
ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်အုပ်စု ဒုတိယပွဲစဉ်အဖြစ် ပရီမီယာလိဂ် ကလပ် မန်ယူအသင်းနှင့် လာလီဂါကလပ် ဗီလာရီးရဲအသင်းတို့ပွဲစဉ်ကို စက်တင် ဘာ ၃၀ ရက် နံနက် ၁ နာရီခွဲတွင် မန်ယူအိမ်ကွင်း၌ ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။ မန်ယူနှင့် ဗီလာရီးရဲအသင်းတို့သည် ချန်ပီယံ လိဂ်အုပ်စု (F) တွင် အတ္တလန္တာ၊ ယန်းဘွိုင်းစ်အသင်းတို့နှင့်အတူ ကျရောက်နေပြီး အုပ်စုပထမပွဲအပြီးတွင် အဆိုပါအုပ်စုကို ယန်းဘွိုင်းစ် အသင်းက သုံးမှတ်ဖြင့် ဦးဆောင်ထားသည်။
မန်ယူအသင်းသည် ချန်ပီယံလိဂ်အဖွင့်ပွဲစဉ်တွင် ဆွစ်ဇာလန် ကလပ် ယန်းဘွိုင်းစ်အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် ရှုံးနိမ့်ထားသည်။ ထို့ကြောင့် မန်ယူအသင်းအနေဖြင့် ယခုပွဲစဉ်တွင် ပြိုင်ဘက် ဗီလာရီးရဲ အသင်းကို အနိုင်ရရှိရန် လိုအပ်နေသည်။ ဗီလာရီးရဲအသင်းကလည်း အဖွင့်ပွဲစဉ်တွင် စီးရီးအေကလပ် အတ္တလန္တာအသင်းနှင့် ယှဉ်ပြိုင်ကစား ခဲ့ပြီး တစ်ဖက်နှစ်ဂိုးစီဖြင့် သရေကျထားသောကြောင့် ယခုမန်ယူအသင်း နှင့် ပွဲစဉ်တွင် အနိုင်ရရှိရန် လိုအပ်နေသည်။
ထို့အပြင် မန်ယူအသင်းနှင့် ဗီလာရီးရဲအသင်းတို့သည် ပြီးခဲ့သည့် မေ ၂၇ ရက်တွင် ယူအီးအက်ဖ်အေ ယူရိုပါလိဂ်ဗိုလ်လုပွဲစဉ်တွင် ထိပ်တိုက် တွေ့ဆုံထားပြီး ဗီလာရီးရဲအသင်းက ပယ်နယ်တီအဆုံးအဖြတ်တွင် ၁၁ ဂိုး- ၁၀ ဂိုးဖြင့် မန်ယူအသင်းကို အနိုင်ရရှိထားသည်။ ထို့ကြောင့် မန်ယူအသင်းအနေဖြင့် အဆိုပါ ရှုံးကြွေးကို ပြန်ဆပ်ကာ ရလဒ်ကောင်း ရရှိသွားမလား စိတ်ဝင်စားဖွယ်ရာပင်။
မန်ယူအသင်းမှ ဝမ်ဘစ်ဆာကာသည် ပြီးခဲ့သည့် ယန်းဘွိုင်း အသင်းနှင့်ပွဲစဉ်တွင် အနီကတ်ပြထုတ်ပယ်ခံခဲ့ရသည့်အတွက် ယနေ့ ပွဲစဉ်တွင် လွဲချော်ဖွယ်ရှိသလို ခံစစ်မှ မက်ဂွိုင်းယားနှင့် လုခ်ရှောတို့ သည်လည်း ဒဏ်ရာကြောင့် ပါဝင်လာဖို့ မရှိချေ။ ထို့အပြင် ရက်ဖို့ဒ်နှင့် ဒီယယ်လိုတို့သည်လည်း ဒဏ်ရာကြောင့်ပါဝင်လာရန် မသေချာပေ။ ဗီလာရီးရဲအသင်းမှ ဖရန်စစ်ကိုကွီလင်သည် ပြီးခဲ့သည့် အတ္တလန္တာ အသင်းနှင့် ပွဲစဉ်တွင် အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရသည့်အတွက် ယနေ့ပွဲစဉ်တွင် ပါဝင်လာဖွယ်မရှိချေ။
နောက်ဆုံးနှစ်ပွဲဆက် ရှုံးနိမ့်မှုကိုချေဖျက်ဖို့ ကြိုးစားလာမယ့် မန်ယူအသင်းရော၊ နိုင်ပွဲရဖို့ကြိုးစားလာမယ့် ဗီလာရီးရဲအသင်းရော နိုင်ပွဲရလဒ် ဘယ်သူရမလဲ စောင့်ကြည့်ရမည်ဖြစ်သည်။
အောင်ဇော်