ခြင်ကြောင့် ဖြစ်ပွားတတ်သောရောဂါ သတိပြုပါ

Type
7

 

အောင်ထက်လင်း (ကြိမ်ချောင်း)

ကမ္ဘာပေါ်တွင် တိရစ္ဆာန်များမှတစ်ဆင့် ကူးစက်သောရောဂါများအနက် ခြင်ကြောင့်ဖြစ်ပွားရသော ရောဂါများသည် လူသားများနှင့် သဘာဝပတ်ဝန်းကျင်အပေါ် ကြီးမားသောသက်ရောက်မှုကို ဖြစ်ပေါ်စေလျက် ရှိသည်။ ခြင်မှတစ်ဆင့်ဖြစ်ပွားသော ကူးစက်ရောဂါများကြောင့် နှစ်စဉ်လူပေါင်းသန်းနှင့်ချီ၍ ရောဂါဝေဒနာခံစားကြရပြီး လူအများအပြားကို သေဆုံးစေလျက်ရှိသည်။ ထို့ကြောင့် ယနေ့ကာလတွင် နိုင်ငံများ အနေဖြင့် ခြင်နှိမ်နင်းရေးလုပ်ငန်းကို အလေးထားလုပ်ဆောင်နေကြရသည်။

ခြင်အမျိုးအစား သုံးမျိုး
မှတ်တမ်းများအရ  ကမ္ဘာပေါ်တွင် ခြင်မျိုးစိတ် ပေါင်း ၃ဝဝဝ  ကျော်ရှိကြောင်း သိရသည်။ မြန်မာ နိုင်ငံတွင် အေးဒီးစ်ခေါ်  ခြင်ကျားကြောင့်ဖြစ်သော သွေးလွန်တုပ်ကွေးရောဂါ၊  အနောဖလိခြင်ကြောင့် ဖြစ်သော   ငှက်ဖျားရောဂါ၊    ကျူးလက်ခြင်ကြောင့် ဖြစ်သော ဆင်ခြေထောက်ရောဂါနှင့် ဂျပန်ဦးနှောက် ရောင်ရောဂါတို့       ဖြစ်ပွားလေ့ရှိသည်။    အာရှ၊ အာဖရိက၊ ဥရောပနှင့်  အမေရိကတိုက်တို့ရှိ နိုင်ငံ ပေါင်း  ၆ဝ ကျော်တွင် ဖြစ်ပွားလေ့ရှိသော ချီကန် ဂန်ညာ  ခေါ် ဆင်တုပ်ကွေးရောဂါသည် ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပွားပြီး       ခြင်ကျားအကိုက်ခံရရာမှ တစ်ဆင့် ကူးစက်သော ရောဂါတစ်မျိုးဖြစ်ကြောင်း သိရသည်။
ငှက်ဖျားရောဂါ
အနောဖလိခြင်သည်        ငှက်ဖျားရောဂါကို ဖြစ်ပွားစေသဖြင့်     လူအသေအပျောက်အများဆုံး ဖြစ်စေသော   တိရစ္ဆာန်အဖြစ်    ဂင်းနစ်ကမ္ဘာ့စံချိန် မှတ်တမ်းစာအုပ်တွင်      ဖော်ပြခံရသည်။    ကမ္ဘာ့ ကျန်းမာရေးအဖွဲ့   WHO  ၏   ထုတ်ပြန်ချက်အရ ကမ္ဘာ့လူဦးရေ၏    ထက်ဝက်နီးပါးသည်    ငှက်ဖျား ရောဂါဖြစ်နိုင်ခြေရှိပြီး ၂၀၂၁ ခုနှစ် တစ်နှစ်တည်းတွင် ကမ္ဘာတစ်ဝန်း ငှက်ဖျားရောဂါဖြစ်ပွားသူ ၂၄၇ သန်း ခန့်ရှိခဲ့သည်။    ငှက်ဖျားရောဂါကြောင့်     သေဆုံးမှု အရေအတွက်သည်  ၂၀၂၁ ခုနှစ်တွင် ၆၁၉ဝဝဝ ရှိခဲ့ သည်။    အာဖရိကဒေသသည်      ငှက်ဖျားရောဂါ ဖြစ်ပွားမှုအများဆုံးဖြစ်သည်။ လက်ရှိကြုံတွေ့နေရ သော  ကမ္ဘာကြီးပူနွေးမှုနှင့်   ရာသီဥတုပြောင်းလဲမှု တို့သည် ငှက်ဖျားရောဂါကို ပိုမိုကျယ်ပြန့်စေသဖြင့် ၂ဝ၃ဝ    ပြည့်နှစ်နှင့်     ၂ဝ၅ဝ     ပြည့်နှစ်အကြားတွင် ငှက်ဖျားရောဂါကြောင့်       သေဆုံးမှုပိုများလာနိုင် ကြောင်း WHO က ခန့်မှန်းထားသည်။
ငှက်ဖျားရောဂါသည်  ယနေ့ကာလတွင် မြန်မာ နိုင်ငံအပါအဝင်       အရှေ့တောင်အာရှနိုင်ငံများ၌ သာမက ကမ္ဘာတစ်ဝန်း ပြန်လည်ခေါင်းထောင်လာ သော ကျန်းမာရေးပြဿနာတစ်ရပ် ဖြစ်လာသည်။ ရာသီဥတုပြောင်းလဲခြင်း၊ ခရီးသွားလာမှု များပြား လာခြင်း၊ ဆေးယဉ်ပါးသော  ငှက်ဖျားပိုးများ  ပျံ့နှံ့ လာခြင်း၊    ငှက်ဖျားဆေးဝါးအတုများနှင့်    အရည် အသွေးမပြည့်မီသောဆေးဝါးများကို     အသုံးပြုမိ ခြင်း၊ ငှက်ဖျားခြင်များ အလေ့အထပြောင်းလဲလာ ခြင်းတို့သည် ငှက်ဖျားရောဂါကို ခေါင်းမော့လာစေ သော အချက်များဖြစ်သည်။
သွေးလွန်တုပ်ကွေးဖြစ်ပွားနှုန်း
ကမ္ဘာတစ်ဝန်း မြင့်တက်
သွေးလွန်တုပ်ကွေးသည် ခြင်မှတစ်ဆင့်ဖြစ်ပွား သော     ရောဂါများအနက်     ဖြစ်ပွားမှုအများဆုံး ဖြစ်သည်။    နိုင်ငံပေါင်း  ၁၂၉  နိုင်ငံတွင်   နှစ်စဉ် ဖြစ်ပွားသူ ၉၆ သန်းခန့် နှင့် သေဆုံးသူ ၄ဝဝဝဝ ခန့်ရှိသည်။ မိုးရာသီကာလတွင် ခြင်ကြောင့် ဖြစ်ပွား ရသည့်  သွေးလွန်တုပ်ကွေးရောဂါကို   သတိပြုကြ ရတော့မည်ဖြစ်သည်။ WHO ၏ မှတ်တမ်းများအရ ကမ္ဘာတစ်ဝန်း  သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွား နှုန်းသည် ၂ဝဝဝ ပြည့်နှစ်မှစ၍ မြင့်တက်လာခဲ့သည်။ ၂ဝဝဝ ပြည့်နှစ်တွင် ရောဂါဖြစ်ပွားမှု ငါးသိန်းကျော် ခန့်သာရှိခဲ့သော်လည်း ၂၀၁၉ ခုနှစ်တွင် နိုင်ငံပေါင်း ၁၂၉ နိုင်ငံခန့်၌ ဖြစ်ပွားမှု ၅ ဒသမ ၂ သန်းအထိ ရှိခဲ့သည်။  ၂၀၂၃  ခုနှစ်တွင်  လူပေါင်း  ၆ ဒသမ ၅ သန်းကျော်  ကူးစက်ခံရပြီး  နိုင်ငံပေါင်း  ၈ဝ ကျော် တွင် လူပေါင်း ၇၃ဝဝ ကျော်အထိ သေဆုံးခဲ့သဖြင့် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု  အမြင့်ဆုံးစံချိန် အဖြစ် မှတ်တမ်းဝင်ခဲ့သည်။
သွေးလွန်တုပ်ကွေးရောဂါသည် အေးဒီးစ် ခေါ် ခြင်ကျားအကိုက်ခံရမှုကြောင့်      ဖြစ်ပွားရခြင်း ဖြစ်သည်။ ခြင်ကျားသည် နေ့အချိန်တွင် ကိုက်လေ့ ရှိသည်။  ၎င်းသည် ရေကြည်ရေသန့်တွင် ပေါက်ပွား လေ့ရှိသည်။ သောက်ရေအိုးများ၊  ပုံးများ၊ ကြောင် အိမ် အောက်ခံခွက်၊ အုတ်ကန်၊ ရေစည်၊ ရေကန်များ၊ ပန်းအိုးအောက်ခံများ   စသည်ဖြင့်    ရေရှိသည့် နေရာများတွင်   ခြင်ဥများဥချကာ    ခြင်ပေါက်ပွား ကြသည်။
သွေးလွန်တုပ်ကွေးကြောင့် သေဆုံးရမှု
ရောဂါလက္ခဏာများအဖြစ်     နှစ်ရက်မှ    ခုနစ် ရက်ခန့် အပြင်းဖျားခြင်း၊ ဗိုက်နာခြင်း၊ ပျို့အန်ခြင်း၊ ကိုယ်ပေါ်တွင်   အနီစက်များထွက်ခြင်း  စသည်တို့ ဖြစ်တတ်သည်။     သွေးလွန်တုပ်ကွေးရောဂါသည် ထိရောက်သော   ကာကွယ်ဆေးများမရှိသေးခြင်း၊ ကုသရန်  ဗိုင်းရပ်စ်ပိုးသတ်ဆေးများ မရှိသေးခြင်း စသည့်အခြေအနေအရပ်ရပ်တို့ကြောင့်      ခြင် အန္တရာယ်     ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို အလေးထားလုပ်ဆောင်နိုင်မှသာ သွေးလွန်တုပ်ကွေး ကြောင့် သေဆုံးရမှုကို လျှော့ချနိုင်မည်ဖြစ်သည်။
ဒေသတွင်းနိုင်ငံများအနက်  မြန်မာနိုင်ငံ  အပါ အဝင်  အိန္ဒိယ၊  အင်ဒိုနီးရှား၊ သီရိလင်္ကာ၊ ဘင်္ဂလား ဒေ့ရှ်နှင့်    ထိုင်းနိုင်ငံတို့၌     အများဆုံးဖြစ်ပွားလေ့ ရှိသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ၂၀၂၃ ခုနှစ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ      ပြင်းပြင်းထန်ထန် ခံစားခဲ့ရသဖြင့် လူပေါင်းတစ်ထောင်ကျော် သေဆုံး ခဲ့ရသည်။    မှတ်တမ်းများအရ    မြန်မာနိုင်ငံတွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုသည်     ၂ဝ၂ဝ ပြည့်နှစ်တွင်  ရောဂါဖြစ်ပွားသူ ၁၅၁၃၁ ဦး၊ သေဆုံး သူ ၆၈ ဦး၊  ၂ဝ၂၁ ခုနှစ်တွင် ဖြစ်ပွားသူ ၅၄၄၆ ဦး၊ သေဆုံးသူ   ၆၈  ဦး၊  ၂ဝ၂၂  ခုနှစ်တွင် ဖြစ်ပွားသူ ၂၄၉၇၁  ဦး၊  သေဆုံးသူ   ၉၇  ဦးရှိခဲ့သည်။ နှစ်စဉ် ပျမ်းမျှသေဆုံးမှုအနေဖြင့် သုည ဒသမ ၄ ရာခိုင်နှုန်း ခန့်သာရှိ၍ ဒေသတွင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက သေဆုံးမှုနှုန်းနိမ့်ကျသည့် နိုင်ငံဖြစ်သည်။ သွေးလွန် တုပ်ကွေးရောဂါသည် အသက်အရွယ်မရွေး ဖြစ်ပွား နိုင်သော်လည်း       မူကြိုအရွယ်ကလေးများနှင့် မူလတန်းအရွယ် အသက်ငါးနှစ်မှ ကိုးနှစ်အတွင်း ကလေးများသည်       ရောဂါဖြစ်ပွားမှု    အများဆုံး ဖြစ်သည်။
အေးဒီးစ်ခြင်သည် နံနက်၊ နေ့လယ်နှင့် ညနေ  စောင်းအချိန်များတွင်  ကိုက်လေ့ရှိသည်။ တစ်ကြိမ် ကိုက်လျှင်    ငါးယောက်မှ   အယောက်  ၂ဝ   အထိ ဆက်တိုက်ကိုက်နိုင်ပြီး  ကိုက် ၁ဝဝ အတွင်း ပျံသန်း နိုင်သည်။ ထိုခြင်မသည် လူကိုကိုက်လိုက်သောအခါ ဗိုင်းရပ်စ်များသည် အရေပြားထဲသို့ ခြင်၏တံတွေး နှင့်အတူ ဝင်ရောက်သွားသည်။ ထို့နောက် သွေးဖြူ ဥများအတွင်းသို့ ထိုးဖောက်ပေါင်းစပ်ပြီး ခန္ဓာကိုယ် အနှံ့ ရွေ့လျားသွားသည်။ ယင်းသွေးဖြူဥများသည် အချက်ပြပရိုတင်းများထုတ်ခြင်းဖြင့်  အဖျားတက် ခြင်း၊   တုပ်ကွေးကဲ့သို့   လက္ခဏာများပြခြင်းနှင့် အပြင်းအထန်ကိုက်ခဲမှုများ      ဖြစ်ပေါ်စေသည်။ ဆိုးရွားသော ဝမ်းဗိုက်အောင့်ခြင်း၊ မူးဝေအော့အန် ခြင်း၊ အသည်းကြီးခြင်း၊ နှာခေါင်း၊ သွားဖုံး အရေပြား တို့အောက်မှ    သွေးယိုစိမ့်ခြင်း၊     အစက်အပြောက် ထွက်ခြင်း၊    မှိန်းနေခြင်း   သို့မဟုတ်   ဂနာမငြိမ် ဖြစ်ခြင်းတို့သည် သတိပြုရမည့်အခြေအနေများ ဖြစ်သည်။  သွေးထွက်လွန်သည့် သွေးလွန်တုပ်ကွေး ရောဂါသည် ပြင်းထန်ပြီး အသက်သေစေနိုင်သည်။
ငါးနှစ်မှ   ၁၅     နှစ်အရွယ်အတွင်း    သွေးလွန် တုပ်ကွေးရောဂါဖြစ်ပွားတတ်ကြောင်း      တွေ့ရှိ ခဲ့သော်လည်း ယခုအခါ သက်ကြီးအရွယ်များတွင်ပါ ဖြစ်ပွားတတ်ကြောင်း     တွေ့ရှိရသည်။  သက်ကြီး အရွယ်တွင်   သွေးလွန်တုပ်ကွေး  ရောဂါကူးစက် ဖြစ်ပွားလျှင် ပိုမိုပြင်းထန်တတ်သည်။
သွေးလွန်တုပ်ကွေးရောဂါ လက္ခဏာများ
ရောဂါခံစားနေရသူသည်  နှစ်ရက်မှ  ခုနစ်ရက် အတွင်း အပူချိန်ပြင်းပြီး   သတိမေ့နိုင်သည်အထိ အဖျားတက်ခြင်း၊       ကိုယ်ပေါ်တွင်    သွေးအစက် အပြောက်များ ပေါ်လာပြီး ပါးစပ်၊  နှာခေါင်းတို့မှ သွေးစများ  ယိုစိမ့်လာခြင်း၊ ခေါင်းအလွန်ကိုက်ပြီး ဗိုက်အောင့်ခြင်း၊  တစ်ကိုယ်လုံး ပူလိုက်အေးလိုက် ဖြစ်ခြင်း၊ ခြေဖျားလက်ဖျားများအေးပြီး သွေးပေါင် ချိန် တက်လာခြင်း၊  အစာများပြန်အန်ပြီး ကယောင် ကတမ်းပြောဆိုအော်ဟစ်ခြင်းများ  ရှိနိုင်သည်။
ကလေးများ ဖျားပြီး မှိန်းလွန်းလျှင်၊ ခြေသလုံး အေးစက်လျှင်၊ အစားအသောက် အရည်မဝင်လျှင်၊ ဆက်တိုက်အန်ပြီး  ကော်ဖီနှစ်ရောင် အမည်းရောင် အန်လျှင်၊    ဝမ်းအမည်းရောင်ပျစ်ပျစ်သွားပြီး ဝမ်းဗိုက်နာလျှင်၊  အဖျားကျသော်လည်း ကလေးမှိန်း သွားလျှင်   ဆေးရုံသို့  အမြန်သွားရောက်    ကုသမှု ခံယူသင့်သည်။
ခြင်ကြောင့်ဖြစ်သောရောဂါများ ကာကွယ်ရေး
လူတစ်ဦးချင်းအနေဖြင့် အကာအကွယ်ရသော အဝတ်အစားများကို  ဝတ်ဆင်ရမည်။  ခြင်မကိုက် စေသည့် အရေပြားလိမ်းဆေးများ အသုံးပြုနိုင်သည်။ ခြင်ထောင်ထဲတွင်အိပ်သည့် အလေ့အကျင့်ရှိခြင်း၊ ပိုးသတ်ဆေးရည်စိမ်ထားသော ဆေးစိမ်ခြင်ထောင် များ အသုံးပြုခြင်း၊ ပြတင်းပေါက်၊ တံခါးပေါက်များကို ခြင်လုံဆန်ခါများ တပ်ဆင်ထားခြင်း စသည့် တစ်ဦး ချင်း ကျန်းမာရေးစောင့်ရှောက်မှုအပြင်  ပတ်ဝန်း ကျင်  သန့်ရှင်းရေးသည်လည်း  အလွန်အရေးကြီး သည်။ ခြင်များမပေါက်ပွားစေရန် နည်းအမျိုးမျိုးဖြင့် ကာကွယ်ရန်၊ အမှိုက်များကို စနစ်တကျ စွန့်ပစ်ရန် အရေးကြီးသည်။    ခြင်ကျားမရှိလျှင်     သွေးလွန် တုပ်ကွေးရောဂါ မဖြစ်ပါ။ ခြင်မဖြစ်မီ ခြင်လောက် လမ်းဘဝကပင် နှိမ်နင်းရပါမည်။
အေးဒီးစ်ခြင်       လောက်လမ်းတစ်ကောင်မှ ခြင်ကောင်ရေသန်းချီ၍      ပေါက်ပွားနိုင်သည်။ ယင်းသို့    ပြင်းထန်ဆိုးရွားလှသော       သွေးလွန် တုပ်ကွေးရောဂါကို  ကပ်ရောဂါအဖြစ်  မကူးစက်၊ မပြန့်ပွားအောင်       ခြင်ကျားရန်ကို    အချိန်မီ ကျန်းမာရေးသတိရှိရှိဖြင့်       ဝိုင်းဝန်းဟန့်တား ကာကွယ်ရမည်ဖြစ်သည်။  


သတိကြီးစွာဖြင့် ကာကွယ်သင့်
ရေစီးရေလာကောင်းစေရန်      မြောင်းဖောက် ပေးခြင်း၊   ရေထဲရှိ   ချုံနွယ်သစ်ပင်၊   ဒိုက်များကို ရှင်းလင်းခြင်း၊ သောက်ရေသုံးရေများကို စနစ်တကျ ဖုံးအုပ်ထားခြင်း၊  ပိုးလောက်လမ်းများကို စစ်ထုတ် ခြင်း၊ ရေဝပ်နေမည့်အရာများကို ဖယ်ရှားရှင်းလင်း ထားခြင်း၊ ဘုရားပန်းအိုး သောက်တော်ရေ စသည့် တို့ကို  အမြဲမပြတ် ရေလဲလှယ်ပေးခြင်းတို့ ပြုလုပ် ရန်လိုအပ်သည်။ သွေးလွန်တုပ်ကွေးလူနာရှိသည့် အိမ် သို့မဟုတ် လူနာကလေးတက်သည့်ကျောင်း၏ ပတ်ဝန်းကျင်နှင့်    ကိုက်   ၁ဝဝ    အတွင်းရှိသော အိမ်များတွင်  ခြင်ဆေးမှုတ်ပေးရပါမည်။ စက်နှင့် မှုတ်ထုတ်လိုက်သော   ပိုးသတ်ဆေးသည်    လေထဲ တွင် တစ်နာရီခန့်သာ ရှိနိုင်သည်။ ခြင်ဆေးမှုတ်ပြီး ပါက သွေးလွန်တုပ်ကွေး  ကာကွယ်ပြီးပြီဟူသော လွဲမှားသည့်    ယုံကြည်စိတ်ချမှု    မထားသင့်ပါ။ ထိရောက်မှုမရှိသော      ဆေးဖျန်းခြင်းကြောင့် ဓာတုဆေးများကို  ခြင်များက  ခံနိုင်ရည်ရှိလာပြီး ဆေးမတိုးမှုများလည်း    ရှိလာနိုင်သည်။    သုံးစွဲမှု နည်းစနစ်မမှန်ကန်ပါကလည်း      လူကို    ဥပဒ် ရောက်စေသည်။
ကမ္ဘာကြီးတွင် မည်သို့သောရောဂါများ ဖြစ်စေ ရောဂါဖြစ်ပွားမှုနှင့်ပတ်သက်သည့်  သတိပေးချက် များကို    တိကျစွာ   လိုက်နာဆောင်ရွက်နိုင်ပါက ရောဂါမှန်သမျှကို       ကြိုတင်ဟန့်တားနိုင်မည် ဖြစ်သည်။ ခြင်မှတစ်ဆင့် ဖြစ်ပွားနိုင်သော ရောဂါ များကို       ကာကွယ်ရန်အတွက်    အကောင်းဆုံး နည်းလမ်းမှာ  ခြင်အကိုက်မခံရစေရန်ဖြစ်သည်။ ရောဂါကြိုတင်ကာကွယ်ရေးနှင့်    ပတ်သက်သည့် ဆောင်ရန်၊ ရှောင်ရန်အချက်များကို အလေးထား လိုက်နာကြရန် လိုအပ်သည်။
ဒေသအနှံ့အပြားတွင် ခြင်ကျား/လောက်လမ်း ကင်းစင်ကျောင်းများ  ထူထောင်ခြင်း၊  အသိပညာ ပေးခြင်းတို့ကို   အရှိန်အဟုန်မြှင့်  လုပ်ဆောင်သင့် သည်။ ကြိုတင်ကာကွယ်မှု၊ စောစီးစွာသိရှိနိုင်မှုနှင့် သင့်လျော်သော  ဆေးကုသမှုတို့ကို ဆောင်ရွက်ခြင်း ဖြင့် သွေးလွန်တုပ်ကွေးရောဂါနှင့် ခြင်ကျားအန္တရာယ် ကို ပြည်သူများ သတိကြီးစွာဖြင့် ကာကွယ်သင့်ပါ ကြောင်း ရေးသားလိုက်ရပါသည်။       ။