ခွေးရူးရောဂါကြောင့် သေဆုံးမှုမရှိစေရေး တစ်ခုတည်းသော ကျန်းမာရေးအသိဖြင့် ဆောင်ရွက်ပေး

 

နှစ်စဉ်စက်တင်ဘာ ၂၈ ရက်ကို ကမ္ဘာ့ခွေးရူးပြန်ရောဂါနေ့ (World Rabies Day) အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ က သတ်မှတ်ထား သည်။ ကမ္ဘာတစ်ဝန်းလုံးတွင် ခွေးရူးပြန်ရောဂါကြောင့် တစ်နှစ် လျှင် လူ ၅၅၀၀၀ မှ ၇၀၀၀၀ ခန့်အထိ အသက်ဆုံးရှုံးလျက်ရှိရာ ခွေးရူးပြန်ရောဂါ၏ အန္တရာယ်ကို ပြည်သူလူထုသတိမူစေနိုင်ရန် အတွက် ကမ္ဘာ့ခွေးရူးပြန်ရောဂါနေ့ ကျင်းပခြင်းဖြင့် ပညာပေး လှုံ့ဆော်နေခြင်းဖြစ်သည်။

 


ခွေးရူးပြန်ရောဂါကြောင့်   သေဆုံးရသူများတွင်  အာရှနှင့် အာဖရိကနိုင်ငံများမှ    ကျေးလက်ဒေသများတွင်  အများဆုံး ဖြစ်သည်ဟု ဆိုသည်။ အာရှမှ အိန္ဒိယ၊ ဗီယက်နမ်နှင့် ထိုင်းတို့မှာ ခွေးရူးပြန်ရောဂါကြောင့် သေဆုံးမှုအများဆုံးဖြစ်ပြီး မြန်မာနိုင်ငံ သည်လည်း   ခွေးရူးပြန်အန္တရာယ် မြင့်မားသည့် နိုင်ငံများတွင် ပါဝင်သည်။ စင်စစ် ခွေးရူးပြန်ရောဂါသည် ကာကွယ်ဆေးထိုးနှံ ခြင်းအားဖြင့် ရာခိုင်နှုန်းပြည့် ကာကွယ်နိုင်သော ရောဂါဖြစ်သော် လည်း ကျန်းမာရေးအသိ သတိ နည်းပါးကြခြင်းကြောင့် အသက် အန္တရာယ်ကျရောက်သည်အထိ ကြုံတွေ့ခံစားကြရခြင်းဖြစ်သည်။ ခွေးရူးပြန်ရောဂါဖြစ်ပွားစေနိုင်သည့် Rhabdo ဗိုင်းရပ်စ်သည် ခွေး၊ ကြောင်၊ ဝက်၊ နွား၊ သိုး၊ ဆိတ် အစရှိသည့် အိမ်မွေးတိရစ္ဆာန် များနှင့် ဝံပုလွေ၊ မြေခွေး၊ တောခွေး၊ ခွေးအ၊ လင်းနို့ စသည့် တောရိုင်းတိရစ္ဆာန်များတွင်ပါ ရောဂါကျရောက်နိုင်ပြီး ယင်းမှ တစ်ဆင့် လူသို့ကူးစက်နိုင်သည်။

 


ခွေးရူးပြန်ရောဂါ လူများတွင် ဖြစ်ရခြင်း၏ အဓိကအကြောင်း ရင်းမှာ  ခွေးကိုက်ခံရခြင်းကြောင့်ဖြစ်သည်။  မြန်မာနိုင်ငံတွင် ခွေးရူးပြန်ရောဂါဖြစ်ပွားမှုလျှော့ချရေး   အမျိုးသားစီမံကိန်း (၂၀၁၈-၂၀၃၀) ကို ရေးဆွဲထားပြီး နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်နှင့် ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်တို့၌ ခွေးများကို ခွေးရူးပြန် ရောဂါကာကွယ်ဆေး အစုလိုက်ထိုးနှံခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ သည်။ အိမ်မွေးတိရစ္ဆာန်များကို ခွေးရူးပြန်ရောဂါကာကွယ်ဆေး ထိုးနှံခြင်းဖြင့် ခွေးရူးပြန်ရောဂါကြောင့် သေဆုံးမှုကို လျှော့ချနိုင် မည်ဖြစ်သည်။

 


ခွေးရူးပြန်ရောဂါဖြစ်ပွားသည့် တိရစ္ဆာန်များ၏ တံတွေးထဲ တွင်   ခွေးရူးပြန်ရောဂါပိုးများ   ပါဝင်နေပြီး  ၎င်းတို့က  အခြား တိရစ္ဆာန်ကို  ကိုက်သည့်အခါ  အကိုက်ခံရသည့်  တိရစ္ဆာန်ကိုပါ တံတွေးမှတစ်ဆင့် ရောဂါကူးစက်စေသည်။ ခွေးရူးပြန်ရောဂါပိုး ကူးစက်ခံရပါက   ၎င်းဒဏ်ရာမှစ၍  နာ့ဗ်ဆဲလ်များမှတစ်ဆင့် ရောဂါပိုးများက ဦးနှောက်ဆီသို့ တစ်ရက်လျှင် တစ်စင်တီမီတာ နှုန်းဖြင့် ပျံ့နှံ့ရောက်ရှိသွားပြီး ဦးနှောက်ထဲသို့ ပိုးရောက်ရှိချိန်တွင် မည်သည့်နည်းနှင့်မျှ မကုသနိုင်တော့ဘဲ အသက်ဆုံးရှုံးရခြင်း ဖြစ်သည်။    သို့ဖြစ်ရာ    ခွေးကိုက်ခံရပါက    ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးကို   အမြန်ဆုံးထိုးနှံပေးနိုင်ရန်  အရေးကြီးသည်။ ခွေးကိုက်ခံရပါက  ဒဏ်ရာကို   ရေများများသုံး၍   ဆေးကြော သန့်စင်ပြီး နီးစပ်ရာကျန်းမာရေးဌာနသို့ အမြန်ဆုံးသွားရောက်၍ ကုသမှုခံယူရန် လိုအပ်သည်။ 

 


မိမိတို့၏   အိမ်မွေးခွေးများ  အမူအရာပြောင်းသွားခြင်း၊ ထိုင်းမှိုင်းပြီး    အစာမစားခြင်း၊  အလိုလိုနေရင်း  ရန်လိုနေကာ ကိုက်ခြင်း၊ တုတ်ချောင်း၊ စက္ကူစသည့် မြင်သမျှကို ကိုက်ခြင်း ဝါးခြင်း၊ ကြောက်ရွံ့အားငယ်ခြင်း၊ ဦးတည်ရာမဲ့ ပြေးလွှားခြင်း၊ အသံအက်ဖြင့် အူခြင်းဟောင်ခြင်း၊ အစာနှင့်ရေ မျိုချရန် ခက်ခဲ ခြင်း၊ နောက်ဘက်ခြေထောက်များ ဆိုင်းသွားခြင်း၊ အလင်းရောင် ကို ကြောက်ခြင်း၊ မျက်စိသူငယ်အိမ်ကျယ်ခြင်း၊ ခက်ခက်ခဲခဲ အသက်ရှူခြင်း၊ မေးရိုးများဟနေပြီး သွားရည်များ အများအပြား ထွက်ကျနေခြင်း စသည်တို့ကိုတွေ့မြင်ပါက ခွေးရူးပြန်ရောဂါ ဖြစ်နေပြီဟူ၍ သိရှိကြရန်လိုအပ်သည်။ 

 


သို့ဖြစ်ရာ  မိမိတို့၏  အိမ်မွေးခွေးကြောင်တို့ကို  ခွေးရူးပြန် ကာကွယ်ဆေး မှန်မှန်ထိုးပေးရန်လိုအပ်ပြီး လူတိုင်းကျန်းမာရေး ဗဟုသုတရှိကြဖို့လိုသည်။   ကြိုတင်ကာကွယ်နိုင်သည့်  ခွေးရူး ရောဂါကြောင့် သေဆုံးမှုမရှိစေရေးအတွက် ကျန်းမာရေးအသိဖြင့် ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း။     ။