ခေတ်မီသူတိုင်းအတွက် အောင်ဘာလေအွန်လိုင်းထီ

အောင်ဘာလေထီ တစ်ခေတ်ဆန်းသစ်ပေပြီ။ လွတ်လပ်ရေးမရမီ ခေတ်ကတည်းကစကာ   ဆယ်စုနှစ်ပေါင်းများစွာ  စက္ကူပုံနှိပ် ထီလက်မှတ်များကို  ထီဆိုင်များသို့ သွားရောက်ဝယ်ယူကံစမ်း ခဲ့ကြရာမှ မျက်မှောက်ကာလ ဒစ်ဂျစ်တယ်ခေတ်တွင်  အွန်လိုင်း မှတစ်ဆင့်   ထိုင်ရာမထ   ထီထိုးနိုင်ကြပြီ။    အသစ်ဘယ်လို ပြောင်းပြောင်း အဟောင်းကိုသာ  စွဲသူတို့အဖို့လည်း   ပုံနှိပ် ရောင်းချသည့်  အောင်ဘာလေထီစနစ်က  ရှိနေဦးမည်ဖြစ်ရာ ထီကိုယ်စားလှယ်တို့   ရောင်းချကြသည့်  ထီဆိုင်၊  ထီကား၊ ထီလှည်းတို့တွင်  ထီလက်မှတ်ကလေးများဝယ်ယူကာ တစ်လ တာ     စိတ်ကူးအိပ်မက်မက်နိုင်သည့်     အခွင့်အလမ်းများ ဆက်လက်တည်မြဲ ရှိနေသေးသည်။

 


လက်ရှိ    အောင်ဘာလေသိန်းဆု   ထီလက်မှတ်စနစ်သည် အနယ်နယ်အရပ်ရပ်မှ  ထီကိုယ်စားလှယ်များက  ပြန်လည် ရောင်းချသည်ကို ထီဝါသနာရှင်တို့က  ဝယ်ယူကံစမ်းကြရခြင်း ဖြစ်ပြီး သတ်မှတ်ဈေးနှုန်း  ထီတစ်စောင် ကျပ် ၁၀၀၀ ထက် ပိုမိုပေးကြရသည်ကများသည်။   ထီဈေးနှုန်း  ပိုပေးရခြင်းနှင့် စပ်လျဉ်း၍    ကိုယ်စားလှယ်တို့၏အဆိုအရ   ထီလက်မှတ် အက္ခရာတူ၊ ဂဏန်းတူများ၊ အက္ခရာစဉ်၊ ဂဏန်းစဉ်များ စသည် ဖြင့် တွဲပေးရခြင်း၊ ပလတ်စတစ်အိတ်များ၊ စက္ကူကတ်များဖြင့် သေသပ်လှပအောင်   ထုပ်ပိုးပေးရခြင်းကြောင့်   စရိတ်စက ပိုမိုကုန်ကျမှုများ   ရှိကြောင်း၊  ထို့အပြင် ထီကိုယ်စားလှယ် အဆင့်ဆင့်ရှိနေခြင်းကြောင့်လည်း  ဖြစ်ကြောင်း   စသည်ဖြင့် ရှင်းလင်းပြောကြားကြသည်။ မည်သို့ဆိုစေ ထီဝါသနာရှင်တို့အဖို့ သတ်မှတ်ဈေးနှုန်း ထီတစ်စောင်လျှင် ကျပ် ၁၀၀၀ နှင့် ရောင်းချ သောဆိုင်ကို တွေ့ရန်ခဲယဉ်းသည့်အလျောက် အလွယ်တကူ တွေ့သည့် ထီဆိုင်၌သာ ဆိုသည့်ဈေးအတိုင်းပေး၍ ထိုးနေကြရ ခြင်းဖြစ်သည်။

 


အောင်ဘာလေထီသည်     အစိုးရက    ဖွင့်လှစ်ပေးသည့်  တရားဝင်ထီဖြစ်ပြီး လောင်းကစားမဆန်သော ကံစမ်းရန်အတွက်  သာဖြစ်သည်။   သို့ရာတွင်   ဂဏန်းနှစ်လုံး၊  သုံးလုံး၊   ထိုင်းထီ စသည့်   လောင်းကစားများနှင့်    မိမိတို့နိုင်ငံတွင်   တရားဝင် မဟုတ်သော တစ်ဖက်နိုင်ငံမှ  ထီရောင်းချမှုများ နိုင်ငံအတွင်း ဝင်ရောက်ပျံ့နှံ့လျက်ရှိရာ   အောင်ဘာလေထီအနေဖြင့်  ထီ ဈေးကွက်တွင်    ပိုမိုဆွဲဆောင်နေစေရန်    အစီအစဉ်များ၊ တီထွင်ဆန်းသစ်မှုများကို  စဉ်ဆက်မပြတ်ပြုလုပ်နေရမည်ဖြစ် သည်။ ယခု စတင်လိုက်ပြီဖြစ်သည့် အောင်ဘာလေအွန်လိုင်း သိန်းဆုထီစနစ် ပြည်သူများနှင့် ရင်းနှီးလာရေးနှင့် အလွယ်တကူ အသုံးပြုနိုင်ရေးတို့အပြင်  မသမာသူတို့က နည်းအမျိုးမျိုးဖြင့် ဆောင်ရွက်လာနိုင်သည့်အပေါ်     လုံခြုံရေးအစီအမံများနှင့်  ဈေးကွက်မြှင့်တင်ရေး    အစီအစဉ်များလည်း    ဆက်လက် ဆောင်ရွက်သွားရဦးမည်ဖြစ်သည်။

 


မိမိတို့နိုင်ငံ၏ အောင်ဘာလေထီစနစ်သည် လောဘစိတ်ဖြင့် လောင်းကစားရခြင်းမျိုးမဟုတ်ဘဲ ကုသိုလ်စိတ်ဖြင့် ကံစမ်းကြရ ခြင်းသာဖြစ်သည်။ မိမိကံစမ်းလိုက်သော  ကျပ် ၁၀၀၀ တွင် ကျပ် ၇၀၀ သည် ထီကံထူးရှင်များအတွက် ဆုကြေးငွေသို့ဝင်သွားပြီး ကျပ် ၃၀၀ သည်    နိုင်ငံတော်ဘဏ္ဍာငွေသို့   ဝင်သွားသည်။ နိုင်ငံတော်ဘဏ္ဍာငွေသည် ကျောင်း၊  ဆေးရုံ၊ လမ်း၊ တံတား စသည်ဖြင့် ပြည်သူလူထုကို ပြန်လည်အကျိုးပြုသည်။ သို့ဖြစ်ရာ ထီကံစမ်း သူသည် ထီပေါက်လျှင် ကံထူးရှင်ဖြစ်ပြီး ထီမပေါက်လျှင် ကုသိုလ်ရှင်ဖြစ်၍    အကျိုးထူးသည်ချည်းသာ။  သည့်အပြင် ထီတစ်စောင် ငွေကျပ် ၁၀၀၀ ဖြင့်ထိုးပြီး သိန်း ၅၀၀၀ စိတ်ကူး အိပ်မက်ကို တစ်လတာမက်ခွင့်ရခြင်းက အမြတ်ပင်ဖြစ်သည်။

 


ယခုအခါ မိုဘိုင်းတယ်လီဖုန်း ကိုင်ထားသူတိုင်း အောင်ဘာလေ  ထီကို အချိန်မရွေး၊ နေရာမရွေး သတ်မှတ်ဈေးနှုန်းဖြင့် စိတ်ကြိုက် နံပါတ်များ   ရွေးချယ်ဝယ်ယူနိုင်ကြတော့မည်ဖြစ်ရာ   ခေတ်မီ သူတိုင်း အောင်ဘာလေအွန်လိုင်းထီ ထိုးကြပါစို့ဟု နှိုးဆော်လို သည်။ ထီပေါက်လျှင်  မိမိဖုန်းထဲသို့   မက်ဆေ့ချ်ရောက်လာပြီး တော်ယုံတန်ယုံဆုကြေးငွေပမာဏကို မည်သည့်ရုံးမှ သွားစရာ မလိုဘဲ အွန်လိုင်းမှပင်  လွှဲပြောင်းရရှိလာမည့် အောင်ဘာလေ အွန်လိုင်းထီ ပြည်သူများနှင့် အနီးဆုံးဆီသို့  ရောက်ရှိလာပြီဖြစ် သည်။ လစဉ်အနည်းဆုံး  ကျပ် ၁၀၀၀  ဖိုး အောင်ဘာလေထီ မှန်မှန်ထိုးကာ  အကျိုးထူးများ  ခံစားနိုင်ကြပါစေကြောင်းနှင့် ကံအကျိုးပေးထူး၍  ထီဆုကြီးများ ပေါက်ကြပါစေကြောင်း။    ။