုးရေး သုတေသနဦးစီးဌာနက တစ်သျှူးမျိုးပွား နည်းနဲ့ မျိုးပင်ရအောင် ထုတ်လုပ်ပေး မယ်။ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန က ဒေသကြက်၊ ဘဲတွေကို အော်ဂဲနစ် ဖြစ်အောင်မွေးပေးမယ်။ ငါးလုပ်ငန်းဦးစီး ဌာနကလည်း ငါးမျိုးကောင်း မျိုးသန့် တွေကို တမံထဲလည်း လွှတ်၊ ရေကန်တို့ တစ်ဖက်ပိတ်ဆည်တို့ လုပ်လို့ရတဲ့နေရာ မှာ ငါးမွေးပေးမယ်ဆိုရင် ဒီချောင်းမငယ် ရေလှောင်တမံက သဘာဝအလှအပတွေ ကြွယ်ဝပြီး အော်ဂဲနစ်သီးနှံ၊ အော်ဂဲနစ် ကြက်သားနဲ့ လတ်ဆတ်တဲ့သားငါးတွေ ထုတ်လုပ်တဲ့နေရာ ဖြစ်လာမယ်။ အေး... အဲဒီလိုဆိုရင်တော့ ဟိုတယ်နဲ့ ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကို တစ်ခေါက် လောက်ဖိတ်ပြီး ခရီးသွားဖို့၊ လည်ဖို့ ပတ်ဖို့ကောင်းတဲ့နေရာ၊ ပြည်ပခရီးသွား တွေကို ဖိတ်ခေါ်နိုင်မည့်နေရာ ကလေး ဖြစ်အောင် ဖန်တီးရရင်တော့ ……သိပ်ပြီးကောင်းမှာပဲ။”
ပြည်ထောင်စုဝန်ကြီးက အတွေး ပေါင်းများစွာဖြင့် သူ့စကားကို အဆုံး သတ်ခဲ့သည်။
ချောင်းမငယ် ရေလှောင်တမံမှ အပြန်တွင် ဖြန့်ကြက်သော အတွေး ပေါင်းများစွာဖြင့် ကျွန်တော်တို့ စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနအပါအဝင် ဝန်ကြီးဌာနများ စုပေါင်း ၍ “ချောင်းမငယ် အပျိုမကို အလှ ဆင်မည့်အရေး” မျှော်တွေးရင်း ဤ “ချောင်းမငယ်၏ အနာဂတ်” ဆောင်းပါးကို ရေးသားဖြစ်ပါသည်။
- Log in to post comments