
ပေါ်တူဂီခံစစ်ကစားသမား ရူဘင် ဒီယက်စ်သည် မန်စီးတီးအသင်း၌ ၂၀၂၇ ခုနှစ်အထိ ရှိမည်ဖြစ်သော သက်တမ်းတိုးစာချုပ်တစ်ရပ်ကို ချုပ်ဆို လိုက်ပြီဖြစ်ကြောင်း သတင်းများတွင် ဖော်ပြထားသည်။ အသက် ၂၄ နှစ် အရွယ်ရှိ ပေါ်တူဂီကစားသမား ဒီယက်စ် သည် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလတွင် ပေါင် ၆၅ သန်းနှင့်အတူ ခြောက်နှစ် စာချုပ်ဖြင့် ဘင်ဖီကာအသင်းမှ မန်စီး တီးအသင်းသို့ ပြောင်းရွှေ့ရောက်ရှိ လာသူဖြစ်သည်။
၎င်း ပြောင်းရွှေ့ရောက်ရှိလာပြီး နောက် မန်စီးတီးအသင်းကို ၂၀၂၀-၂၀၂၁ ခုနှစ်တွင် ပရီမီယာလိဂ်ဖလား နှင့် ကာရာဘောင်ဖလားတို့ကို ရရှိ အောင် ကူညီပေးထားနိုင်သည်။ ထို့အပြင် ဒီယက်စ်သည် မန်စီးတီး အသင်းကို ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့ အသင်းသမိုင်းတစ်လျှောက် ပထမဆုံး အကြိမ် ရောက်ရှိအောင်လည်း ကူညီ ပေးထားသူဖြစ်သည်။ ထို့ကြောင့် ဒီယက်စ်သည် ပြီးခဲ့သည့်နှစ်တွင် အားကစားကလောင်ရှင်များ အဖွဲ့ အစည်းမှ ချီးမြှင့်သည့် တစ်နှစ်တာ အကောင်းဆုံး အမျိုးသားဘောလုံး ကစားသမားဆုကို ရရှိခဲ့သူဖြစ်သည်။ ထို့အပြင် ဒီယက်စ်သည် ပြီးခဲ့သည့် နှစ်တွင် ပရီမီယာလိဂ်တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကိုလည်း ရရှိထားသူဖြစ်သည်။
ဒီယက်စ်သည် ပြီးခဲ့သည့်နှစ်က မန်စီးတီးအသင်းအတွက် ပြိုင်ပွဲ အရပ်ရပ် ပွဲ ၅၀ အထိ ပါဝင်ကစားခွင့် ရရှိထားသည့် ကစားသမားတစ်ဦးဖြစ် သည်။
ယခုနှစ်တွင်လည်း လက်ရှိအချိန်အထိ ပြိုင်ပွဲစုံ လေးပွဲ ပါဝင်ကစားထားပြီးဖြစ်သည်။
မန်စီးတီးအသင်းသည် ယခုနှစ်ရာသီ ပရီမီယာလိဂ် ပွဲစဉ် (၃) ယှဉ်ပြိုင်ကစားအပြီး တွင် စပါးအသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့် ထားပြီး နော့ဝှစ်ချ်အသင်းကို ငါးဂိုး-ဂိုးမရှိ၊ နာမည်ကြီး အာဆင်နယ်အသင်းကို ငါးဂိုး-ဂိုး မရှိဖြင့် အနိုင်ရရှိထားသည့်အတွက် သုံးပွဲ ကစား တစ်ပွဲရှုံး၊ နှစ်ပွဲနိုင် ရမှတ်ခြောက်မှတ် ဖြင့် အမှတ်ပေးဇယား အဆင့် (၇) နေရာတွင် ရပ်တည်နေသည်။ လာမည့် ပွဲစဉ်အဖြစ် မန်စီးတီး အသင်းသည် စက်တင်ဘာ ၁၁ ရက်တွင် ကစားရခက်ခဲသည့် လက်စတာ အသင်းနှင့် ရင်ဆိုင် ကစားရမည် ဖြစ်သည်။ အောင်ဇော်