ခေတ်အဆက်ဆက် မြန်မာ့နိုင်ငံခြားရေးမူဝါဒ

မြန်မာနိုင်ငံသည် လွတ်လပ်ရေးရပြီးနောက် ကမ္ဘာ့အသိုင်း အဝိုင်းအတွင်းသို့ စတင်ဝင်ရောက်ချိန်မှစ၍ ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို ချမှတ်ကျင့်သုံးခဲ့သည်။ နိုင်ငံများအနေဖြင့် မိမိတို့၏ အကျိုးစီးပွားကိုရှေးရှု၍ နိုင်ငံခြားရေးမူဝါဒများကို ချမှတ်ကြရာတွင် မိမိတစ်နိုင်ငံတည်း သီးခြားရပ်တည်မည်လော၊  နိုင်ငံအုပ်စုတစ်ခုခုတွင် ဝင်ရောက်ပူးပေါင်းမည်လော၊ ဘက် မလိုက်သည့်အုပ်စုတွင်း ဝင်မည်လော စသည်ဖြင့် မိမိနိုင်ငံ အခြေ အနေနှင့် ကိုက်ညီမည့် မူဝါဒတစ်ရပ်ရပ်ကို ရွေးချယ်ကြရသည်။


ဘက်မလိုက်သည့် နိုင်ငံခြားရေးမူဝါဒကို မြန်မာနိုင်ငံက စတင်ကျင့်သုံးခဲ့သောကာလသည် ဒုတိယကမ္ဘာစစ်ပြီးနောက် ကမ္ဘာပေါ်တွင် အရှေ့အုပ်စုနှင့် အနောက်အုပ်စုဟူသော မူဝါဒ နှစ်ရပ်  အားပြိုင်နေချိန်ဖြစ်ပြီး   ကိုလိုနီလက်အောက်ခံဘဝမှ  လွတ်မြောက်ပြီးစ မြန်မာနိုင်ငံအနေဖြင့် မည်သည့်အုပ်စုတွင်မှ မပါဝင်ဘဲ လွတ်လပ်သော နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးလို ခြင်း၊ လွတ်လပ်ရေးရရှိရန် ကြိုးပမ်းရခြင်း၏ တန်ဖိုးနှင့် လွတ်လပ် သော    နိုင်ငံခြားရေးမူဝါဒကို   တစ်ထပ်တည်းထားလိုခြင်း၊ ပြည်တွင်းလက်နက်ကိုင်   ပဋိပက္ခများဖြစ်ပေါ်လာပြီးနောက် အရှေ့အုပ်စုနှင့် အနောက်အုပ်စုတို့၏ အားပြိုင်မှုများကြားတွင် စစ်မြေပြင်ဖြစ်လာနိုင်သည့်  အခြေအနေကို ရှောင်ရှားလိုခြင်း၊ နိုင်ငံပြန်လည်ထူထောင်ရေးနှင့် စီးပွားရေးပြန်လည်ဦးမော့လာ စေရေး ဆောင်ရွက်ရာတွင် အုပ်စုနှစ်စု၏ နှောင်ကြိုးမဲ့အကူအညီ များကိုသာ လက်ခံလိုခြင်း၊ လူဦးရေများပြားပြီး မူဝါဒချင်း ခြားနား ကြသည့် အာရှနိုင်ငံကြီးနှစ်နိုင်ငံဖြစ်သော တရုတ်နှင့် အိန္ဒိယတို့၏ ကြားတွင် တည်ရှိနေသဖြင့် ဘက်မလိုက်လိုခြင်း စသည့်အကြောင်း ရင်းများကြောင့် လွတ်လပ်၍ ဘက်မလိုက်သည့် နိုင်ငံခြားရေး မူဝါဒကို မြန်မာနိုင်ငံက ချမှတ်ကျင့်သုံးခဲ့ခြင်း ဖြစ်သည်။


မြန်မာနိုင်ငံသည် ကမ္ဘာ့ငြိမ်းချမ်းရေး၊ ကမ္ဘာ့စစ်ဆန့်ကျင်ရေး၊ နယ်ချဲ့စနစ်နှင့် ကိုလိုနီစနစ်ဆန့်ကျင်ရေး၊ ကမ္ဘာ့နိုင်ငံအသီးသီး တို့နှင့်  ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံရေးတို့ကို ကမ္ဘာ့အသိုင်းအဝိုင်း နှင့်အတူ တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့သည်။ အိမ်နီးချင်း နိုင်ငံကြီးနှစ်နိုင်ငံဖြစ်သော တရုတ်နှင့် အိန္ဒိယနိုင်ငံတို့မှ နိုင်ငံ့ ခေါင်းဆောင်များနှင့်အတူ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူ(၅)ချက်ကို ၁၉၅၄ ခုနှစ်တွင် ချမှတ်ပြီး သဘောတူလက်မှတ် ရေးထိုးခဲ့သည်။ ဘန်ဒေါင်းမူ (၅)ချက်ဟုလည်း ထင်ရှားခဲ့သည့် အဆိုပါ မူ(၅)ချက်ကို မြန်မာနိုင်ငံက စတင်ဦးဆောင်တင်သွင်း ခဲ့ခြင်းဖြစ်ပြီး အာရှ- အာဖရိက နိုင်ငံပေါင်း ၂၉ နိုင်ငံက သဘော တူညီခဲ့ကြသော ဘက်မလိုက်နိုင်ငံများအုပ်စုကြီး ထွက်ပေါ်လာ သည်အထိ ထင်ရှားခဲ့သည်။
(၁) တစ်နိုင်ငံ၏ နယ်မြေတည်တံ့မှုနှင့် အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုကို တစ်နိုင်ငံက လေးစားရန်၊ (၂) တစ်နိုင်ငံနှင့် တစ်နိုင်ငံ ကျူးကျော်တိုက်ခိုက်မှုမပြုရန်၊  (၃) တစ်နိုင်ငံနှင့်  တစ်နိုင်ငံ ပြည်တွင်းရေးကိစ္စများတွင်  ဝင်ရောက်စွက်ဖက်ခြင်းမပြုရန်၊  (၄) တစ်နိုင်ငံနှင့်တစ်နိုင်ငံ တန်းတူရည်တူရှိရန်နှင့် နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းရန်၊ (၅) ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရန် ဟူသော ဘန်ဒေါင်းမူ (၅)ချက်တို့သည် မြန်မာ့နိုင်ငံခြားရေး မူဝါဒ၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် ခေတ်အဆက်ဆက်တွင် နိုင်ငံတော်အစိုးရအသီးသီးတို့ လက်ခံကျင့်သုံးခဲ့ကြပြီး  နိုင်ငံ တကာ ဆက်ဆံရေးတွင်လည်း နှစ်ပေါင်း ၆၀ ကျော် ၇၀ နီးပါး ရှိလာသည့်တိုင်အောင် အရေးပါသည့် စံချိန်စံညွှန်းများအဖြစ် ခိုင်မြဲစွာ တည်ရှိနေပါကြောင်း။   ။