
ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်အုပ်စုပွဲစဉ် (၃) မှ ပရီမီယာလိဂ်ကလပ် မန်ယူအသင်းနှင့် စီးရီးအေကလပ် အတ္တလန္တာအသင်းတို့ပွဲစဉ်ကို အောက်တိုဘာ ၂၁ ရက် နံနက်ပိုင်းက အိုးထရက်ဖို့ဒ်ကွင်း၌ အကြိတ် အနယ်ယှဉ်ပြိုင်ကစားခဲ့ရာ မန်ယူအသင်းက သုံးဂိုး-နှစ်ဂိုးဖြင့် အနိုင် ရရှိခဲ့သည်။ မန်ယူအသင်းအတွက် သွင်းဂိုးများကို ရက်ဖို့ဒ်၊ မက်ဂွိုင်း ယား၊ စီရော်နယ်ဒိုတို့က သွင်းယူပေးပြီး အတ္တလန္တာအသင်းအတွက် သွင်းဂိုးများကို ပါဆာလစ်၊ ဒီမီရယ်တို့က သွင်းယူပေးနိုင်ခဲ့သည်။
မန်ယူအသင်းသည် ယခုအနိုင်ပွဲကြောင့် ချန်ပီယံလိဂ်အုပ်စု (F) တွင် သုံးပွဲကစား နှစ်ပွဲနိုင်၊ တစ်ပွဲရှုံး ရမှတ်ခြောက်မှတ်ဖြင့် အမှတ်ပေး ဇယားကို ဦးဆောင်နိုင်ခဲ့သည်။ ပြိုင်ဘက်အတ္တလန္တာအသင်းက ယခု ပွဲစဉ်ရှုံးနိမ့်မှုကြောင့် သုံးပွဲကစား တစ်ပွဲနိုင်၊ တစ်ပွဲသရေ၊ တစ်ပွဲရှုံး ရမှတ် လေးမှတ်ဖြင့် ဒုတိယနေရာတွင် ရပ်တည်နေသည်။
ပွဲစသည်နှင့်တစ်ပြိုင်နက် အတ္တလန္တာအသင်းသည် မန်ယူအသင်း ကို ဖိအားပေးထိန်းချုပ်ကစားရန် ကြိုးစားလာခဲ့ပြီး ဂိုးကန်သွင်းမှုများ
ပြုလုပ်လာနိုင်ခဲ့သည်။ မန်ယူအသင်း၏ ပထမပိုင်း ကစားဟန်သည် အသင်းလိုက်စွမ်းဆောင်ရည် ကျဆင်းခဲ့ပြီး မကြာခဏ အပျက်များနေခဲ့သည်။ ပွဲချိန် ၁၅ မိနစ်တွင် အတ္တလန္တာအသင်း ဦးဆောင်ဂိုး ရရှိခဲ့ပြီး ဇက်ပါကော်စတာ၏ ဖန်တီးမှုမှ ပါဆာလစ် က သွင်းယူနိုင်ခဲ့သည်။ မန်ယူအသင်းသည် ဦးဆောင် ဂိုး ခွင့်ပြုပေးလိုက်ရသော်လည်း ကစားအားတက် လာခြင်းမရှိဘဲ ပြိုင်ဘက်အတ္တလန္တာအသင်း၏ ဖိအားပေးမှုကိုသာ ခံခဲ့ရသည်။ မန်ယူအသင်းမှ ရက်ဖို့ဒ်၊ ဖရက်၊ စီရော်နယ်ဒို တို့သည် ရရှိလာသည့် အပိုင်အခွင့်အရေးများကို အသုံးချနိုင်ခြင်း မရှိခဲ့ပေ။ ပွဲချိန် ၂၈ မိနစ်တွင် အတ္တလန္တာအသင်း ဒုတိယဂိုးရရှိ ခဲ့ပြီး ဒီမီရယ်က သွင်းယူပေးနိုင်ခဲ့သည်။ ထို့ကြောင့် ပထမပိုင်းတွင် မန်ယူအသင်းကို အတ္တလန္တာအသင်း က နှစ်ဂိုး-ဂိုးမရှိဖြင့် ဦးဆောင်နိုင်ခဲ့သည်။
ဒုတိယပိုင်းတွင် မန်ယူအသင်း၏ ကစားပုံ ကျစ်လျစ်လာခဲ့ပြီး ရရှိလာသည့် အခွင့်အရေးများကို အသုံးချနိုင်ခဲ့သည်။ ပွဲချိန် ၅၃ မိနစ်တွင် မန်ယူအသင်း ချေပဂိုးရရှိခဲ့ပြီး ဖာနန်ဒက်စ်၏ ဖန်တီးမှုမှ ရက်ဖို့ဒ်က သွင်းယူပေးခဲ့သည်။ မန်ယူအသင်းသည် ပွဲချိန် ၆၆ မိနစ်တွင် ကစားအားကျလာသည့် တွန်မီနေး၊ ရက်ဖို့ဒ် တို့ကို အနားပေးကာ ပေါ့ဂ်ဘာ၊ ကာဗာနီ တို့ကို ထည့်သွင်းအသုံးပြုခဲ့သည်။ ထို့နောက် မန်ယူ အသင်းသည် ပြိုင်ဘက်အတ္တလန္တာအသင်းအပေါ် သိသိသာသာ ဖိအားပေး ထိန်းချုပ်ကစားနိုင်ခဲ့သည်။ ပွဲချိန် ၇၅ မိနစ်တွင် မန်ယူအသင်း ဒုတိယချေပဂိုးကို ရရှိခဲ့ပြီး ဖာနန်ဒက်စ်၏ ဖန်တီးမှုမှပင် အသင်း ခေါင်းဆောင် မက်ဂွိုင်းယားက သွင်းယူပေးနိုင်ခဲ့ သည်။ တစ်ဖက်နှစ်ဂိုးစီ သရေကျပြီးနောက် ပွဲမှာ အကြိတ်အနယ်ရှိလာခဲ့ပြီး ပြိုင်ဆိုင်မှုပြင်းထန်လာခဲ့သည်။
မန်ယူအသင်းအတွက် အနိုင်ဂိုးကို ပွဲချိန် ၈၁ မိနစ်တွင် လုခ်ရှော၏ ဖန်တီးမှု စီရော်နယ်ဒိုက ချိန်သားကိုက်နေရာယူကာ အပိုင်ခေါင်းတိုက် သွင်းယူပေးနိုင်ခဲ့သည်။ ထို့ကြောင့် စီရော်နယ်ဒိုသည် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် သွင်းဂိုး ၁၃၇ ဂိုးအထိ ရှိလာ ပြီဖြစ်သည်။
အခြားသောပွဲစဉ်ရလဒ်များတွင် ဘာစီလိုနာက ဒိုင်နမိုကိဗ်ကို တစ်ဂိုး-ဂိုးမရှိ၊ ဆောလ်ဘတ်က ဝုဖ်ဘတ်ကို သုံးဂိုး-တစ်ဂိုး၊ ဘိုင်ယန်မြူးနစ်က ဘင်ဖီကာကို လေးဂိုး - ဂိုးမရှိ၊ ဗီလာရီးရဲက ယန်းဘွိုင်းစ်ကို လေးဂိုး - တစ်ဂိုး၊ ချယ်ဆီးက မယ်လ်မိုကို လေးဂိုး-ဂိုးမရှိ၊ ဂျူဗင်တပ်စ်က ဇင်းနစ် ကို တစ်ဂိုး - ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး လိုင်လီနှင့် ဆီဗီလာအသင်းတို့ ပွဲစဉ်တွင် ဂိုးမရှိ သရေကျ ခဲ့သည်။
အောင်ဇော်