
ယူအီးအက်ဖ်အေ ချန်ပီယံလိဂ် ကွာတား ဖိုင်နယ် ပထမအကျော့မှ ဧပြီ ၁၂ ရက် နံနက် ၁ နာရီခွဲက ယှဉ်ပြိုင်ကစားခဲ့သည့် ပွဲစဉ်များတွင် အင်တာမီလန်၊ မန်စီးတီး အသင်းတို့ ဂိုးပြတ်အနိုင်ယူကာ နောက် တစ်ဆင့်တက်ရေးအတွက် အခွင့်အရေး ကောင်း ပိုင်ဆိုင်ခဲ့သည်။
ပရီမီယာလိဂ်ကလပ် မန်စီးတီးနှင့် ဘွန်ဒက်စ်လီဂါကလပ် ဘိုင်ယန်မြူးနစ် အသင်းတို့ပွဲစဉ်တွင် အီတီဟက်ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ကာ ပရိသတ် ၅၂၀၀၀ ကျော် လာရောက်ကြည့်ရှုခဲ့ပြီး မန်စီးတီး အသင်းက တိုက်စစ် ခြေစွမ်းပြကာ သုံးဂိုးပြတ် အနိုင်ရရှိခဲ့သည်။ အသင်းမှ အသက် ၂၂ နှစ်အရွယ် အဓိကတိုက်စစ် ကစားသမား ဟာလန်းသည် မန်စီးတီး အသင်းအတွက် အနိုင်သေချာစေမည့် တတိယဂိုးကို သွင်းယူနိုင်ခဲ့ပြီး ယခုနှစ် ရာသီ ပြိုင်ပွဲစုံ ၃၉ ပွဲတွင် သွင်းဂိုး ၄၅ ဂိုးအထိ ရှိလာပြီ ဖြစ်သည်။
၎င်း၏ သွင်းဂိုး ၄၅ ဂိုးတွင် ပရီမီယာလိဂ် သွင်းဂိုး ၃၀၊ ချန်ပီယံလိဂ် သွင်းဂိုး ၁၁ ဂိုး၊ အက်ဖ်အေတွင် သွင်းဂိုး သုံးဂိုးနှင့် ကာရာ ဘောင်ဖလားတွင် တစ်ဂိုးသွင်းယူနိုင်ခဲ့သည်။ ဘိုင်ယန်မြူးနစ်အသင်းသည် ချေပဂိုးရရှိရေး ကြိုးစားခဲ့သော်လည်း မန်စီးတီးအသင်း ခံစစ် နှင့် ဂိုးသမားတို့ ဟန့်တားရှင်းထုတ် ကာကွယ်နိုင်ခဲ့သည့်အတွက် သွင်းဂိုးရရှိရန် အခက်တွေ့ခဲ့ရသည်။ မန်စီးတီးအသင်း အတွက် ပထမဂိုးနှင့် ဒုတိယဂိုးကို ရိုဒရီနှင့် ဘာနာဒိုဆေးဗားလ်တို့က သွင်းယူနိုင်ခဲ့သည်။
ပေါ်တူဂီကလပ် ဘင်ဖီကာနှင့် စီးရီးအေ ကလပ် အင်တာမီလန်အသင်းတို့ပွဲစဉ်တွင် ပွဲကြည့်ပရိသတ် ၆၂၀၀၀ ကျော် လာရောက် ကြည့်ရှုခဲ့ပြီး ဧည့်သည် အင်တာမီလန်အသင်း က ဂိုးပြတ်အနိုင်ရရှိခဲ့သည်။ အင်တာမီလန် အသင်းအတွက် သွင်းဂိုးများကို ဘာရယ်လာ နှင့် လူကာကူတို့က သွင်းယူနိုင်ခဲ့သည်။ ယခုပွဲစဉ်တွင် အိမ်ရှင် ဘင်ဖီကာအသင်းသည် ခြေစွမ်းသာလွန်မှုရှိသော်လည်း အဆုံးသတ်ပိုင်းအားနည်းချက်ရှိနေသည့်အတွက် ဂိုးပြတ် ရှုံးပွဲနှင့် ကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။
အောင်ဇော်