
ကိုပါအမေရိကပြိုင်ပွဲ ကွာတား ဖိုင်နယ်မှ ဗင်နီဇွဲလားနှင့် ကနေဒါ အသင်းပွဲစဉ်ကို ဇူလိုင် ၆ ရက် နံနက် ၇ နာရီခွဲက အမေရိကန် ပြည်ထောင်စု တက္ကဆက်ပြည်နယ် အားလင်တန်မြို့ရှိ AT & T အားကစားကွင်း၌ ယှဉ်ပြိုင်ကစား ခဲ့ရာ ကနေဒါအသင်းက ပယ်နယ် တီအဆုံးအဖြတ်ဖြင့် နိုင်ပွဲရရှိပြီး ဆီမီးဖိုင်နယ်သို့ တက်လှမ်းနိုင်ခဲ့ သည်။
ပြိုင်ပွဲတစ်လျှောက် ခြေစွမ်း ပြသထားနိုင်သည့် ဗင်နီဇွဲလား အသင်းသည် ယခုပွဲစဉ်တွင် ပြိုင်ဘက် ကနေဒါအသင်း၏ ထိုးဖောက်တိုက်စစ်ဆင်မှုများကို ပွဲချိန်တစ်လျှောက် ခုခံကာကွယ် ခဲ့ရသလို ဂိုးရရှိရန် နီးစပ်သည့် အခွင့်အရေးလေးကြိမ် မနည်းကို လည်း ကာကွယ်ခဲ့ရသည်။ ကနေဒါ အသင်းက ပွဲချိန် ၁၃ မိနစ်တွင် ရှဖဲလ်ဘာ့ဂ်၏ သွင်းဂိုးကြောင့် ဦးဆောင်ဂိုးကို ရရှိခဲ့သည်။
ဗင်နီဇွဲလား အသင်းသည် ဦးဆောင်ဂိုးခွင့်ပြုပေးလိုက်ရပြီးနောက်ချေပဂိုးရရှိရေး ကြိုးစား လာခဲ့ရာ ပွဲချိန် ၆၄ မိနစ်တွင် ရရှိ ခဲ့ပြီး ရွန်ဒွန်က သွင်းယူပေးခဲ့သည်။ ထို့နောက်တွင် ဗင်နီဇွဲလားအသင်း ရော ကနေဒါအသင်းပါ လူစား ပြောင်းလဲမှုများပြုလုပ်ကာ သွင်း ဂိုးရရှိရေး ကြိုးပမ်းလာခဲ့သော် လည်း ပွဲချိန်ပြည့်သည်အထိ တစ်ဖက်နှင့်တစ်ဖက် ထပ်မံဂိုး သွင်းယူနိုင်ခြင်းမရှိဘဲ တစ်ဖက် တစ်ဂိုးစီဖြင့် သရေကျနေခဲ့သော ကြောင့် ပယ်နယ်တီအဆုံးအဖြတ် ခံယူခဲ့ရခြင်း ဖြစ်သည်။
ပယ်နယ်တီ အဆုံးအဖြတ် တွင် ကနေဒါအသင်းက လေးဂိုး-သုံးဂိုးဖြင့် နိုင်ပွဲရရှိပြီး ဆီမီး ဖိုင်နယ်သို့ တက်လှမ်းနိုင်ခဲ့သည်။ ဗင်နီဇွဲလားအသင်းကို ကျော်ဖြတ် နိုင်ခဲ့သော ကနေဒါအသင်းသည် ကိုပါအမေရိကပြိုင်ပွဲ ဆီမီးဖိုင်နယ် တွင် နာမည်ကြီး အာဂျင်တီးနား အသင်းနှင့် ယှဉ်ပြိုင်သွားရမည် ဖြစ်သည်။ အဆိုပါပွဲစဉ်ကို လာမည့် ဇူလိုင် ၁၀ ရက်တွင် ယှဉ်ပြိုင် ကစားသွားမည်ဖြစ်သည်။
အောင်ဇော်