ခေတ်သစ်ကမ္ဘာနှင့် ဆွေမျိုးပေါက်ဖော်ဆက်ဆံရေး

Type
 
 
အောင်ကျော်အေးချမ်း
 
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၏ ဖိတ်ကြားချက်အရ တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး နှစ် (၇၀) ပြည့်မြောက်သည့် အခါသမယ၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖျင်သည် မြန်မာနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေး ခရီးစဉ်အဖြစ် ဇန်နဝါရီလ ၁၇ ရက်နေ့နှင့် ၁၈ ရက်နေ့တို့ တွင် ရောက်ရှိခဲ့ပါသည်။ ဤသည်မှာ နှစ်ပေါင်း ၂၀ နီးပါး အတွင်း တရုတ်သမ္မတတစ်ဦး မြန်မာနိုင်ငံသို့ ပထမဆုံး အကြိမ် ရောက်ရှိလာခြင်းပင် ဖြစ်ပါသည်။ ဤခရီးစဉ်သည် တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ၂၀၂၀ ပြည့်နှစ်အတွက် ပထမဆုံးပြည်ပခရီးစဉ်ဖြစ်ရာ တရုတ်အစိုးရ၏ မြန်မာနှင့် ဆက်ဆံရေးအပေါ် အလေးထားမှုရှိပုံကိုလည်း ဖော်ပြခြင်းဖြစ်ပါသည်။
 
ဆွေးနွေးပွဲများကျင်းပ
 
တရုတ်သမ္မတ ရှီကျင့်ဖျင် မြန်မာနိုင်ငံသို့မရောက်မီ ရက်ပိုင်းအလိုတွင် ရန်ကုန်မြို့၌ တရုတ်ဘက်နှင့် မြန်မာ ဘက်မှ ပညာရှင်ဆွေးနွေးပွဲများ၊ စကားဝိုင်းများ၊ တရုတ် သမ္မတအကြောင်း စာအုပ်မိတ်ဆက်ပွဲများ ကျင်းပခဲ့ကြ သည်ကို တွေ့ရသည်။ ယူနန်တက္ကသိုလ်နှင့် ပြန်ကြားရေး ဝန်ကြီးဌာနလက်အောက်တွင် ဖွဲ့စည်းထားသော မြန်မာရေးရာလေ့လာရေးအဖွဲ့တို့ ပူးတွဲကျင်းပသည့် “Think Tank Summit on Myanmar- China Relations in the New Era” ဖိုရမ်ကိုလည်း ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ကျင်းပခဲ့သည်ကို တွေ့ရသည်။ မြန်မာလို ခေတ်သစ်ကာလ တရုတ်-မြန်မာဆက်ဆံရေးဟူသော အဓိပ္ပာယ်ဖြစ်သည်။ တရုတ်နိုင်ငံထူထောင်သော နှစ် (၇၀) ပြည့် (၂၀၁၉ ခုနှစ် အောက်တိုဘာ ၁ ရက်) မတိုင်မီ တစ်ရက်အလို စက်တင်ဘာ ၃၀ ရက်ကလည်း “China and the World in the New Era” ဟူ၍ တရုတ်နှင့်ကမ္ဘာ အကြား ခေတ်သစ်ကာလဆက်ဆံရေးများအကြောင်း တရုတ်နိုင်ငံ ပြန်ကြားရေးဌာနမှ စက္ကူဖြူစာတမ်း (White Paper) တစ်စောင် ထုတ်ပြန်ခဲ့သည်ကို တွေ့ရ သည်။ ယနေ့ကာလကို ခေတ်သစ် (New Era) တစ်ခု အဖြစ် တရုတ်နိုင်ငံဘက်မှ ခေါ်ဝေါ်သုံးစွဲလာခြင်းကို တွေ့ရသည်။
 
ခေတ်သစ်ကာလဆိုသည်မှာ
 
ထိုသို့ခေတ်သစ်ဟုခေါ်ဆိုလာသဖြင့် ခေတ်သစ် သည် မည်သည့်အချိန်မှစတင်လာပါသနည်း၊ ခေတ်သစ် တွင် မည်သို့ဖြစ်ပျက်နေပါသနည်း၊ ခေတ်သစ်၏ဖြစ်ပေါ် တိုးတက်မှုများ၊ ဆုတ်ယုတ်မှုများက ဘာတွေဖြစ်ပါ သနည်း၊ ခေတ်သစ်၏ အဓိကပလေယာများက မည်သူ တွေဖြစ်မည်နည်း စသဖြင့် စဉ်းစားဝေဖန်သုံးသပ်စရာ များ ရှိလာပါသည်။
အပြောင်းအလဲများ၏အစကို လွန်ခဲ့သောနှစ် ၃၀ (စစ်အေးတိုက်ပွဲကုန်ဆုံးချိန်) မှအစပြုရမည် ဖြစ်သည်။ စစ်အေးခေတ်ကုန်ဆုံးချိန် (၁၉၉၀) တွင် ကမ္ဘာကြီးသည် Bipolar (စူပါပါဝါနှစ်ခုသာ လွှမ်းမိုးနေရာ)မှ Unipolar (စူပါပါဝါတစ်ခုတည်းက လွှမ်းမိုးသော) ကမ္ဘာအဖြစ်သို့ ရောက်လာမည်ဟု မှန်းဆခဲ့ကြသည်။ သို့သော် လက်တွေ့တွင်မူ ဝင်ရိုးအများအပြားရှိသော ကမ္ဘာ (Multipolar World) ဖြစ်လာသည်။ ကမ္ဘာစစ်မဖြစ်ဘဲ ဒေသဆိုင်ရာစစ်ပွဲများ၊ ပြည်တွင်းစစ်များ ဖြစ်လာသည်။ ဒေသဆိုင်ရာလွှမ်းမိုးမှုများ၊ ဒေသအတွင်း ပြိုင်ဆိုင်မှုများသာ မြင့်မားလာခဲ့သည်။ စစ်အေးခေတ် ပြိုကွဲခြင်းကို အမေရိကန် သမိုင်းပါမောက္ခ ဖူကူယာမားက သမိုင်း၏နိဂုံး ဟု ကင်ပွန်းတပ်ခဲ့ပြီး နယူးယောက်တိုင်းမ်သတင်းစာ၏ ပင်တိုင်ဆောင်းပါးရှင် သောမတ်စ် ဖရိုက်မင်းက Wall Party မှ Web Party သို့ဟူ၍ ကြွေးကြော်ခဲ့သည်။ သို့သော် စစ်အေးအလွန် နှစ် ၃၀ ကြာသောအခါ အခြေအနေက တစ်မျိုးဖြစ်လာပါသည်။
 
တရုတ်အိပ်မက်
 
တရုတ်နိုင်ငံသည် စီးပွားရေးအရ ကမ္ဘာ့ဒုတိယ အင်အားအကြီးဆုံးနိုင်ငံကြီးဖြစ်လာသည်။ အထူးသဖြင့် ၂၀၁၂ ခုနှစ်တွင် သမ္မတ ရှီကျင့်ဖျင် အာဏာရလာပြီးနောက် တရုတ်အိပ်မက်ဆိုသည်ကို ထုတ်ဖော်ပြောကြားလာပြီး ၂၀၁၃ ခုနှစ်တွင် ၂၀၂၀၊ ၂၀၃၅၊ ၂၀၄၉ တို့အတွက် Vision၊ Mission တွေကို တရားဝင်ထုတ်ဖော်ကြေညာလာခဲ့သည်။ တရုတ်နိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုသည် ၂၀၀၁ ခုနှစ်တွင် WTO သို့ တရုတ်နိုင်ငံဝင်ခွင့်ရပြီးနောက် ပို၍အရှိန်အဟုန် ကောင်းလာခဲ့သည်ဟုဆိုသည်။ ထိုအချိန်က အနောက် ကမ္ဘာက တွက်ဆကြသည်မှာ တရုတ်နိုင်ငံသည် စီးပွားရေး တွင် ဈေးကွက်စီးပွားရေးကျင့်သုံးလာပြီး နိုင်ငံရေးတွင် လည်း အနောက်နိုင်ငံများကဲ့သို့ လစ်ဘရယ်လမ်းကြောင်း အတိုင်း ပြောင်းလဲလာမည်ဟုဖြစ်သည်။ သို့သော် လက်တွေ့တွင် တရုတ်နိုင်ငံသည် ဆိုရှယ်လစ်စနစ်အောက် မှာကျင့်သုံးသော ဈေးကွက်စနစ်ဖြစ်ပြီး ဤနှစ်များအတွင်း တရုတ်ပြည်ကွန်မြူနစ်ပါတီ၏ ခေါင်းဆောင်မှုက ပို၍ကြံ့ခိုင် အားကောင်းလာခြင်းဖြစ်ပါသည်။
"ဈေးကွက်စီးပွားရေးနှင့် ဒီမိုကရေစီသည် အရင်းရှင် စနစ်တွင်သာမက ဆိုရှယ်လစ်စနစ်အောက်တွင်လည်း ဒီမိုကရေစီရှိသည်။ ဈေးကွက်စီးပွားရေးလည်း ကျင့်သုံး၍ ရသည်" ဟူသောစကားကို တရုတ်ပြည်၏ မဟာ ခေါင်းဆောင်ကြီး တိန့်ရှောင်ဖိန်ကပြောခဲ့ဖူးရာ ထိုစကား အတိုင်း အကောင်အထည်ဖော်ခဲ့ကြခြင်းဖြစ်သည်ဟု ယူဆရသည်။
 
အနောက်ကမ္ဘာ၏အပြောင်းအလဲ
 
ထိုအချိန်တွင် အနောက်ကမ္ဘာ၏ အမြင်အယူအဆ များ ပြောင်းလဲလာခြင်းက စိတ်ဝင်စားစရာကောင်းလာသည်။ ဥရောပနှင့်အမေရိကတွင် အများကြိုက်ပေါ်ပြူလာဝါဒီ (Populist) များ၊ အမျိုးသားရေးဝါဒီများ၊ ဒေသစွဲဝါဒီများ ခေါင်းမော့လာသည်။ ကုန်သွယ်ရေးတွင် ကိုယ်ကျိုးစီးပွား ကာကွယ်ရေးဝါဒ ကျင့်သုံးလာသည်။ ဤပြောင်းလဲမှုများ ကို ဇန်နဝါရီလ ၁၆ ရက်နေ့က သတင်းစာများတွင်ဖော်ပြခဲ့ သော တရုတ်သမ္မတရှီကျင့်ဖျင်၏ ဆောင်းပါးတွင်လည်း ထည့်သွင်းဖော်ပြထားသည်ကို တွေ့ရသည်။
 
အမေရိကန်၏ ၂၀၁၆ ခုနှစ် နိုင်ငံတော်အခြေပြမိန့်ခွန်း တွင် သမ္မတ ဒေါ်နယ်ထရမ့်က တရုတ်နှင့်ရုရှားသည် အမေရိကန်လုံခြုံရေးကို ခြိမ်းခြောက်နေသော အကြီးဆုံး အင်အားများဖြစ်သည်ဟု ပြောသွားသည်။ ၂၀၁၉ ခုနှစ် စက်တင်ဘာလကကျင်းပသော ကုလသမဂ္ဂအထွေထွေ ညီလာခံတွင် သမ္မတ ထရမ့်က ဂလိုဘယ်လိုက်ဇေးရှင်းခေတ် ကုန်သွားပြီဟု ပြောခဲ့သည်။ ထို့အပြင် " အနာဂတ်ကို ကမ္ဘာလုံးဆိုင်ရာဝါဒီတွေ မပိုင်ဘူး၊ မျိုးချစ်တွေပဲ ပိုင်ကြ တယ်" ဟု ပြောသွားသည်။ ဤသည်မှာ၂၀၁၆ ခုနှစ် ဒါးဗို့စ် ညီလာခံတွင် တရုတ်သမ္မတ ရှီကျင့်ဖျင်က ဂလိုဘယ် လိုက်ဇေးရှင်းအပေါ် ပြတ်ပြတ်သားသားရပ်ခံခဲ့ပုံနှင့် များစွာ ကွဲလွဲနေသည်။ မကြာသေးမီက ကျင်းပခဲ့သော အဖွဲ့ဝင်၂၉ နိုင်ငံရှိသည့် NATO အဖွဲ့၏ နှစ် (၇၀) မြောက်အခမ်းအနား နှင့် ထိပ်သီးအစည်းအဝေးတွင် “တရုတ်နိုင်ငံ အင်အားကြီး ထွားလာမှုမှ ထွက်ပေါ်လာသော စိန်ခေါ်မှုများ၊ အခွင့် အလမ်းများနှင့် မိမိတို့၏လုံခြုံရေးအပေါ် ရှိလာနိုင်သော အကျိုးဆက်များအကြောင်း ပထမဆုံးအကြိမ် ဆွေးနွေးခဲ့ ကြသည်” ဟု NATO အတွင်းရေးမှူးချုပ် ယန်းစတိုလ်တင် ဘာ့ဂ်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
 
စက္ကူဖြူစာတမ်း
 
ထိုသို့တရုတ်နိုင်ငံအပေါ် အမြင်အမျိုးမျိုးဖြစ်ပေါ်လာမှုကြောင့် တရုတ်နိုင်ငံတော်ကောင်စီက စက္ကူဖြူစာတမ်းကို စက်တင်ဘာ ၃၀ ရက်တွင် ထုတ်ဝေခဲ့ခြင်းဖြစ်သည်ဟု ယူဆ ရသည်။ ထိုစာတမ်းသည် သတင်းစာစာမျက်နှာ ငါးမျက်နှာ အပြည့်ရှိပြီး တရုတ်နှင့်ကမ္ဘာကြီးအကြား ဆက်ဆံမှုကို အပြည့်စုံဆုံးဖော်ပြသော စာတမ်းဖြစ်သည်ဟု ဆိုကြသည်။
 
စက္ကူဖြူစာတမ်းကပြောလိုသည်မှာ တရုတ်ပြည်သူများ သည် ပွင့်လင်းသောစိတ်ထားနှင့် ကြောင်းကျိုးမျှော်သော စိတ်ဓာတ်ရှိကြောင်း၊ တရုတ်နိုင်ငံသည် ဆင်းရဲပြီးအားနည်း နေချိန်မှာ တံခါးဖွင့်ဝါဒကျင့်သုံးခဲ့ကြောင်း၊ ယခုအင်အား ကောင်းချိန်မှာလည်း တရုတ်ပြည်အနေဖြင့် အထီးကျန် နေမည်မဟုတ်ကြောင်း၊ အကြောင်းမူ တရုတ်နှင့် ကမ္ဘာ ကြီးအကြား အပြန်အလှန်ဆက်ဆံမှုများ ခိုင်မာနေမှ အပြန်အလှန်အကျိုးရှိမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၏ နှစ် (၇၀) အတွေ့အကြုံမှရရှိသော သင်ခန်းစာများအရ အဓိကအချက်သုံးချက်ရှိကြောင်း၊ (၁) ကိုယ့်အားကိုယ်ကိုး ပြီး အပြင်းအထန် တည်ဆောက်ပြောင်းလဲခြင်း၊ (၂) အပြန်အလှန်အကျိုးရှိစေသော Win-Win ပူးပေါင်း ဆောင်ရွက်မှုများပြုလုပ်ခြင်းနှင့် (၃) မည်သည့်အခါမှ ဗိုလ်ကျလွှမ်းမိုးမှုလုပ်မှာမဟုတ်ဆိုသော အချက်များ ပင်ဖြစ်သည်။ ထိုအချက်များကိုကိုင်စွဲပြီး ပိုမိုအင်အား ကောင်းလာသော တရုတ်ပြည်သည် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုတည်ဆောက်ရေးတွင် ပိုမိုကြီးမားသော အခန်းကဏ္ဍဖြင့် ပါဝင်သွားမည်ဟု တရုတ်ဘက်မှ ဆိုလိုခြင်းဖြစ်ပါသည်။
 
ယခု မြန်မာနိုင်ငံသို့လာရောက်ခဲ့သော တရုတ် သမ္မတ၏ခရီးစဉ်သည် ထိုသို့သော ခံယူချက်များကိုင်စွဲ၍ ရောက်ရှိလာခြင်းဖြစ်သည်ဟု ယူဆနိုင်ပါသည်။ သတင်းစာများတွင်ဖော်ပြသော တရုတ်သမ္မတကြီး၏ ဆောင်းပါးတွင် ထိုသို့သောအချက်များကို အပြည့်စုံဆုံး ဖော်ပြထားသည်ကို တွေ့နိုင်ပါသည်။ လက်ရှိတရုတ်နိုင်ငံ က ဆက်ဆံရေးတွင် ပြည်သူချင်းဆက်ဆံရေး၊ စီးပွားရေး လုပ်ငန်းချင်းဆက်ဆံရေးနှင့် အစိုးရချင်းဆက်ဆံရေး ဟူသော ဆက်ဆံရေးပေါင်းစုံကို မြှင့်တင်ဆောင်ရွက် နေခြင်းဖြစ်ကြောင်း တွေ့ရှိရသည်။ ထို့ကြောင့်ပင် တရုတ် သမ္မတကြီး၏ဆောင်းပါး၌ “တွေ့ဖန်များသော်ခင်၊ ခင်ဖန် များသော်ရင်း” ဟူ၍ ရေးသားဖော်ပြထားခြင်းဖြစ်သည်။ ထိုသို့ဘက်စုံပူးပေါင်းဆောင်ရွက်မှု၊ အပြန်အလှန်ညှိနှိုင်း ဆောင်ရွက်မှု၊ အပြန်အလှန်ထောက်ထားစာနာမှုတို့နှင့် အတူ လက်တွဲကြိုးပမ်း၍ ပိုမိုရင်းနှီးသည့် အေးအတူပူအမျှ တရုတ်-မြန်မာ အသိုက်အဝန်းတည်ဆောက်မှုကို တွန်းအားပေးကာ နှစ်ပေါင်းထောင်ချီကြာမြင့်သော ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး သံယောဇဉ်သစ်များကို ဆက်လက်ပုံဖော်သွားကြရမည် ဖြစ်ပါသည်။
 
ခေတ်သစ်ကမ္ဘာသည် ပူးပေါင်းဆောင်ရွက်ခြင်း များက အဓိကဖြစ်သည်။ ရန်လိုအမုန်းပွားခြင်းထက် အပြန်အလှန်အကျိုးရှိခြင်းကို ဦးစားပေးရမည်ဖြစ်သည်။ နှစ်ပေါင်းထောင်ချီ၍ တည်ရှိခဲ့သော ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးကို အစိုးရအဆက်ဆက် အဓွန့်ရှည်အောင် တည်ဆောက်ကြရမည် ဖြစ်ပါသည်။ ကမ္ဘာ့အပြောင်းအလဲ များက မည်သို့ရိုက်ခတ်လာသည်ဖြစ်စေ အိမ်နီးချင်း ကောင်းများပီသစွာ လက်တွဲရင်ဆိုင်ကျော်လွှားကြရ မည်ဖြစ်ပါသည်။ တရုတ်သမ္မတကြီး၏ နှစ်လိုဖွယ်ရာ ဆောင်းပါးတွင် ဤအမြင်များကို အပြည့်စုံဆုံးဖော်ပြ ထားသည်ကို ဝမ်းမြောက်စွာတွေ့မြင်ရသည်။ ဤအခြေခံအမည်များဖြင့် နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ နှစ်နိုင်ငံအကျိုးတူလုပ်ငန်းများ အကောင်အထည်ဖော် အောင်မြင်ရေး၊ အာဆီယံမူငါးချက် နှင့်အညီ အတူယှဉ်တွဲနေထိုင်သွားနိုင်ရေးများအားလုံး အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။