
ယူအီးအက်ဖ်အေ ချန်ပီယံလိဂ် (၁၆) သင်းအဆင့် ပထမအကျော့ ပွဲစဉ်မှ ဖေဖော်ဝါရီ ၁၅ ရက် နံနက် ၂ နာရီခွဲက ယှဉ်ပြိုင်ကစားခဲ့သည့် အေစီမီလန်နှင့် စပါး၊ ပီအက်စ်ဂျီ နှင့် ဘိုင်ယန်မြူးနစ်အသင်းတို့ ပွဲစဉ်တွင် အေစီမီလန်၊ ဘိုင်ယန် မြူးနစ်အသင်းတို့ အနိုင်ရရှိခဲ့သည်။
ဆန်စီယိုကွင်း၌ ယှဉ်ပြိုင် ကစားခဲ့သည့် အေစီမီလန်နှင့် စပါးအသင်းတို့ပွဲစဉ်ကို ပွဲကြည့် ပရိသတ် ခုနစ် သောင်းလေးထောင် ကျော် လာရောက်ကြည့်ရှုခဲ့ပြီး ဧည့်သည်စပါးအသင်းက တုံ့ပြန်ကစားပုံကောင်းမွန်ခဲ့သော်လည်း ပွဲချိန် ၇ မိနစ်တွင် ခွင့်ပြုခဲ့ရသော ဘရာဟင်ဒေ့ဇ်၏ တစ်လုံးတည်းသော သွင်းဂိုးကြောင့် အေစီမီလန်အသင်းကို ရှုံးနိမ့်ခဲ့သည်။ ထို့ကြောင့် စပါး အသင်းသည် ချန်ပီယံလိဂ်ပြိုင်ပွဲ၌ နောက်တစ်ဆင့်တက်လှမ်းနိုင်ရန် အတွက် အေစီမီလန်အသင်းနှင့် ယှဉ်ပြိုင်ကစားမည့် ဒုတိယအကျော့ပွဲစဉ် တွင် မဖြစ်မနေ ပြတ်သားသောရလဒ်ဖြင့် နိုင်ပွဲရရှိအောင် ကြိုးစားရတော့ မည်ဖြစ်သည်။
နာမည်ကြီး ပီအက်စ်ဂျီနှင့် ဘိုင်ယန်မြူးနစ်အသင်းတို့ပွဲစဉ်တွင် ဧည့်သည်ဘိုင်ယန်မြူးနစ်အသင်းက ပွဲချိန် ၅၃ မိနစ်တွင် သွင်းယူရရှိ ခဲ့သော ကိုးမန်း၏ တစ်လုံးတည်းသော သွင်းဂိုးဖြင့် ပီအက်စ်ဂျီအသင်းကို အနိုင်ရရှိခဲ့သည်။ အဆိုပါပွဲစဉ်သို့ ပွဲကြည့်ပရိသတ် လေးသောင်း ခြောက်ထောင်ကျော် လာရောက်ကြည့်ရှုခဲ့သည်။
ပီအက်စ်ဂျီအသင်း သည် အိမ်ကွင်းတွင် ဘိုင်ယန်မြူးနစ်အသင်းကို လက်ခံယှဉ်ပြိုင်ကစားရသော်ငြား ပြိုင်ဘက် ဘိုင်ယန်မြူးနစ်အသင်း၏ ဖိအားပေးကစားမှုအောက် ပုံစံကောင်းပျောက်ဆုံးခဲ့ပြီး ရှုံးပွဲကြုံတွေ့ ခဲ့သည်။ ထို့ကြောင့် ချန်ပီယံလိဂ်ပြိုင်ပွဲ နောက်တစ်ဆင့်တက်ရေး မျှော်လင့်ချက်အတွက် ဘိုင်ယန်မြူးနစ်အသင်းနှင့် ဒုတိယအကျော့ပွဲစဉ် တွင် ရေကုန်ရေခန်းယှဉ်ပြိုင်ကစားရတော့မည်ဖြစ်သည်။
အောင်ဇော်