
ယူအီးအက်ဖ်အေချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့မှ ဖေဖော်ဝါရီ ၂၂ ရက် နံနက် ၂ နာရီ ခွဲက ယှဉ်ပြိုင်ကစားခဲ့သည့် လီဗာပူးနှင့် ရီးရဲမက်ဒရစ် ၊ ဖရန့်ဖတ်နှင့် နာပိုလီအသင်းတို့ ပွဲစဉ်တွင် ရီးရဲမက်ဒရစ်နှင့် နာပိုလီအသင်းတို့ အနိုင်ရရှိပြီး နောက်တစ်ဆင့်တက်ရေး မျှော်လင့် ချက် အားကောင်းလာခဲ့ပြီဖြစ် သည်။
ပွဲကြည့်ပရိသတ် ၅၂၀၀၀ ကျော် လာရောက်ကြည့်ရှုခဲ့သော လီဗာပူးနှင့် ရီးရဲမက်ဒရစ်အသင်း တို့ပွဲစဉ်တွင် လီဗာပူးအသင်းသည် ပြိုင်ဘက်ကို ဦးဆောင်ဂိုးများ သွင်းယူနိုင်ခဲ့သော်လည်း ချေပဂိုး နှင့် အနိုင်ဂိုးများ ပြန်လည်ခွင့်ပြု ပေးခဲ့ရသည့်အတွက် နှစ်ဂိုး-ငါးဂိုးဖြင့် ဂိုးပြတ် ရှုံးနိမ့်ခဲ့ရ သည်။
လီဗာပူးအတွက် ဂိုးများကို နူနက်ဇ်နှင့် ဆာလာတို့က သွင်းယူပေးနိုင်ခဲ့ပြီး ရီးရဲမက်ဒရစ် အတွက် သွင်းဂိုးများကို ဗင်နီ စီးယပ်စ်၊ မီလီတာအိုနှင့် အဓိက တိုက်စစ်ကစားသမား ဘင်ဇီမာ တို့က သွင်းယူပေးခဲ့သည်။
နှစ်သင်းကြား ခြေစွမ်းအရ ကွာခြားမှုနှင့် ဂိုးကန်သွင်းမှုပိုင်း အရ ကွာခြားမှု သိသိသာသာ မရှိသော်လည်း ရရှိလာသည့် အခွင့်အရေးကို ဂိုးအဖြစ် ပြောင်းလဲနိုင်သည့် အသင်းက အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။
ဖရန့်ဖတ်နှင့် နာပိုလီအသင်း တို့ပွဲစဉ်ကို ပွဲကြည့်ပရိသတ် ၄၇၀၀၀ ကျော် လာရောက် ကြည့်ရှုခဲ့သည်။
အခွင့်အရေးကောင်းပိုင်ဆိုင်ခဲ့
ယခုနှစ်ရာသီတွင် ခြေစွမ်း ထက်မြက်နေသည့် နာပိုလီ အသင်းက ယခုပွဲစဉ်တွင်လည်း သာလွန်ခြေစွမ်း ထပ်မံပြသ နိုင်ခဲ့ကာ ဖရန့်ဖတ်အသင်းကို ပွဲချိန်အများစု ဖိအားပေးထိန်းချုပ် ကစားထားနိုင်ခဲ့ပြီး ပွဲအပြီးတွင် နှစ်ဂိုးပြတ်အနိုင် ရရှိခဲ့ကာ နောက်တစ်ဆင့်တက်လှမ်းနိုင်ရန် အတွက် အခွင့်အရေးကောင်း ပိုင်ဆိုင်ခဲ့သည်။
နာပိုလီအသင်းအတွက် သွင်း ဂိုးများကို အဓိကတိုက်စစ်ကစားသမားများဖြစ်သည့် အိုစင်မန်နှင့် လိုဇာနိုတို့က သွင်းယူပေးခဲ့ သည်။
တစ်ယောက်လျော့ဖြင့် ကစားခဲ့
ပွဲချိန် ၅၈ မိနစ်တွင် ဖရန့်ဖတ် အသင်းမှ တိုက်စစ်ကစားသမား မူအာနီ တိုက်ရိုက်အနီကတ်ပြ ထုတ်ပယ် ခံခဲ့ရသည့်အတွက် လက်ကျန်ပွဲများတွင် နာပိုလီ အသင်းကို တစ်ယောက်လျော့ဖြင့် ကစားခဲ့ရသည်။
ထို့အပြင် နာပိုလီအသင်းမှ တိုက်စစ်ကစားသမား တစ်ဦး ဖြစ်သူ ကေဗာရတ်ရှီလီယာသည် ပွဲချိန် ၃၆ မိနစ်တွင် ရရှိသော ပယ်နယ်တီကို အဆုံးသတ် ကန်သွင်းခဲ့သော်လည်း လွဲချော်ခဲ့ သည့်အတွက် နစ်နာခဲ့ရသည်။
အောင်ဇော်