
ဝင်းဇေယျာထွန်း
========
ယနေ့ကမ္ဘာပေါ်မှာ နိုင်ငံတွေအချင်းချင်း ဒေသအလိုက်သော်လည်းကောင်း၊ မူဝါဒအရသော်လည်းကောင်း ပူးပေါင်းဆောင်ရွက်တဲ့ ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်း စဉ်များစွာဟာ အသွင်သဏ္ဌာန်အမျိုးမျိုးနဲ့ရှိနေကြပါတယ်။ ဒါဟာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု(Multilateralism) ရဲ့ အစိတ်အပိုင်းတစ်ရပ်လည်းဖြစ်ပါတယ်။ နိုင်ငံ တွေဟာ ဘာဖြစ်လို့ အခုလိုအစုအဖွဲ့အလိုက် ပူးပေါင်းဆောင်ရွက်ကြတာလဲဆိုတာ သိသင့်တဲ့မေးခွန်းတစ်ခုဖြစ်ပါတယ်။
နိုင်ငံတွေနဲ့လူသားတွေရဲ့ သဘော သဘာဝဟာ နေရာတော်တော်များများ ဆင်တူမှုရှိပါတယ်။ လူဟာတစ်ဦးတည်း တစ်ယောက်တည်းနေလို့မရဘဲ အသိုင်း အဝိုင်းနဲ့နေမှအဆင်ပြေသလို နိုင်ငံတွေ ဟာလည်း တစ်နိုင်ငံတည်းနေလို့မရပါ ဘူး။ အသိုင်းအဝိုင်းဆိုတာလိုအပ် ပါတယ်။ ဘာလို့လဲဆိုတော့ လူတစ်ယောက်တည်း အရာအားလုံး မတတ်ကျွမ်းနိုင်ပါဘူး။ အခြားသူတွေရဲ့ အကူအညီလိုပါတယ်။ နိုင်ငံတွေလည်း ဒီအတိုင်းပဲဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံ အနေနဲ့ ပြည်သူတွေအတွက် အေးချမ်း ဖွံ့ဖြိုးစည်ပင်တဲ့ လူ့ဘောင်ပတ်ဝန်းကျင် တစ်ခုကို တည်ထောင်ပေးဖို့ဆိုရင် အရင်းအမြစ်များစွာ လိုအပ်ပါတယ်။ အချို့အရင်းအမြစ်တွေကို နိုင်ငံအတွင်း မှာ ထုတ်ယူသုံးစွဲလို့ရပေမယ့် နိုင်ငံ အတွင်းမှာမရှိတဲ့ အရင်းအမြစ်တွေ၊ အကူအညီတွေ၊ နည်းပညာတွေကိုတော့ အခြားနိုင်ငံတွေဆီက ရယူဖို့လိုလာပါ တယ်။ ဒါ့အပြင် အချို့သောကိစ္စရပ်တွေ၊ အခက်အခဲတွေဟာ နိုင်ငံတစ်နိုင်ငံတည်း ဖြေရှင်းလို့မရပါဘူး။ နိုင်ငံအများက အစုအဖွဲ့နဲ့ဖြေရှင်းမှ အောင်မြင်နိုင်မှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် ဆင်းရဲ နွမ်းပါးမှုတိုက်ဖျက်ရေးလုပ်ငန်း၊ နယ်စပ် ဖြတ်ကျော်မှုခင်း နှိမ်နင်းရေးလုပ်ငန်း၊
မူးယစ်ဆေးဝါး နှိမ်နင်းမှုလုပ်ငန်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှု လုပ်ငန်း အစရှိသည်ဖြင့်ဖြစ်ပါတယ်။
ဒီလိုအချက်တွေကြောင့် အခုလို နိုင်ငံအစုအဖွဲ့အလိုက် ပူးပေါင်း ဆောင်ရွက်တဲ့ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစဉ်တွေ ပေါ်ပေါက် လာတာဖြစ်ပါတယ်။
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု
မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှုဟာ မဲခေါင်ဒေသတွင်း မှာရှိတဲ့ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်း စဉ်များစွာထဲက တစ်ခုဖြစ်ပြီး အဖွဲ့ဝင် တွေအဖြစ် မဲခေါင်မြစ်ဝှမ်းနိုင်ငံတွေဖြစ် တဲ့ ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံတို့ပါဝင်ပါ တယ်။ ၂၀၁၆ ခုနှစ် မတ်လ ၂၃ ရက်နေ့မှာ စတင်တည်ထောင်ခဲ့တာ ဖြစ်လို့ အခုနှစ်ဆိုရင် ပူးပေါင်းဆောင်ရွက် မှုသက်တမ်း ခြောက်နှစ်ပြည့်ပြီဖြစ်ပါ တယ်။ အခြားသောပူးပေါင်းဆောင်ရွက် မှုလုပ်ငန်းစဉ်တွေနဲ့ နှိုင်းယှဉ်ရင်တော့ သက်တမ်းအနုငယ်ဆုံး လုပ်ငန်းစဉ်လို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ အချိန်တိုအတွင်း မှာ လျင်မြန်တဲ့ ပူးပေါင်းဆောင်ရွက် မှု အရှိန်အဟုန်ကိုရရှိခဲ့ပြီး ဒေသတွင်း ပြည်သူတွေအတွက် လက်တွေ့ အကျိုးရှိစေတဲ့ အောင်မြင်မှုတွေကို ရရှိအောင် စွမ်းဆောင်နိုင်ခဲ့တယ်ဆိုတာ ကိုတော့ ဘယ်သူကမှ မငြင်းနိုင်ပါဘူး။
မဲခေါင်-လန်ချန်း ပူးပေါင်း
ဆောင်ရွက်မှု၏ အောင်မြင်မှုများ
နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်တွေရဲ့ အောင်မြင်မှုကို လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ ရလဒ်တွေ နဲ့ တိုင်းတာလေ့ရှိပါတယ်။ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဟာ ဖွဲ့စည်းမှုပိုင်းမှာဆိုရင် ထိပ်သီးအစည်း အဝေး၊ နိုင်ငံခြားရေးဝန်ကြီးများအစည်း အဝေး၊ ဘာသာရပ်ဆိုင်ရာဝန်ကြီး အဆင့်အစည်းအဝေး၊ လုပ်ငန်းအဖွဲ့ အစည်းအဝေးအစရှိတဲ့ အဆင့်ဆင့်သော လုပ်ငန်းစဉ်တွေ၊ ဘာသာရပ်ဆိုင်ရာ စင်တာတွေ ထူထောင်နိုင်ခဲ့တဲ့အပြင် အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံစီမှာလည်း လုပ်ငန်းတွေ အနီးကပ် အကောင်အထည် ဖော်မယ့် အတွင်းရေးမှူးရုံး/ ပူးပေါင်း ညှိနှိုင်းရေးအဖွဲ့တွေ ဖွဲ့စည်းထားပြီး ဖြစ်ပါတယ်။ ဒါကြောင့် အခုလိုလုပ်ငန်း အကောင်အထည်ဖော်မှုတွေကို လျင်မြန် ထိရောက်စွာ ဆောင်ရွက်နိုင်ခြင်းဖြစ်ပါ တယ်။ ဒါ့အပြင် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ တစ်ရပ်ကို အမေရိကန်ဒေါ်လာ သန်း ၃၀၀ နဲ့ တည်ထောင်ထားရှိပါတယ်။ ဒီရန်ပုံငွေကို တရုတ်နိုင်ငံတစ်နိုင်ငံ တည်းက မတည်ထူထောင်ထားတာ ဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံတွေကတင်ပြလာတဲ့ အသေးစားနဲ့အလတ်စား စီမံကိန်းတွေ အကောင်အထည်ဖော်ရာမှာ အသုံးပြုပါ တယ်။ ဒီအချက်တွေဟာ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအနေနဲ့ လက်ရှိအချိန်မှာရရှိနေတဲ့ အရည်အသွေး ပိုင်းဆိုင်ရာအညွှန်းကိန်း (Qualitative Index)တွေ ဖြစ်ပါတယ်။
နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု တွေရဲ့ လုပ်ငန်းအောင်မြင်မှုကိုတိုင်းတာ နိုင်တဲ့ အခြားအချက်က အရေအတွက် ပိုင်းဆိုင်ရာ အညွှန်းကိန်းဖြစ်ပါတယ်။ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ဟာ ခြောက်နှစ်တာ အချိန်တိုကာလ အတွင်း အဖွဲ့ဝင်နိုင်ငံ ခြောက်နိုင်ငံမှာ စီမံကိန်းပေါင်း ၅၄၅ ခုကို အကောင် အထည်ဖော်နိုင်ခဲ့ပါတယ်။ ဒီကိန်းဂဏန်း တွေဟာ ဒေသတွင်းမှာရှိတဲ့ ဘယ် ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်ကမှ လိုက်လို့မမီတဲ့အချက်တွေ ဖြစ်ပါ
တယ်။
မြန်မာနိုင်ငံဟာ ၂၀၁၇ ခုနှစ်ကစလို့ ယနေ့အထိ မဲခေါင်-လန်ချန်းပူးပေါင်း ဆောင်ရွက်မှု အထူးရန်ပုံငွေအောက်က အမေရိကန်ဒေါ်လာ ၂၂ ဒသမ ၄ သန်း တန်ဖိုးရှိ စီမံကိန်း စုစုပေါင်း ၇၃ ခု ရရှိ အကောင်အထည်ဖော်လျက်ရှိပါတယ်။ ထင်ရှားတဲ့ စီမံကိန်းတစ်ခုပြပါဆိုရင် ၂၀၂၁ ခုနှစ်မှာ ကျန်းမာရေးဝန်ကြီးဌာန ကရရှိခဲ့တဲ့ “ဇီဝလုံခြုံမှု အဆင့်(၃)ရှိတဲ့ ဓာတ်ခွဲခန်း ( Bio safety Level-3 Laboratory project)” တည်ဆောက်ရေး စီမံကိန်းဖြစ်ပါတယ်။ အမေရိကန် ဒေါ်လာ ၄ ဒသမ ၅ သန်းခန့်တန်ဖိုးရှိတဲ့ ဒီဓာတ်ခွဲခန်းကြီး တည်ဆောက်ပြီးစီး ရင် မြန်မာနိုင်ငံမှာ မှီတင်းနေထိုင်ကြ တဲ့ တိုင်းရင်းသားပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှုတွေ ပိုမို ပေးအပ်သွားနိုင်မှာဖြစ်ပါတယ်။
မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု ဘာလို့အခုလိုအောင်မြင်ခဲ့သလဲ
အကျိုးတရားတိုင်းရဲ့နောက်ကွယ် မှာ အကြောင်းတရားတွေရှိပါတယ်။ အောင်မြင်မှုဆိုတာ မှန်ကန်တဲ့ကြိုးပမ်း ဆောင်ရွက်မှုမရှိဘဲ မရနိုင်ပါဘူး။ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု ကို အချိန်တိုအတွင်း အောင်မြင်အောင် ဆောင်ရွက်ပေးခဲ့တဲ့ အဓိကအချက်ကြီး တွေရှိပါတယ်။
မူဝါဒ(၇)ရပ်
ပထမအချက်က လုပ်ငန်းစဉ်အပေါ် အဖွဲ့ဝင်နိုင်ငံတွေရဲ့ ယုံကြည်မှုပါ။ ၂၀၁၆ ခုနှစ် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစဉ် စတင်တည်ထောင်စဉ် မှာ ပူးပေါင်းဆောင်ရွက် မှုလုပ်ငန်းတွေမှာ အခြေခံရမယ့် မူဝါဒ(၇)ရပ်ကို ချမှတ်ခဲ့ ပါတယ်။ ဒီမူဝါဒတွေကို ၂၀၁၆ ခုနှစ် မတ်လ ၂၃ ရက်နေ့မှာ ကျင်းပတဲ့ ပထမ အကြိမ် မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု နိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေးက ထုတ်ပြန်တဲ့ “ဆန်းယ ကြေညာစာတမ်း” မှာ အတိအလင်း ဖော်ပြသတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ ယင်းမူဝါဒတွေကတော့ တူညီဆန္ဒ (Consensus)၊ ညီတူညီမျှရှိမှု (Equality)၊ အပြန်အလှန် ညှိနှိုင်းဆောင်ရွက်မှု (mutual consultation and coordination)၊ မိမိဆန္ဒအလျောက် ပါဝင်မှု (Voluntarism)၊ စုပေါင်းပါဝင် ဆောင်ရွက်မှု (Common contribution)၊ အကျိုးအမြတ်များ မျှဝေခံစားမှု (Shared benefits)၊ ကုလသမဂ္ဂပဋိညာဉ်စာတမ်း နှင့် နိုင်ငံတကာဥပဒေများကို လေးစားမှု (Respect for the United Nations Charter and international laws) တို့ပဲဖြစ်ကြပါတယ်။ ဒီမူဝါဒတွေဟာ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ် အောင်မြင်မှုအတွက် အလွန်အရေးပါ ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပူးပေါင်း ဆောင်ရွက်မှုလုပ်ငန်းစဉ်အပေါ် အဖွဲ့ဝင် နိုင်ငံတွေရဲ့ ယုံကြည်မှုရရှိအောင် ဒီမူဝါဒ တွေက ထိန်းကျောင်းဆောင်ရွက်ပေးနေလို့ဖြစ်ပါတယ်။
ဒီမူဝါဒတွေကို သေသေချာချာ သုံးသပ်ကြည့်မယ်ဆိုရင် အဖွဲ့ဝင်နိုင်ငံ တွေရဲ့ အချုပ်အခြာအာဏာကို အပြည့် အဝလေးစားတဲ့အပြင် အဖွဲ့ဝင်နိုင်ငံ တွေကို အချုပ်အခြာအာဏာပိုင်နိုင်ငံ ပီသစွာ လွတ်လပ်စွာဆုံးဖြတ်ပိုင်ခွင့် အပြည့်အဝ ပေးထားတာကိုလည်း တွေ့မြင်ရမှာဖြစ်ပါတယ်။
နောက်အချက်တစ်ခုက မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုမှာ အဖွဲ့ဝင်နိုင်ငံ ခြောက်နိုင်ငံလုံးရဲ့ တူညီ ဆန္ဒ (consensus)မပါဘဲ ဘယ်လို ဆုံးဖြတ်ချက်ကိုမှမချပါဘူး။ ဒါဟာ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုမှာ သိပ်ကိုအရေးကြီးပြီး အလွန်လက်တွေ့ကျတဲ့မူဝါဒဖြစ်ပါတယ်။ ဥပမာပြောရရင် လုပ်ငန်းတစ်ခုဟာ အချို့သောနိုင်ငံတွေအတွက်အဆင်ပြေပြီး အချို့သောနိုင်ငံ တွေအတွက် အဆင်မပြေတဲ့အခြေအနေ မျိုးဟာ နိုင်ငံတကာပူးပေါင်းဆောင်ရွက် မှုမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အခြေအနေ တစ်ရပ်ဖြစ်ပါတယ်။ ဒီနေရာမှာ အရေးကြီးတာက ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်အနေနဲ့ ဘယ်လိုကိုင်တွယ် ဆောင်ရွက်လဲဆိုတာ ဖြစ်ပါတယ်။ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု မှာ အဖွဲ့ဝင်နိုင်ငံ ခြောက်နိုင်ငံအနက် တစ်နိုင်ငံသဘောမတူရင် အဲဒီလုပ်ငန်း ကို မဆောင်ရွက်ပါဘူး၊ အဲဒီဆုံးဖြတ်ချက် ကို မချမှတ်ပါဘူး။ သဘောမတူတဲ့ နိုင်ငံကိုလည်း အုပ်စုဖွဲ့အနိုင်ကျင့်တာ၊ ဖိအားပေးတာတွေမရှိပါဘူး။
ဒီလိုမဖြစ်အောင် အထက်မှာ တင်ပြခဲ့တဲ့ မူဝါဒ(၇)ရပ်က ထိန်းသိမ်းထားပါတယ်။
ဒါ့အပြင် လက်တွေ့ပူးပေါင်း ဆောင်ရွက်မှုလုပ်ငန်းတွေ ဆောင်ရွက် ရာမှာ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ပြည်တွင်း ဥပဒေတွေကို လေးစားလိုက်နာရမယ် ဆိုတဲ့အချက်ကိုလည်း အလေးထား ထည့်သွင်း ဆောင်ရွက်လာခဲ့ပါတယ်။ ဒီအချက်ဟာ မဲခေါင်-လန်ချန်းပူးပေါင်း ဆောင်ရွက်မှုကို နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုအသိုင်းအဝိုင်းမှာ တစ်မူ ထူးခြားစေတဲ့အချက်လည်းဖြစ်ပါတယ်။
နောက်တစ်ချက်က ညီတူညီမျှရှိမှု (Equality)ပါ။ မဲခေါင်-လန်ချန်းပူးပေါင်း ဆောင်ရွက်မှုရဲ့ အဖွဲ့ဝင်နိုင်ငံတွေကို ကြည့်လိုက်ရင် တစ်နိုင်ငံချင်းစီရဲ့ နိုင်ငံ ရေး၊ စီးပွားရေး၊ စစ်ရေးအင်အားတွေ ကွဲပြားတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒါပေမဲ့ မဲခေါင်-လန်ချန်းပူးပေါင်း ဆောင်ရွက်မှု လုပ်ငန်းစဉ်အောက်မှာ တော့ အဖွဲ့ဝင်နိုင်ငံတွေအားလုံးက တန်းတူပါပဲ။ များသောအားဖြင့် ဒီလို နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်တွေမှာ ရန်ပုံငွေထောက်ပံ့ တဲ့နိုင်ငံက သူတို့ဆန္ဒကိုပဲ ဦးစားပေးပြီး ဆောင်ရွက်တာ၊ ရန်ပုံငွေထောက်ပံ့တဲ့ နိုင်ငံရဲ့ဆုံးဖြတ်ချက်ကို အသားပေးတဲ့ စည်းမျဉ်းတွေရေးဆွဲတာဟာ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးအသိုင်းအဝိုင်းမှာပြုလုပ်လေ့ရှိတဲ့ကိစ္စရပ်တွေ ဖြစ်ပါ တယ်။ ဒါပေမဲ့ မဲခေါင်-လန်ချန်းပူးပေါင်း ဆောင်ရွက်မှုမှာ ဒီလိုမရှိပါဘူး။ ရန်ပုံငွေ အဓိကထောက်ပံ့တဲ့ တရုတ်နိုင်ငံက လုပ်ငန်းတစ်ခု လုပ်ချင်တယ်ဆိုရင် အဖွဲ့ဝင်နိုင်ငံတွေကို ဦးစွာတိုင်ပင်ပါ တယ်၊ သဘောထားမှတ်ချက်တောင်းခံ ပါတယ်။ အဖွဲ့ဝင်နိုင်ငံ ခြောက်နိုင်ငံလုံး ရဲ့ တူညီဆန္ဒ(Consensus)ရမှ၊ တစ်နည်းအားဖြင့် အဖွဲ့ဝင်နိုင်ငံတွေ အားလုံးသဘောတူမှ လုပ်ငန်းကို ဆောင်ရွက်ပါတယ်။
ဒီနေရာမှာ တင်ပြလိုတာက စည်းမျဉ်းတွေ ဘယ်လောက်ပဲရှိရှိ လိုက်နာလိုတဲ့စိတ်ရှိမှ၊ အလေးထားမှ ဒီစည်းမျဉ်းတွေဟာ တန်ဖိုးရှိတာပါ။ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းတွေဆောင်ရွက်ရာမှာ အဖွဲ့ဝင် နိုင်ငံတွေ သဘောထားကွဲလွဲတာ ရှောင်လွှဲလို့မရတဲ့ သဘာဝတစ်ခုဖြစ်ပါ တယ်။ ဒီလိုအခြေအနေမှာ အထူးသဖြင့် အချို့သောအင်အားကြီးတဲ့နိုင်ငံကြီးတွေ က သူတို့လုပ်လိုတဲ့ကိစ္စကို သဘောမတူ တဲ့ နိုင်ငံငယ်တွေကို ပညာသားပါပါ နောက်ကွယ်က ဖိအားပေးတာ၊ အခြား နိုင်ငံတွေကို စည်းရုံးအုပ်စုဖွဲ့စေပြီး ဖိအားပေးအကျပ်ကိုင်တာတွေကလည်း နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်မှာ မဆန်းတဲ့ဖြစ်ရပ်တွေ ဖြစ်ပါတယ်။ ဒါပေမဲ့ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုမှာ ဒီလိုဖြစ်စဉ်မျိုး မရှိပါဘူး။ နိုင်ငံကြီးဖြစ်လို့ အဖွဲ့ဝင် နိုင်ငံတွေကို နည်းမျိုးစုံနဲ့ဖိအားပေးပြီး အောင်မြင်အောင် ဆောင်ရွက်နိုင်တဲ့ အခြေအနေတွေရှိပေမယ့်လည်း အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံက သဘောမတူတဲ့ကိစ္စကို ဆက်မလုပ်ဘဲ သဘောထားကြီးစွာ အလျှော့ပေးဆောင်ရွက်ခဲ့တဲ့ သာဓက များစွာရှိခဲ့ပါတယ်။ ဒါဟာ လူကြီး လူကောင်းပီသမှု (Gentlemanship) ဖြစ်ပါတယ်။ လူကြီးလူကောင်းပီသမှု ဆိုတဲ့အချက်ဟာ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုရဲ့ တရားဝင် စည်းမျဉ်းတွေထဲမှာမပါပါဘူး။ ဒါပေမဲ့ပူးပေါင်းဆောင်ရွက်မှုရဲ့ အဆင့်တိုင်း မှာ လူကြီးလူကောင်းပီသမှု (Gentlemanship) ရှိနေတယ်ဆိုတာ အဖွဲ့ဝင်နိုင်ငံတွေအားလုံးက သိနေပါ တယ်၊ ယုံကြည်နေကြပါတယ်။ ဒီယုံကြည်ချက်ဟာ လက်တွေ့ပူးပေါင်း ဆောင်ရွက်မှုလုပ်ငန်းတွေ ဆောင်ရွက်ရာ မှာ များစွာအရေးပါတာကိုတွေ့ရှိရပါ တယ်။ ဒီလို ယုံကြည်ချက်တွေနဲ့ ဆောင်ရွက်ခဲ့ကြလို့လည်း မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုဟာ ဒီနေ့ ဒီအချိန်မှာ အောင်မြင်မှုအရှိန်အဟုန် အမြင့်မားဆုံး ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစဉ်အဖြစ်နဲ့ ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။
နိဂုံး
မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှုဟာ စတင်တည်ထောင်ခဲ့တဲ့ ခြောက်နှစ်ကျော်ကာလအတွင်း အခြေခံ အုတ်မြစ်ကောင်းတွေ ချမှတ်နိုင်ခဲ့ပြီး ပူးပေါင်းဆောင်ရွက်မှု ဧရိယာတွေကို အရှိန်အဟုန်နဲ့ တိုးချဲ့နိုင်ခဲ့ပါတယ်။ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက် မှုဟာ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ဖွံ့ဖြိုးတိုးတက် မှု အရှိန်အဟုန်ကို တိုးမြှင့်ထိန်းသိမ်းနိုင် ရေးအတွက် အရင်းအမြစ်တစ်ခုလည်း ဖြစ်လာခဲ့ပါတယ်။
ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုနဲ့ သာယာဝပြောရေးတို့အတွက် တူညီဆန္ဒ ပေါင်းစပ်နိုင်ခဲ့ခြင်း၊ အိမ်နီးချင်းကောင်း စိတ်ဓာတ်ကို မြှင့်တင်ထိန်းသိမ်း လိုက်နာခြင်း၊ ယဉ်ကျေးမှုနဲ့ ပြည်သူ အချင်းချင်းရင်းနှီးကျွမ်းဝင်မှုတွေ တိုးမြှင့် နိုင်ခဲ့ခြင်း၊ အဖွဲ့ဝင်နိုင်ငံတွေက ဆောင်ရွက်နေတဲ့ ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဉ်တွေကို အထောက်အကူပြု နိုင်ခဲ့ခြင်းတို့ဟာ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုရဲ့ ခြောက်နှစ်တာ ကာလအတွင်း မျက်ဝါးထင်ထင်တွေ့မြင် ရတဲ့ ရလဒ်ကောင်းတွေပဲ ဖြစ်ပါတယ်။
မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှုဟာ ဆန်းယကြေညာ စာတမ်းမှာ ပြဋ္ဌာန်းထားတဲ့ အခြေခံမူတွေ နဲ့ထိန်းသိမ်းထားတဲ့ စည်းလုံးညီညွတ်မှု၊ ပြင်းပြတဲ့ မဲခေါင်-လန်ချန်းစိတ်ဓာတ်တွေ ကို အခြေခံကာ မဲခေါင်-လန်ချန်းဒေသကို ငြိမ်းချမ်းသာယာဝပြောပြီး စဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်တဲ့အနာဂတ် ပိုင်ဆိုင်စေဖို့ စုပေါင်းအင်အားနဲ့ ဆက်လက် ပုံဖော်ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ယုံကြည်ပါကြောင်းတင်ပြ ရင်း ၂၀၂၂ ခုနှစ် မတ်လ ၂၃ ရက်နေ့မှာ ကျရောက်တဲ့ မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု ခြောက်နှစ်မြောက် နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုအပ်ပါ
တယ်။ ။
- Log in to post comments