
ချောင်းဦး အောက်တိုဘာ ၃၀
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ချောင်းဦးမြို့နယ် အမြင့်မြို့ဟောင်း မြို့ကုန်းရပ်တွင် အောက်တိုဘာ ၃၀ ရက် နံနက်အစောပိုင်းက မီးလောင်မှု ဖြစ်ပွားသည်။
ဖြစ်စဉ်မှာ ယနေ့ နံနက် ၃ နာရီက ချောင်းဦးမြို့နယ် အမြင့်ကျေးရွာ တွင် မီးလောင်နေကြောင်း သတင်းအရ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့ ရဲမှူးဝင်းအောင်နှင့် တပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်မှ တပ်မတော်သားများ၊ မြို့နယ်မီးသတ်နှင့် သန္ဓေမီးသတ် တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် နံနက် ၄ နာရီခွဲတွင် မီးလောင်နေသည့် နေရာသို့ ရောက်ရှိပြီး အမြင့်ရဲကင်း စခန်းမှူး ဒုရဲအုပ် မြတ်ဘုန်းကိုကိုနှင့် ရဲတပ်ဖွဲ့ဝင်များ၊ ရွာသူ/ရွာသားများနှင့်အတူ မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၅ နာရီတွင် မီးထိန်းနိုင်ခဲ့ပြီး နံနက် ၅ နာရီ မိနစ် ၂၀ တွင် လုံးဝမီးငြိမ်းသွားခဲ့သည်။
မီးလောင်မှုကြောင့် မြေစိုက်တဲ နှစ်လုံးနှင့် ဂိုဒေါင်တစ်လုံး ပျက်စီး ဆုံးရှုံးခဲ့ကြောင်း၊ မီးလောင်မှုကို စုံစမ်းစစ်ဆေးရာ ဦးဌေးလွင် နေအိမ် ၌ ဝါးမျောများထားသည့် ဂိုဒေါင်အတွင်း မီးကြွင်းမီးကျန်မှ စတင် လောင်ကျွမ်းခဲ့ကြောင်း သိရှိရသဖြင့် ဦးဌေးလွင်အား ဥပဒေအရ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရ သည်။
ဝင်းမြင့်အောင်(မြို့နယ်ပြန်ဆက်)