
ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်များမှ မတ် ၁၆ ရက် နံနက် ၂ နာခွဲက ယှဉ်ပြိုင် ကစားခဲ့ကြသည့် ပွဲစဉ်များတွင် နာပိုလီ၊ ရီးရဲမက်ဒရစ်အသင်းတို့ အနိုင်ရရှိခဲ့ပြီး နှစ်ကျော့ပေါင်း ရလဒ်များဖြင့် ကွာတားဖိုင်နယ်သို့ ထိုက်ထိုက်တန်တန် တက်လှမ်း နိုင်ခဲ့ပြီဖြစ်သည်။
နာပိုလီနှင့် ဖရန့်ဖတ်အသင်း တို့ ပွဲစဉ်တွင် နာပိုလီအသင်းက သုံးဂိုးပြတ် အနိုင်ရရှိပြီး နှစ်ကျော့ ပေါင်းရလဒ် ငါးဂိုးပြတ်ဖြင့် ကွာတားဖိုင်နယ်သို့ ပထမဆုံးအကြိမ် တက်လှမ်းနိုင်ခဲ့ခြင်းဖြစ်သည်။ ပထမ အကျော့အဝေးကွင်းတွင် ဖရန့်ဖတ်အသင်း ကို နှစ်ဂိုးပြတ် အနိုင်ရထားသော နာပိုလီ အသင်းသည် ယခုဒုတိယအကျော့ အိမ်ကွင်း တွင်လည်း တိုက်စစ်ခြေစွမ်းပြကာ ထပ်မံ ဂိုးပြတ် နိုင်ပွဲ ဖော်ဆောင်နိုင်ခဲ့ခြင်းဖြစ် သည်။ အသင်းအတွက် သွင်းဂိုးများကို အဓိကတိုက်စစ်ကစားသမား အိုစင်မန်နှင့် ဇီလင်စကီးတို့က သွင်းယူပေးခဲ့သည်။
ရီးရဲမက်ဒရစ်နှင့် လီဗာပူးအသင်းတို့ ပွဲစဉ်တွင် နှစ်ကျော့ပေါင်းရလဒ် ခြောက်ဂိုး-နှစ်ဂိုးဖြင့် ရီးရဲမက်ဒရစ်အသင်း နောက် တစ်ဆင့် တက်လှမ်းနိုင်ခဲ့သည်။ လီဗာပူး အသင်းသည် အနိုင်ရရှိရေး ရီးရဲမက်ဒရစ် အသင်းကို ပွဲစတင်သည်နှင့်တစ်ပြိုင်နက် ဖိအားပေး ကြိုးစားလာခဲ့သော်လည်း ပြိုင်ဘက်အသင်း၏ တုံ့ပြန်ကစားပုံ ကောင်းမွန်မှုကြောင့် အခက်တွေ့ခဲ့ရသည်။
ရီးရဲမက်ဒရစ်အသင်းအတွက် တစ်လုံး တည်းသော အနိုင်ဂိုးကို ပွဲချိန် ၇၈ မိနစ် တွင် အဓိကတိုက်စစ် ကစားသမား ဘင်ဇီမာ သွင်းယူပေးနိုင်ခဲ့သည်။ ချန်ပီယံ လိဂ် ကွာတားဖိုင်နယ်သို့ နာပိုလီ၊ ရီးရဲ မက်ဒရစ်အသင်းတို့နှင့်အတူ ဘိုင်ယန် မြူးနစ်၊ ချယ်ဆီး၊ မန်စီးတီး၊ ဘင်ဖီကာ၊ အင်တာမီလန်နှင့် အေစီမီလန် အသင်းတို့ တက်ရောက်နိုင်ခဲ့သည်။
အောင်ဇော်