
ဝထကလသ (နတလ)
ငါးရက်တစ်ဈေး
ငါးရက်တစ်ဈေးသည် ဒေသ၏ ထင်ရှားသော ဓလေ့ပုံရိပ်တစ်ခုဖြစ်၏။ ကလောဈေးနေ့တွင် ပတ်ဝန်းကျင်ရှိ တောင်လား၊ တောင်ကွဲ၊ ဝက်ဖြူရေ၊ ရွှေမင်းဖုန်း၊ ကမ်းပါးနီ၊ ရေချို၊ လွယ်အံ့၊ ဟင်းခါး ကုန်း၊ ခွေးရုပ် စသည့်ကျေးရွာပေါင်း ၅၅ ရွာမှ ဒေသခံတိုင်းရင်းသားများက ၎င်းတို့၏ဒေသထွက် အသီးအနှံ၊ အစားအစာများ၊ ပန်းမန်များ လာရောက် ရောင်းချကြသည်။ ဒေသခံများကလည်း စားသောက်ဆိုင်များ၊ ကုန်မာဆိုင်များ၊ ကုန်စို၊ ကုန်ခြောက်ဆိုင်များ၊ အဝတ်အထည်ဆိုင်များ၊ ဒေသထွက် အမှတ်တရပစ္စည်း အရောင်းဆိုင်များ ဖြင့် စုံလင်စွာရောင်းချကြ၏။
အသီးအနှံ ရောင်းချရရှိသောငွေများဖြင့် မိမိတို့ လိုအပ်သောကုန်ပစ္စည်းများကို ဝယ်ယူကြ၏။ လာရောက်ရောင်းချသူအချင်းချင်းလည်း ကုန်ပစ္စည်း ဖလှယ်တတ်ကြပြန်သေးသည်။ ထို့ကြောင့် ဈေးနေ့ ဆိုလျှင် ပုံမှန်ရက်များထက် ပို၍စည်ကားလှ၏။ ဈေးနေ့တွင် ဒေသခံတိုင်းရင်းသားများ၏ စကားသံ များ၊ ဝတ်စားဆင်ယင်မှု၊ ဓလေ့စရိုက်များနှင့် ဒေသ အစားအစာများကို စုံလင်စွာ ကြားရမြင်ရနိုင်ပါသည်။
ပလောင်တောင်ရွာများ
ဟင်းခါးကုန်း အပါအဝင် တောင်ပေါ်ရွာလေး များကို ဒေသခံများက “ပလောင်တောင်”ဟု ခေါ်ကြ သည်။ ဟင်းခါးကုန်းကျေးရွာသည် တောင်ထိပ်ပေါ် တွင် တည်ရှိနေသည်။ ဟင်းခါးကုန်းမှ ဆက်သွား လျှင် ဆင်တောင်သို့ ရောက်၏။ ဆင်တောင်ရွာကား အိမ်ခြေ လေးရာကျော်သော ရွာကြီးဖြစ်၏။ ပအိုဝ်း၊ တောင်ရိုး၊ ဓနုတိုင်းရင်းသားများနှင့် ဂေါ်ရခါးလူမျိုး များ နေထိုင်ကြသည်။ ဗမာတိုင်းရင်းသား အနည်း ငယ်သာ ရှိပါသည်။ ထို့အပြင် ဟင်းခါးကုန်းရွာသည် လမ်းဆုံဟုလည်း ဆိုရပေမည်။ ထိုရွာမှ ဆင်တောင်၊ ခွေးရုပ်သို့လည်း သွားနိုင်၏။ မြင်းစိုင်းကုန်း၊ မြင်းတိုက်ကျေးရွာများသို့လည်း ဆင်းနိုင်ပါသည်။
ဆင်တောင်နှင့် ခွေးရုပ်ဘူတာ၊ ရထားလမ်းဘေး က ကမ်းပါးနီ၊ ဟင်းခါးကုန်းကျေးရွာများသည် ရှမ်းပြည်နယ် ကလောမြို့နယ်အပိုင်တော့မဟုတ်။ မန္တလေးတိုင်း သာစည်မြို့နယ်အပိုင်။ မြင်းတိုက်ရွာ က သာစည်မြို့နယ်တွင် ပါဝင်သော်လည်း မြင်းတိုက် ဘူတာက ကလောမြို့နယ်မှာ ပါဝင်ပါသည်။
ဆင်တောင်နှင့် ခွေးရုပ်ကျေးရွာများသည် ချင်း၊ နနွင်းကို အဓိကထား စိုက်ပျိုးကြ၏။ ထွက်ကုန်များ အား ကလောမြို့သို့ တင်ပို့ရောင်းချကြသည်။ ထို ခွေးရုပ်၊ ဆင်တောင်ကျေးရွာများသည် သာစည်- ရွှေညောင် မီးရထားလမ်းပေါ်တွင် တည်ရှိ၏။ ယခင် အချိန်များက အစုန်- အဆန် ရထားများ နေ့စဉ်ပုံမှန် ပြေးဆွဲခဲ့၍ သွားလာရေး အဆင်ပြေခဲ့၏။ သို့သော် ယခုကာလတွင် သီတင်းတစ်ပတ်လျှင် တစ်ကြိမ်ခန့် သာ မီးရထားပြေးဆွဲတော့သဖြင့် ဒေသခံများ အတွက် သွားရေးလာရေး များစွာအခက်အခဲဖြစ် နေရလေသည်။ ထို့ကြောင့် ဟင်းခါးကုန်း- ဆင်တောင်- ခွေးရုပ်- မြင်းတိုက်မှ ဒေသခံများသည် ကလောမြို့သို့သွားရန် တစ်ကြောင်းတည်းသာ ရှိသည့် မြေလမ်းကို အဓိကအားကိုးအားထား ပြုနေကြရသည်။ ဒေသခံများအတွက် မရှိမဖြစ် လမ်းဟုသာ ဆိုရပါမည်။
ဒေသခံတစ်ဦးက “ အရင်ရထား ပုံမှန်ပြေးဆွဲချိန် ကတော့ ကလော၊ အောင်ပန်းကို ရထားနဲ့ ပို့တယ်။ အခုတော့ ကားနဲ့ပို့ရတယ်။ ရထားခရီးစဉ်ရှိရင်တော့ ကုန်ရော လူပါသွားရတဲ့ စရိတ်အများကြီး သက်သာ သွားမှာ” ဟု ဆိုပါသည်။
ပထဝီအနေအထားအရ ခွေးရုပ်၊ ဆင်တောင်၊ ကမ်းပါးနီ၊ ဟင်းခါးကုန်းရွာများအတွက် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးကိစ္စအဝဝအား ကလောနှင့် အောင်ပန်းမြို့များကို အမှီပြုရပါသည်။ ကလော နှင့် မြင်းတိုက်ဘူတာသွားလမ်းမှာ ကတ္တရာလမ်း ဖြစ်၏။ ဟင်းခါးကုန်း - မြင်းတိုက်လမ်းကိုမူ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနက ကျောက် ခင်းလမ်းအဖြစ် ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါသည်။ ဟင်းခါးကုန်း- ဆင်တောင်- ခွေးရုပ် ဆက်သွယ်ထား သည့် မြေလမ်းအခြေအနေကား အတော်ဆိုးရွားခဲ့ပေ သည်။ မိုးတွင်းကာလများဆိုလျှင် ဆိုင်ကယ်ဘီး ကို ချိန်းကြိုးပတ်၍ မောင်းရသည်။
အများစုက ကလောဟုဆိုလျှင် ဖွံ့ဖြိုးပြီးမြို့ပြ ဒေသတစ်ခု၊ ပြည့်စုံပြီးသော ဒေသတစ်ခုဟု သတ်မှတ်ကြ၏။ မှန်ပါသည်။ သို့သော် လမ်းမကြီး များ၊ မြို့ပြများနှင့် အလှမ်းဝေးပြီး အတွင်းပိုင်း ကျသောဒေသများတွင်မူ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးရန် များစွာလိုအပ်နေဆဲပင်။
အတိတ်
လွန်ခဲ့သော အနှစ်လေးဆယ်ကျော်-
နိုင်ငံ့ဝန်ထမ်းတစ်ဦးအဖြစ် First Posting ဦးစွာတာဝန်ကျခဲ့သောဌာနမှာ ကလောနယ်မြေ၊ ဟဲဟိုးလွင်ပြင်ဒေသ၊ သီခေါင်တောင်တန်းများ၏ အခြေ၊ အင်းခေါင်းဆည်အနီး ပေါ့ပဲရွာလေးအနီး၌ ရှိ၏။ တာဝန်ကျရာဒေသသို့ ရန်ကုန်- သာစည်- ရွှေညောင်မီးရထားဖြင့် သွားခဲ့ရသည်။ ထိုရထားကို ရှမ်းရထား၊ ပန်းရထားဟုလည်း ခေါ်ကြသေး၏။ နောက်ပိုင်းတွင် ပန်းရထားကြီးအား အကြိမ်ကြိမ် စီးခဲ့ရပါသည်။
မြေပြန့်သားတစ်ဦးအဖို့ တောင်တန်းဒေသများ ၏ အလှအပများကို စတင်ထိတွေ့ခွင့်ရခြင်းပင်။ ရထားပြတင်းပေါက်မှ မြင်တွေ့ရသည့် မြေပြန့် ဒေသနှင့် ကွဲပြားနေသည့် ပတ်ဝန်းကျင်အလှ တရားများကို မှင်တက်အံသြစွာ ငေးမောခဲ့ရဖူး ပါသည်။
မီးရထားကြီးသည် မြင်းတိုက်(Myindaik)၊ ဆင်တောင်(Sintaung)၊ ခွေးရုပ် (Khwayyoke) စသည့် တိရစ္ဆာန်လေးများအမည်ဖြင့် ဘူတာငယ် များကို ဖြတ်သန်းရသည်။ ရထားလမ်းသည် မြေပြန့် မှ ပင်လယ်ရေမျက်နှာပြင်အထက် ၁၄၀၆ မီတာရှိ ကလောမြို့သို့ တောင်တက်လမ်းပုံစံ ဖောက်လုပ် ထားခြင်းဖြစ်၏။ လွန်းထိုးလေးခုနှင့် ဥမင်များကို ကျော်ဖြတ်သွားရ၏။ အကွေ့အကောက်အတက် တရစပ်ကြမ်းလှသည်။ ပထမ လွန်းထိုးမှ ဒုတိယ လွန်းထိုးအထိ ရထားကြီးသည် နောက်ဆုတ်တက် ရ၏။ ဒုတိယလွန်းထိုးမှ တတိယလွန်းထိုး၊ ခွေးရုပ် ဘူတာအထိ ရှေ့သို့တောက်လျှောက် အတက်ကြမ်း လွန်းလှပေသည်။ ဤသို့ဖြင့် မြင်းတိုက်ဘူတာကျော် လျှင်တော့ တောင်ပေါ်မြို့ ကလောသို့ ရောက်ပါပြီ။
ထိုအချိန်က ကလောမြို့ပတ်ဝန်းကျင်၌ ထင်းရှူးတောတို့ ပိန်းပိတ်ထူထပ်နေသည်ကို ပြန်လည်သတိရမိသည်။ “ကလော”က ဆက်ထွက် တော့ “အောင်ပန်း”ဘူတာ။
အောင်ပန်းမြို့သည်လည်း ထိုအချိန်က တိုင်းရင်းသားရိုးရာအိမ်လေးများနှင့် ကျေးရွာ ပုံစံမျိုးမျှသာ။ ရထားကြီးသည် အောင်ပန်းမှ ဆက်ထွက်သည်။ မီးရထားလမ်းသည် သီခေါင် တောင်တန်းကို ကွေ့ကောက်ဖြတ်သန်းသွား၏။ ကန်နား (Kann Narr)ရွာ ဘူတာအလွန်သည် ဟဲဟိုးဘက်သို့ အဆင်းဖြစ်၏။ ဟဲဟိုး(HeHo)မြို့လေးသည် တောင်လေးလုံးတောင်တန်း၏ အခြေ၌ တည်ရှိသော လွင်ပြင်ဒေသဖြစ်လေသည်။
ရထားလမ်းဖြတ်သန်းရာ ကန်နားရွာအလွန် တောင်ထိပ်မှနေ၍ လှမ်းပြီးမြင်တွေ့နေရသည့် ရိုးရာအိမ်မည်းမည်းလေးများနှင့် ရွာအစုစုများ၊ ဝါးပင်တန်းစိမ်းစိမ်းများ၊ စိုက်ခင်းရောင်စုံများ၊ မြေနီနီလွင်ပြင်နှင့် လွင်ပြင်အဆုံးသတ်ရှိ နောက်ခံ တောင်စဉ်တောင်တန်းညို့ညို့များ၏ ရှုခင်းများက ဆီးကြိုနေကြသည်။ ထိုမြင်ကွင်း အေးအေးချိုချို များက ယနေ့ထက်တိုင် ရင်သို့ထိခတ်နေဆဲပင်။
ဆယ်စုနှစ် လေးစုနီးပါး ဤဒေသနှင့် ခွဲခွာခဲ့ရ သည်။ နောက်ပိုင်း မိသားစုနှင့် အပန်းဖြေခရီးစဉ်၊ ဌာန၏ ဖွံ့ဖြိုးရေးလုပ်ငန်းတာဝန်များနှင့် ပြန်ရောက် ဖြစ်ပါသည်။ သို့သော် ရထားလမ်းခရီးနှင့် မဟုတ် တော့။ ကားလမ်းခရီးနှင့်သာဖြစ်၏။ ရထားဖြင့် ဖြစ်စေ။ ကားဖြင့်ဖြစ်စေ ဒေသကတော့ လှပအေးချမ်းစွာ ကြိုဆိုနေလျက်ပင်။
ပစ္စုပ္ပန်
ယခုအခါ စာရေးသူသည် နယ်စပ်ရေးရာဝန်ကြီး ဌာနတွင် တာဝန်ထမ်းဆောင်ခွင့်ရခဲ့သည်မှာ ဆယ်စုနှစ် နှစ်စုနီးပါး ရှိခဲ့ပေပြီ။ “အကြောင်း အမျိုးမျိုးကြောင့် ဖွံ့ဖြိုးမှုနောက်ကျကျန်ခဲ့ရသည့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုကို ပြည်နယ် ပြည်မ အကြားအလပ် မရှိစေရေး အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ပေးရန်” ဟူသော ဝန်ကြီးဌာန၏ မဟာဗျူဟာသည် ရည်ရွယ် ချက်ကောင်းမွန်၍ အလွန်မွန်မြတ်လှပေသည်။
ဤကလောဒေသတွင် နယ်စပ်ရေးရာဝန်ကြီး ဌာနက မြို့ပြနှင့်ကျေးလက်၊ ကျေးလက်အချင်းချင်း ဆက်သွယ်သော ဖွံ့ဖြိုးရေးလမ်း၊ တံတား တည်ဆောက်ရေးလုပ်ငန်းများကို ဆောင်ရွက် ပေးလျက်ရှိပါသည်။ ထို့အပြင် ဒေသခံများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန် စက်မှု လက်မှုသင်တန်းကျောင်း (အောင်ပန်း) ကိုလည်း ဖွင့်လှစ်ပေးထားပြီး ဖြစ်ပါသည်။ ဒေသတည်ငြိမ် အေးချမ်းမှုနှင့်အတူ ဖွံ့ဖြိုးတိုးတက်သော ဒေသ တစ်ခု ဖြစ်ခဲ့ပေပြီ။
ထင်းရှူးပင်တွေ ပါးရှားသွားသည်မှအပ လမ်းဘေးရွာလေးများ မြို့ဖြစ်လာသည်။ လူသွား လမ်းလေးများ/ လှည်းလမ်းများက ကျောက်ခင်း လမ်း/ ကတ္တရာလမ်းများ ဖြစ်ကုန်သည်။ ရွာလေး များသည် မီးထိန်ထိန်နှင့် ရေစနစ်၊ မီးစနစ်များ ခေတ်မီလာကြကုန်၏။ ခေတ်နှင့်အညီ တိုးတက် မြင့်မားနေပေပြီ။
သို့သော် ဒေသတွင်းဆက်သွယ်မှု လမ်းကွန်ရက် များ ကောင်းမွန်သည်ထက် ကောင်းမွန်အောင် ဆောင်ရွက်ပေးရန်အတွက် လိုအပ်နေဆဲပင်ဖြစ်သည်။
ကလောမြို့
ဤသို့သော “ကလော” သည်ကား ရှမ်းပြည်နယ် တောင်ပိုင်းနှင့် မြန်မာနိုင်ငံ အလယ်ပိုင်းတို့ ဆင်းရာ၊ တက်ရာ တံခါးပေါက်နေရာပင်။ ပြည်ထောင်စုလမ်းမ ကြီးသည် ကလောမြို့ကို ဖြတ်သန်းသွား၏။
ရှေးမြန်မာမင်းများ လက်ထက်ကတည်းက “ကလော”သည် ရှမ်းပြည်နယ်သို့ လာရာလမ်းတွင် ခရီးတစ်ထောက် နားခိုရာနေရာတစ်ခုလည်း ဖြစ်ခဲ့သည်။
“နွားများလွှတ်ကျောင်းရာနေရာ” ဟု အဓိပ္ပာယ် ရသော ဓနုအမည် “ကလော” သည် ဒေသအတွင်း ကုန်သွယ်ရာနေရာတစ်ခုအဖြစ် ရည်ညွှန်းထား ပါသည်။ အဆိုပါအမည်ကိုပင် ပလောင်ဘာသာဖြင့် “ဒယ်အိုးစောက်” ဟုအဓိပ္ပာယ်ရသော “ကလောင်” ဟုဆိုကြသည်။ ရှမ်းစော်ဘွားများ အုပ်ချုပ်စဉ်ကာလ များက ဈေးနေ့သတ်မှတ်ပေးခဲ့ရာ ရွာများမှ ဈေးနေ့ တွင် လှည်းများဖြင့် လာရောက်ရောင်းချကြသည်။ ထို့ကြောင့် မြန်မာအဓိပ္ပာယ် “လှည်းဈေး”၊ ရှမ်း ဘာသာဖြင့် “ၵၢတ်ႇလေႃႉ” ဟုခေါ်ပါသည်။ အချိန် ကြာလာသည်နှင့်အမျှ “ကလော”ဟု ပြောင်းလဲသွား ခဲ့သည်ဟု ဆိုကြပါသည်။ ထို့ကြောင့် ကလောဒေသ သည် ရှေးယခင်ကပင် လူမျိုးစုပေါင်းစုံ ချစ်ခင် ရင်းနှီးစွာ အေးအတူ၊ ပူအမျှ အတူတကွနေထိုင်ခဲ့ရာ နယ်မြေတစ်ခုဖြစ်ကြောင်း အဆိုပါရှင်းလင်းချက် များက ညွှန်ပြနေပါသည်။
ကလောမြို့ကို ဗဟိုပြု၍ မဂွေဆင်စခန်း၊ အိုးစည်တောင်၊ မှိုင်းလုံးတောင်၊ ရေယောင်းမ View Point ၊ ပင်းတယ၊ ရွာငံ၊ ညောင်ရွှေ၊ အင်းလေး၊ တောင်ကြီး၊ ကျောက်တစ်လုံး(ကက္ကူ)၊ ဟိုပုံးမြို့၊ တီကျစ်ဒေသများသို့လည်း သွားရောက်လည်ပတ် နိုင်ပါသည်။ ထို့ကြောင့် ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်း (Community Based Tourism) အတွက် ကောင်းမွန်သည့် ဒေသတစ်ခုဟု သတ်မှတ် ထားပါသည်။
အိပ်မက်များ နိုးထစေခဲ့ပြီ
နိုင်ငံတော်ဝန်ကြီးချုပ်သည် ၂၀၂၁ ခုနှစ်၊ မိုးအကုန် ဆောင်းအကူးကာလက ဤကလောဒေသ သို့ ခရီးစဉ်ဖြင့် ရောက်ရှိခဲ့သည်။ ဒေသခံများနှင့် နွေးထွေးရင်းနှီးစွာ တွေ့ဆုံခဲ့ပါသည်။ ဒေသခံများက “ကလောမြို့ နှီးဘုရားလမ်းခွဲမှ တာယောကျေးရွာ- ညောင်ကုန်း - ရွှေမင်းဖုန်းဘုရားနှင့် တောင်ပဲ့ ကျေးရွာချင်းဆက်လမ်းမှာ ရွာသူရွာသားများ ဒေသ အစီအစဉ်ဖြင့် ဖောက်လုပ်ထားသည့် လမ်းသာ ဖြစ်သဖြင့် အဆင့်မြှင့်တင်ပေးပါရန်”ဟု တင်ပြခဲ့ကြ သည်။ တင်ပြချက်များအား နယ်စပ်ရေးရာဝန်ကြီး ဌာနက အကောင်အထည်ဖော်ပေးရန် တာဝန် ပေးအပ်ခဲ့ပါသည်။
နယ်စပ်ရေးရာဝန်ကြီးဌာနသည် ၂၀၂၁- ၂၀၂၂ ဘဏ္ဍာရေးနှစ်မှစ၍ ဤလမ်းများအား အဆင့် မြှင့်တင်ခြင်းလုပ်ငန်း စတင်ဆောင်ရွက်ပေးခဲ့ပါ သည်။
ကလောမြို့ ရပ်ကွက် (၈)မှ တာယော- ရွာသစ်- ညောင်ကုန်း - ရွှေမင်းဖုန်းဘုရား - အလယ်ရွာ- ဆော်တောရွာ- တောင်ပဲ့ ကျေးရွာချင်းဆက်လမ်း အား ၂၀၂၁- ၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် မြေလမ်းတာ ချဲ့ခြင်း ၁၀ မိုင် ၅ ဖာလုံ နှင့် ၅ ပေ မြောင်းကူးတံတား ၂၀ ကိုလည်းကောင်း၊ ၂၀၂၂- ၂၀၂၃ ဘဏ္ဍာရေးနှစ် တွင် ၎င်းမြေလမ်း အဆင့်မြှင့်တင်ပေးရန် ၄ မိုင် ကျောက်ခင်းခြင်းနှင့် ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေး နှစ်တွင် ၄ မိုင်၊ စုစုပေါင်း ၈ မိုင် ကျောက်ခင်းလမ်း ဆောင်ရွက်ပေးခဲ့ပါသည်။ ထို့အပြင် အဆိုပါလမ်းမှ တစ်ဆင့် ရွှေမင်းဖုန်းကျေးရွာအုပ်စု ရှုခင်းသာမှ ဟင်းခါးကုန်းကျေးရွာသို့ ဆက်သွယ်သည့် မြေသား လမ်း ၂ မိုင် လမ်းတာချဲ့ခြင်းနှင့် ၎င်းလမ်းပေါ်တွင် ၅ ပေ မြောင်းကူးတံတား ခြောက်စင်း တည်ဆောက် ခြင်းအား ၂၀၂၂- ၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ဆက်စပ် ဆောင်ရွက်ပေးခဲ့ပါသည်။
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးနှင့် တာဝန်ရှိသူများသည် ခြောက်ကြိမ် တိုင်တိုင် ဤလမ်းလုပ်ငန်းများ ပြီးစီးမှုအား မြေပြင် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ကွင်းဆင်းစစ်ဆေး သည့် ခရီးစဉ်၌ ဖောက်လုပ်ထားသည့်လမ်းများနှင့်
လမ်းကြောင်းတစ်ခုတည်းဖြစ်သည့် ရှုခင်းသာ- ဟင်းခါးကုန်း- ဆင်တောင်- ခွေးရုပ်ကျေးရွာများ ဆက်သွယ်သည့်လမ်းအား ဆက်လက်အဆင့် မြှင့်တင်ပေးရန် စီစဉ်ခဲ့ပါသည်။
ထိုဟင်းခါးကုန်း - ဆင်တောင်- ခွေးရုပ်လမ်း သည် စုစုပေါင်း ၅ မိုင် အရှည်ရှိ၏။ ဟင်းခါးကုန်း ကျေးရွာမှ ဆင်တောင်ကျေးရွာအထိ ၂ မိုင် ၂ ဖာလုံ ကွာဝေး၏။ ဆင်တောင်ကျေးရွာမှ ခွေးရုပ်ကျေးရွာ အထိ ၂ မိုင် ၆ ဖာလုံကွာဝေး၏။ လမ်း၏အကျယ်မှာ ၈ ပေ၊ ၁၀ ပေခန့်သာရှိသော တစ်ကြောင်းထိုး မြေသားလမ်းသာဖြစ်ပြီး မိုးရွာသွန်းမှုများကြောင့် လမ်းသားများ ရေတိုက်စားပျက်စီးနေကြ၏။ ရေစီး ကြောင်းမြောင်းများက လမ်းကို ကန့်လန့်ခံထား ပြန်သည်။ အချို့နေရာများသည် တောင်ကမ်းပါးယံ သားများပဲ့ကျပြီး လမ်းကြောင်းပေါ်သို့ ပြိုကျပိတ်ဆို့ နေကြ၏။ မော်တော်ကားများ သွားလာခြင်းမပြုနိုင်။ ဆိုင်ကယ်နှင့် ခြေလျင်ဖြင့်သာ သွားလာအသုံးပြု နိုင်ကြောင်း စိစစ်တွေ့ရှိရပါသည်။ နယ်မြေအေးချမ်း တည်ငြိမ်သော်လည်း ဤတစ်ကြောင်းတည်းသော လမ်းကိုသာအားထား၍ ခက်ခက်ခဲခဲ သွားလာနေ ရ၏။ ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမ များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ကျေးရွာနေ ပြည်သူများအနေဖြင့် မဖြစ်မနေ သွားလာအသုံးပြု နေကြရသည်။
ထို့ကြောင့် ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်၌ ဟင်းခါးကုန်းမှ ဆင်တောင်- ခွေးရုပ်ဘူတာအထိ ၅ မိုင် မြေလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို အကောင်အထည်ဖော်ပေးခဲ့ပါသည်။ မူလမြေလမ်း ၁၀ ပေ ကို လမ်းအကျယ် ၂၉ ပေအထိ လမ်းတာချဲ့ ပေးခဲ့ခြင်းဖြစ်သည်။ လမ်းသားမပျက်စီးစေရန်၊ ရေစီးဆင်းမှု ကောင်းမွန်စေရန် လိုအပ်သောနေရာ များတွင် ၅ ပေ မြောင်းကူးတံတား ကိုးစင်းကိုလည်း တည်ဆောက်ပေးခဲ့ပါသည်။
ယခု ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ရွှေမင်းဖုန်း - တောင်ပဲ့လမ်း အဆင့်မြှင့်တင်ပေးရန် ကျောက်ခင်းလမ်း ၂ မိုင်နှင့် ကတ္တရာလမ်း ၄ ဖာလုံ တို့အား နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ၄၁၀ ဒသမ ၆ သန်းဖြင့်လျာထားခဲ့ပြီး ထပ်မံဆောင်ရွက်ပေး သွားမည်ဖြစ်ပါသည်။
နိုင်ငံတော်အစိုးရသည် ၂၀၂၁- ၂၀၂၂ ဘဏ္ဍာရေး နှစ်မှ ၂၀၂၄- ၂၀၂၅ ဘဏ္ဍာရေးနှစ်အထိ လမ်းများ လမ်းတာချဲ့ပေးခြင်း ၁၅ မိုင် ၅ ဖာလုံ၊ ကျောက်ခင်း လမ်း ၁၀ မိုင်၊ ကတ္တရာလမ်း ၄ ဖာလုံနှင့် မြောင်းကူး တံတား ၃၆ စင်းတို့ကို နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေနှင့် ရှမ်းပြည်နယ်အစိုးရ ပြည်နယ်ရန်ပုံငွေနှစ်ရပ် စုစုပေါင်းငွေကျပ် ၂၂၂၂ ဒသမ ၁၁၇ သန်းဖြင့် ဤဒေသ၏ လမ်းပန်းဆက်သွယ်မှု ကဏ္ဍ ကောင်းမွန်ရေး ဆောင်ရွက်ပေးနိုင်ခဲ့လေပြီ။
ဤခရီး၊ ဤလမ်းများ ကောင်းမွန်စေရေး ဒေသခံများ မျှော်လင့်ခဲ့ရသည်မှာ ဆယ်စုနှစ်များစွာ ကြာခဲ့ပေပြီ။ နိုင်ငံတော်အကြီးအကဲများနှင့် မိမိတို့ ဝန်ကြီးဌာနက ကွင်းဆင်းစိစစ်၍ လမ်းများအဆင့် မြှင့်တင်ပေးရန် လျာထားချိန်မှစ၍ ဒေသခံပြည်သူ များ၏ ပျော်ရွှင်ဝမ်းမြောက်မှုများကား ဖော်ပြနိုင် စွမ်းမရှိခဲ့။ ယခုအခါ လမ်းများကောင်းမွန်သွားခဲ့ ပေပြီ။ သူတို့ လိုလားတောင့်တခဲ့သည့် ဆန္ဒများ ပြည့်ဝခဲ့လေပြီ။ ကလောမြို့ဝန်းကျင် ပလောင် တောင်ဒေသ ကျေးရွာများ၏အိပ်မက်ကို နယ်စပ် ရေးရာဝန်ကြီးဌာနက အကောင်အထည်ဖော်ပေးနိုင် ခဲ့လေပြီ။
ကိုယ်တိုင်မြင်တွေ့ခံစားကြည့်ပါ
“ဒေသတစ်ခုကို လမ်းပန်းဆက်သွယ်ရေး ကောင်းအောင် အရင်ဆုံးလုပ်ပေးလိုက်ပါ။ ကျန်တာတွေက အလိုလိုမျက်စိပွင့်၊ နားပွင့်ဖြစ်သွား မှာပါ” ဟု အကြီးအကဲတစ်ဦးက လမ်းညွှန်ခဲ့ဖူး ပါသည်။
မြန်မာနိုင်ငံအနှံ့အပြား၌ ကားလမ်းမကြီးများ၊ ရထားလမ်းများဖြတ်သန်းရာ နံဘေးရှိ မြို့/ ကျေးရွာ များသည် ပိုမိုဖွံ့ဖြိုးတိုးတက်ကြကုန်၏။ သို့သော် လမ်းမကြီးများနှင့် အလှမ်းဝေးရာ၊ ခရီးဆက်သွယ် သွားဖို့ခက်ခဲရာ၊ အရောက်အပေါက်နည်းပါးရာ ဒေသများရှိ ကျေးရွာများကား ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်ချက်အများအပြား ရှိနေဆဲပင်။ ထိုဒေသတို့ သည် ဖွံ့ဖြိုးရေးကို အထူးငံ့လင့်ကုန်ကြ၏။ နယ်စပ် ဒေသများမှပင်မဟုတ်။ မြို့ကြီး၊ မြို့ငယ်များဘေး တွင် ရှိနေစေကာမူ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှု မရှိခြင်းကြောင့် တိုးတက်သင့် သလောက် မတိုးတက်၊ ဖွံ့ဖြိုးသင့်သလောက် မဖွံ့ဖြိုးသောဒေသများလည်း အများအပြား ရှိနေ ဆဲပင်။
စိမ်းညို့သောတောင်တန်းများ၊ မြင့်မားသော ထင်းရှူးတောများ တည်ရှိရာ “ကလော”နှင့် ပတ်ဝန်းကျင်အရပ်ဒေသများသည်ကား-
မြင်သမျှတို့ လှပအေးချမ်း၏။
ကြားသမျှတို့ သာယာချိုမြိန်၏။
စိတ်ကူးထင်သမျှတို့ ကြည်နူးပီတိဖြစ်ရ၏။
သို့သော် တချို့အလှတရား၊ အမှန်တရားတို့သည် စာဖြင့်ဖော်ပြ၍မရ။
ဓာတ်ပုံနှင့်ရိုက်ပြ၍လည်း သေချာမမြင်နိုင်။
ပစ္စက္ခအခြေအနေကို ကိုယ်တိုင်မြင်တွေ့ ခံစား ကြည့်မှသာ ပြီးပြည့်စုံပါလိမ့်မည်။ ။
- Log in to post comments