
ရဲဇာနည်
မြန်မာနိုင်ငံ၏လတ်တလောဖြစ်ပေါ်နေသော အခြေအနေများကို ယခင်ကဖတ်ခဲ့ဖူးသော စာအုပ်များပါ အကြောင်းအရာတို့နှင့် ချိန်ထိုးကြည့်ဖြစ်၏။ တစ်နည်းဆိုရ သော် ပစ္စုပ္ပန်ကိုအတိတ်သို့ သယ်ဆောင်၍ တိုက်ဆိုင်ကြည့်မိခြင်းဖြစ်၏။ ဤသို့ကြည့်မိတိုင်းလည်း ယနေ့ အဖြစ်အပျက်များသည် ရှေ့သို့လားရာကို မမြင်ရဘဲ စာအုပ်ပါ အကြောင်းအရာများကဲ့သို့ပင် တစ်ပတ်ပြန်လည်နေသည်ကို တွေ့ရ၏။ ရှေ့မရောက်ဘဲ နောက်ပြန်ရောက်နေခြင်းသာ ဖြစ်၏။ မြန်မာနိုင်ငံတော်ကြီးကို အဘက်ဘက်က တိုးတက်စေချင်လှပါသည်ဆိုသော နိုင်ငံသားတစ်ဦးအနေဖြင့် ဤအဖြစ်မျိုးများကို မြင်ရကြားရတိုင်း မချင့်မရဲဖြစ်ရရှာပေလိမ့်မည်။
ဆိုခဲ့သည့်အတိုင်း တစ်ပတ်လည် သည်ဆိုသော ညွှန်းမှတ်ကို ကြည့်လျှင် ယခင်က ကိုလိုနီဘဝမှ လွတ်မြောက်ခါစ နိုင်ငံရေး သက်တမ်းအစတွင် မည်သည့် ဝါဒလမ်းစဉ်ဖြင့် နိုင်ငံကိုတည်ဆောက် ကြမည်ကိုရွေးချယ်ကြရင်း ကိုယ် ယုံကြည်ရာ ဝါဒကို လက်ကိုင်ပြုကာ အားပြိုင်ခဲ့ကြရာက အကွဲကွဲအပြားပြား ဖြစ်ခဲ့ကြရသည့်ကာလကို တွေ့ရပါသည်။ သို့ရာတွင် နိုင်ငံရေး ဖြစ်စဉ်တစ်ခုသည် ထိုကာလ၏ သက်တမ်းနှစ် ၇၀ နှင့် ၅၀ အတွင်း ထိုညွှန်းမှတ်သို့ ပြန်လည် ရောက်ရှိနေသည်မှာ နိုင်ငံတစ်ခု၏ ဖွံ့ဖြိုး တိုးတက်မှုအတွက် များစွာရင်နာစရာ ကောင်းလှပါသည်။ ဤသို့တစ်ပတ်လည် တိုင်ပတ်ဖြစ်စဉ်သည် နိုင်ငံတော်တည် ဆောက်ရေးအတွက် ကုန်လွန်ဖြတ်သန်း ခဲ့ရသည့် အချိန်ကာလအတွင်း ရင်းနှီး ပေးဆပ်ခဲ့ရသမျှတို့သည် အချိန်ကုန် လူပန်းအချည်းနှီးဖြစ်ရသည့် သဘော ကိုဆောင်နေပါသည်။
သမိုင်းကြောင်းကို ကောင်းစွာသိ
တစ်ဖန် ထိုညွှန်းမှတ် အချိန်အခါက နိုင်ငံ့သမိုင်းကြောင်းတွင် ဆန့်ကျင်ဘက် အသွင်ဆောင်ကာ ဦးဆောင်ဦးရွက် ပြုရင်း ကျဆုံးခဲ့သူများ၊ မှားယွင်းခဲ့ကြ သူများသည်ပင်လျှင် မြန်မာ့လွတ်လပ် ရေး ကြိုးပမ်းမှုသမိုင်းတွင် အဓိကနေရာမှ ပါဝင်ခဲ့သူများ၊ နိုင်ငံရေးနှင့် စစ်ရေး နယ်ပယ်တွင် အတွေ့အကြုံ ရင့်ကျက် သူများ၊ နိုင်ငံတကာနှင့် ရင်ပေါင်တန်း ဆက်ဆံနိုင်သည့် ပညာတတ်ကြီးများ၊ လူအများက ကြည်ညိုလေးစားရသူများ ဖြစ်ကြသည်ကို တွေ့ရပါသည်။
နိုင်ငံတော်ကို ဦးဆောင်ဦးရွက်ပြုလို သူများ၊ နိုင်ငံတော် တည်ဆောက်ရေး ကို ကျရာကဏ္ဍမှ ပါဝင်ဆောင်ရွက် ကြမည့်သူများအနေဖြင့် နိုင်ငံတော်၏ ဖြစ်ပေါ်ပြောင်းလဲမှု သမိုင်းကြောင်းကို ကောင်းစွာသိရှိထားကြရန် လိုအပ်ပါ သည်။ ထိုသမိုင်းကြောင်းမှ အထက်တွင် ဖော်ပြခဲ့သည့် အရည်အချင်းများနှင့် ပြည့်စုံကြသူများဖြစ်ပါလျက် မည်သည့် အတွက် ကျဆုံးရသည်ကို သင်ခန်းစာ ဖော်ထုတ်နိုင်ရပေမည်။ ကိုယ်တိုင် အသိတရားဖြင့် အမှား/အမှန် ခွဲခြား ဆင်ခြင်နိုင်စွမ်းရှိကြရပေမည်။ သို့မှသာ သမိုင်း စက်ဝန်းတစ်ပတ် ပြန်လည် ခြင်းမှ ထိုးထွက်လွန်မြောက်နိုင်မည် ဖြစ်ပါသည်။ ရှေ့သို့ ခရီးပေါက်နိုင်လိမ့် မည် ဖြစ်ပါသည်။
ဝမ်းနည်းစရာ ကောင်းသည်မှာ ထိုသို့ဖြစ်ရမည့်အစား မကြာမီကာလ က သမိုင်းရထားကို ဦးဆောင်နေသူ များ၏ နိုင်ငံရေးအသိအမြင်နှင့် အရည် အချင်းတို့အရလည်းကောင်း၊ အတူ လိုက်ပါနေကြသူများ၏ အတွေးအခေါ် နှင့် လုပ်ရပ်တို့အရလည်းကောင်း ညွှန်းမှတ်ဘူတာသို့ တစ်ကျော့ပြန် ဇောက်ထိုး မောင်းနှင်နေကြသည်ကို တွေ့မြင်နေရခြင်းပင်ဖြစ်ပါသည်။ အမေ ကျော် ဒွေးတော်လွမ်းသည့် စိတ်ဖြင့် နိုင်ငံကို တည်ဆောက်၍ရပါမည်လား။ ပုဂ္ဂိုလ်ရေး ထင်ပေါ်ကျော်ကြားမှုက နိုင်ငံရေးအတွက် အားဖြစ်စေပါ့မလား။ မိမိနှင့် ဆန့်ကျင်ဘက် လူပုဂ္ဂိုလ်အဖွဲ့ အစည်းကို ဆဲရေးတိုင်းထွာ ပုတ်ခတ်ပြီး အပြုသဘောမပါ အပျက်သဘောကိုသာ ရှေးရှုဆောင်ရွက်ခြင်းကို နိုင်ငံရေးဟု တင်စားချင်တာလား။ မေးစရာ မေးခွန်း ကား များလှပေသည်။
မဲစာရင်း မှန်ကန်တိကျရေးသည် အသက်
နိုင်ငံတော်သည် ပြည်သူ့ဆန္ဒအရ ပါတီစုံဒီမိုကရေစီစနစ်သို့ ပြောင်းလဲ ကျင့်သုံးလာခဲ့သည်မှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်) အရ အစိုးရ သက်တမ်း နှစ်ကြိမ်ကြာမြင့်ခဲ့ပြီ ဖြစ်ပါ သည်။ ဒီမိုကရေစီစနစ်တွင် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ် ရေးသည် အသက်တမျှ အရေးကြီး သကဲ့သို့ ရွေးကောက်ပွဲအတွက်လည်း မဲစာရင်း မှန်ကန်တိကျရေးသည် အသက် ဖြစ်ပါသည်။ သို့ရာတွင် တတိယအကြိမ် အစိုးရသက်တမ်းအတွက် ၂၀၂၀ ပြည့် နှစ်၊ နိုဝင်ဘာ လ ၈ ရက်နေ့တွင် ကျင်းပ ပြုလုပ်သည့် ရွေးကောက်ပွဲတွင် နိုင်ငံ ရေးပါတီ ၈၄ ပါတီ ဝင်ရောက်ယှဉ်ပြိုင် ခဲ့ရာ မဲမသမာမှုဖြစ်နိုင်သည့် မဲစာရင်း ပေါင်း ၁၀ သန်း ၄ သိန်းကျော် တွေ့ရှိခဲ့ ပါသည်။
သို့ဖြစ်၍ နိုင်ငံရေးပါတီအသီးသီး က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ ကန့်ကွက်လွှာ ၂၁၇ မှု ဖြေရှင်းပေးရန် တင်ပြခြင်း၊ တပ်မတော် အနေဖြင့် ပြည်ထောင်စုလွှတ်တော်နှင့် နိုင်ငံတော်သမ္မတထံသို့ မဲစာရင်းကွဲလွဲ ချက်များ ဖြေရှင်းပေးရန် အကြိမ်ကြိမ် တောင်းဆိုခြင်းများ ဆောင်ရွက်ခဲ့ပါ သည်။ သို့ရာတွင် NLD အစိုးရအနေဖြင့် ဖြေရှင်းမှု တစ်စုံတစ်ရာပြုလုပ်ပေးခြင်း မရှိဘဲ တတိယအကြိမ် ပြည်သူ့ လွှတ်တော်အစည်းအဝေး ခေါ်ယူ၍ နိုင်ငံတော်အာဏာကို မတရားရယူရန် ဆောင်ရွက်ခဲ့ပါသည်။
အစိုးရသက်တမ်း လွှတ်တော် သက်တမ်းတစ်ခုအတွက် မိမိနှစ်သက်ရာ ပါတီနှင့် လူပုဂ္ဂိုလ်ကို ရွေးချယ် တင်မြှောက်ကြရာတွင် မိမိပေးပိုင်ခွင့် ရှိသည့် မဲတစ်ပြားကို အသည်းကြားက မဲတစ်ပြားဟုပင် မြတ်နိုးစွာတင်စား တတ်ကြပါသည်။ ဤသည်မှာ မဲပေး ပိုင်ခွင့်ရှိသူ တစ်ဦးချင်းစီ၏ တူညီသော အခွင့်အရေးတစ်ရပ် ဖြစ်ပါသည်။ တစ်စုံတစ်ရာသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် မဲစာရင်းလွဲမှားမှု သည် ထိုတူညီအခွင့်အရေးကို ဖျက်ဆီး လိုက်ခြင်းဖြစ်ပါသည်။ ဤသို့ဖြစ်ပေါ် လာခြင်းအပေါ် တရားမျှတမှုကို လိုလား သော မဲဆန္ဒရှင်တိုင်းက ကျေနပ်မှုမရှိနိုင် သလို တာဝန်ရှိသူများ အပိုင်းကလည်း အမှန်တရားဘက်က ရပ်တည်ကာ ဖြေရှင်းဆောင်ရွက်ပေးရန် တာဝန်ရှိ ပါသည်။
အဆိပ်သီးမို့ပါ
နိုင်ငံတော်၏ နိုင်ငံရေး သမိုင်း ကြောင်းသည် ရပ်တန့်မှုမရှိဘဲ စဉ်ဆက် မပြတ် လည်ပတ်နေမည်သာ ဖြစ်ပါ သည်။ ထိုလည်ပတ်မှု ဖြစ်စဉ်တွင် ဖြစ်ပေါ် ဆောင်ရွက်ခဲ့သမျှတို့သည် သမိုင်းအဖြစ် မှတ်တမ်းတင်ခံရမည် မလွဲ ဖြစ်ပါသည်။ ၂၀၂၀ ပြည့်နှစ် ရွေးကောက် ပွဲ၏ ကြီးမားသည့် မဲစာရင်းလွဲမှားမှုသည် မြန်မာ့နိုင်ငံရေး သမိုင်းတွင် ထင်ရှား သည့် အမည်းစက်အဖြစ် မှတ်တမ်းဝင် သွားပြီဖြစ်ပါသည်။ တစ်ဖန် တရား မျှတမှုကို လိုလားသည့် နိုင်ငံရေးပါတီ များနှင့် တပ်မတော်၏ မဲစာရင်းကွာခြား ချက်များကို ဖြေရှင်းဆောင်ရွက်ပေးရန် တင်ပြတောင်းဆိုမှုများသည် ထိုစဉ်က အာဏာရ အစိုးရဖြစ်သည့် NLD ပါတီ နှင့် လူပုဂ္ဂိုလ်တို့အတွက် နိုင်ငံရေးသိက္ခာ ကို အဖတ်ဆည်နိုင်သည့် ထွက်ပေါက် တစ်ခုဖြစ်သလို နိုင်ငံတော်၏ ဒီမိုကရေစီ ပုံရိပ်ကို မြှင့်တင်ပေးနိုင်သည့် အခွင့် အရေး တစ်ရပ်လည်းဖြစ်ပါသည်။
သို့ရာတွင် NLD ပါတီအနေဖြင့် ထိုတင်ပြ တောင်းဆိုချက်များကို မစားသင့်သည့် အဆိပ်သီးမို့ စေတနာ နှင့် အချိန်မီဟန့်တားပေးသည့် သဘော ဟု မမြင်နိုင်ဘဲ စားတော့မည့်ဆဲဆဲ ထမင်းလုပ်ကို လာ၍ပုတ်ချသည် အထင် မျိုးနှင့် မည်သည့်ဖြေရှင်းဆောင်ရွက် မှုမျှ ပြုလုပ်မပေးသည့်အပြင် တတိယ အကြိမ် ပြည်သူ့လွှတ်တော်အစည်း အဝေးအမြန်ခေါ်ယူ၍ နိုင်ငံတော် အာဏာကို မတရားရယူရန် ဆောင်ရွက် ခဲ့သည်ကိုတွေ့ရပါသည်။
ထိုအခြေအနေများကြောင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်) အရ နိုင်ငံတော်ကို အရေးပေါ်အခြေအနေ ကြေညာပြီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်၍ တပ်မတော်က နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီကို ဖွဲ့စည်းကာ နိုင်ငံ့တာဝန်များကို ထိန်းသိမ်းဆောင်ရွက်ခဲ့ပါသည်။ နိုင်ငံ တော် စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်)တွင်ပါရှိသည့် အရေးပေါ်ကာလ ပြဋ္ဌာန်း ချက်များနှင့်အညီ ဆောင်ရွက်ပြီးပါက လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ပြန်လည် ကျင်းပ၍ အနိုင်ရပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော် တာဝန်အား လွှဲအပ်နိုင်ရေးအတွက် ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ နိုင်ငံရေး စီးပွား ရေး လူမှုရေးဦးတည်ချက် (၉)ရပ် ချမှတ် ဆောင်ရွက်လျက် ရှိပါသည်။
မင်းမဲ့စရိုက်ဆန်လာ
ထိုသို့ NLD ပါတီ၏ တရားမျှတမှု မရှိသည့် ရွေးကောက်ပွဲကို အခြေခံ လျက် နိုင်ငံတော်အာဏာကို မတရား ရယူရန် ဆောင်ရွက်ချက်များကြောင့် တပ်မတော်က ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့်အညီ နိုင်ငံတော်အာဏာကို ထိန်းသိမ်း ဆောင်ရွက်ခဲ့သော်လည်း ယခင် NLD အစိုးရတွင် ပါဝင်သည့် အကြီးအကဲများ ကိုယ်တိုင်လက်ရှိအစိုးရ ယန္တရား ရပ်တန့်စေရန် ရည်ရွယ်၍ ဝန်ထမ်း များအား CDM ပြုလုပ်ရန် တိုက်တွန်း မှုများ ပြုလုပ်ခဲ့ကြပြန်ပါသည်။ NLD ပါတီဝင်များအနေဖြင့်လည်း တပ်မတော် က အာဏာကို မတရားရယူသိမ်းပိုက် လိုက်သည့်အသွင် ပုံဖော်၍ မြို့ရွာ ရပ်ကွက်နေ ပြည်သူများအား သံပုံး တီးခြင်း၊ ဖယောင်းတိုင်ထွန်းခြင်း၊ တူညီ ဝတ်စုံများ ဝတ်ဆင်၍ လမ်းပေါ်ထွက် ဆန္ဒပြခြင်းများ လုပ်ဆောင်ကြရန် လှုံ့ဆော်ဆောင်ရွက်ခဲ့ကြပါသည်။
ထိုသို့လမ်းပေါ်ထွက် ဆန္ဒပြရာမှ CDM တွင် မပါဝင်သူများကို အကျပ်ကိုင် ခြိမ်းခြောက်ခြင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင် များကို တုတ်၊ ဓား၊ လက်နက်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း စသည့် ဆူပူ အကြမ်းဖက်မှုများကို လုပ်ဆောင်လာ ကြပါသည်။ ထိုမှတစ်ဆင့် အပြစ်မဲ့ ပြည်သူများအား ဒလန်ဟု စွပ်စွဲ၍ နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်ခြင်း၊ အစိုးရ ဝန်ထမ်းများ၊တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များအား တိုက်ခိုက် သတ်ဖြတ်ခြင်း၊ နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင် အဆောက်အဦများကို မီးရှို့ခြင်း၊ ရဲစခန်း/ ရဲကင်းများကို လူအင်အားသုံး၍ ဝင်ရောက်တိုက်ခိုက်ခြင်း စသည့် မင်းမဲ့စရိုက်ဆန်သည့် အကြမ်းဖက် လုပ်ရပ်များ လုပ်ဆောင်လာကြပါသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် မှ အောက်တိုဘာလ ၁၀ ရက်နေ့ အထိ ဆူပူဆန္ဒပြဖြစ်စဉ်နှင့် အကြမ်း ဖက်မှု ဖြစ်စဉ်များတွင် သေဆုံး၊ ဒဏ်ရာရနှင့် ပျက်စီးဆုံရှုံးမှုကိန်းဂဏန်း များကို အကြောင်းအရာ အလိုက်ခွဲခြား ၍ ဖော်ပြလိုပါသည်။ ထိုကိန်းဂဏန်း များသည် အကြမ်းဖက်မှုကို ကျူးလွန် ရန် တိုက်တွန်းအားပေးသူများနှင့် ကိုယ်တိုင် ပါဝင်ဆောင်ရွက်သူများ၏ အကြမ်းဖက်မှု သက်သေခံမှတ်တမ်း များသာဖြစ်ပါသည်။ အထက်တွင်ဆိုခဲ့ သည့် သမိုင်းစက်ဝန်း တစ်ပတ်ပြန်လည် ရန် မည်သို့ဆောင်ရွက်နေကြသည်၊ မည်မျှ နောက်ပြန် လျှောက်နေကြသည် ကို မြင်သာစေရန် ဖော်ပြခြင်းသာ ဖြစ်ပါသည်။
သေဆုံး/ဒဏ်ရာရရှိမှု
ဖော်ပြပါကာလအတွင်း ဆူပူ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် အရပ်သား ၆၂၄ ဦး၊ အစိုးရဝန်ထမ်း ၁၉ ဦးသေဆုံးကာ ရဲတပ်ဖွဲ့ဝင် ၉၃ ဦး နှင့် တပ်မတော်သား ၆၇ ဦး ကျဆုံးခဲ့ပါ သည်။ ဒဏ်ရာရရှိမှုအနေဖြင့် အရပ် သား ၇၁၆ ဦး၊ အစိုးရဝန်ထမ်း ၅၃ ဦး၊ ရဲတပ်ဖွဲ့ဝင် ၄၅၅ ဦးနှင့် တပ်မတော် သား ၆၉ ဦး ဖြစ်ပါသည်။ ထိုအရေအတွက် များတွင် အပြစ်မဲ့ ပြည်သူများအား ဒလန်ဟုစွပ်စွဲ၍ သတ်ဖြတ် ခံရသူ ၄၇၆ ဦး၊ ဒဏ်ရာရသူ ၃၂၃ ဦး ပါဝင်ပါသည်။ ထိုလုပ်ရပ်များသည် ဒီမိုကရေစီစနစ် ၏ ဆန့်ကျင်ဘက်ဖြစ်သော ငါနှင့် မတူ ငါ့ရန်သူဟူသည့် အာဃာတ တရား ဖုံးလွှမ်းကာ သူတစ်ပါး၏ အသက်ကို ရန်ရှာသည်အထိ မိုက်မဲရူးသွပ်မှုများသာ ဖြစ်ပါသည်။
မီးရှို့/ဖျက်ဆီးမှု
ထိုကာလအတွင်း မီးရှို့မှုနှင့် ဖျက်ဆီးမှုတို့ကြောင့် နိုင်ငံတော်ပိုင် အဆောက်အဦနှင့် ပစ္စည်းများ ဆုံးရှုံးမှု မှာ စာသင်ကျောင်း ၄၁၉ ကျောင်း၊ ဆေးရုံ ၂၁ရုံ၊ ရဲစခန်း/ရဲကင်း ၂၅၃ ခု၊ လမ်းတံတားအစင်း ၃၀၀၊ ဈေး ၉ ခု၊ ဘဏ် ၂၆ ခု၊ ဌာနဆိုင်ရာရုံး ၄၆၁ ရုံး နှင့် ပစ္စည်း ၈၅ ခု ဖြစ်ပါသည်။ ထို့အပြင် ပုဂ္ဂလိကပိုင် ဆုံးရှုံးမှုများအနေဖြင့် စက်ရုံ/အလုပ်ရုံ ၂၁ ခု၊ စူပါမားကက် ၉ ခု၊ ဘဏ် ၃၃ ခု၊ လူနေအိမ် ၂၉၈ လုံး၊ အဆောက်အဦ ၉၁ လုံးနှင့် ပစ္စည်း ၅၅ ခုဖြစ်ပါသည်။ ထိုဖျက်ဆီးမှုများ သည် နိုင်ငံတော်၏ ပညာရေး၊ ကျန်းမာ ရေး၊ လုံခြုံရေး၊ လမ်းပန်းဆက်သွယ် ရေး၊ ကူးသန်းရောင်းဝယ်ရေး၊ ငွေကြေး ဆိုင်ရာ၊ အုပ်ချုပ်ရေး ကဏ္ဍများနှင့် ပြည်သူလူထု၏ စားဝတ်နေရေးကိုပါ ထိခိုက်ပျက်ပြားစေရန် ရည်ရွယ်ချက် ရှိရှိဖြင့် အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ကြောင်း ပေါ်လွင်ထင်ရှားနေပါ သည်။
ထိုမှတစ်ဖန် ယခင်အာဏာရ အစိုးရ နှင့် NLD ပါတီမှ ပုဂ္ဂိုလ်များဖြင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPH) ကို ဖွဲ့စည်းကာ နိုင်ငံရေး လှုံ့ဆော်ခြင်း၊ လူသိများသည့် အနုပညာရှင်များ၊ နိုင်ငံရေး လှုပ်ရှား သူများ၊ ပညာရှင်များကို အသုံးချ၍ Social Media မှတစ်ဆင့် လူထုကို ဆူပူအုံကြွအောင် သွေးထိုးလှုံ့ဆော်ခြင်း၊ နှပ်ကြောင်းပေးခြင်း၊ ဝါဒဖြန့်ခြင်းများ ဆောင်ရွက်လာပါသည်။ ထို့အပြင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ နှင့်ဆက်သွယ်၍ ပြည်တွင်း၌ အကြမ်း ဖက် ဖောက်ခွဲရေး လုပ်ငန်းများ လုပ်ဆောင်ရန်နှင့် တည်ဆဲအစိုးရအား လက်နက်ကိုင် ပုန်ကန်ရန်တို့ကိုပါ ဆောင်ရွက်လာခဲ့ပါသည်။
လွတ်မြောက်နယ်မြေတဲ့လား
ဤနေရာတွင် အကြောင်းတိုက်ဆိုင် လာ၍ တောတွင်း စစ်သင်တန်းတို့၏ သဘောသဘာဝကို ဆက်စပ်တွေးခေါ် နိုင်ရန်ဖော်ပြရပေဦးမည်။ အထက်တွင် ဖော်ပြခဲ့သည့် အကြမ်းဖက်လုပ်ငန်းများ လုပ်ကိုင်ရန် တိုင်းရင်းသား လက်နက် ကိုင်နယ်မြေများသို့ သင်တန်းတက် ရောက်ရန် သွားရောက်ခဲ့သူများ ရှိပါ သည်။ ထိုသို့ သွားရောက်သူများက ထိုနယ်မြေများကို လွတ်မြောက်နယ်မြေ ဟု ဂုဏ်ယူဝံ့ကြွား တင်စားခေါ်နေကြ သည်ကို တွေ့ရပေသည်။ ထိုဝေါဟာရ ပေါ်ပေါက်ခဲ့သည်မှာ အချိန်ကာလ အားဖြင့် ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်ပါသည်။ အနောက်အုပ်စု မီဒီယာများက လေလှိုင်းတွင် တစ်သွင် သွင်သုံးခဲ့ကြသည့် နိုင်ငံရေးနှင့် စစ်ရေး ဆိုင်ရာ ဝေါဟာရဖြစ်ပါသည်။
ထိုဝေါဟာရကို အလွယ်ကူဆုံး အဓိပ္ပာယ်ဖော်ရမည်ဆိုလျှင် အစိုးရ၏ တရားဥပဒေ သက်ရောက်မှုမရှိသည့် နယ်မြေဖြစ်ပါသည်။ တရားဥပဒေ သက်ရောက်မှု မရှိသည့်အတွက် ထိုနယ်မြေ အဝန်းအဝိုင်းအတွင်း ရောက်ရှိနေသည်ဆိုလျှင် ထိုနယ်မြေသို့ မရောက်မီ မိမိကျူးလွန်ခဲ့သမျှ ပြစ်မှု အားလုံး ဥပဒေအရ ပြစ်ဒဏ်ချမှတ်ခံရ ခြင်းမှ ကင်းလွတ်သွားသည့် သဘော သက်ရောက်စေပါသည်။ တစ်ဖန် ထိုနယ်မြေအတွင်းရှိနေစဉ် အတွင်း၌ လည်း နိုင်ငံတော်က ပြဋ္ဌာန်းထားသည့် တည်ဆဲဥပဒေများကို လိုက်နာရန် ပျက်ကွက်ပါကလည်း ပြဿနာမရှိဟု ဆိုနိုင်ပါသည်။
သို့ရာတွင် တရားဥပဒေဟူသည် လူသားနှင့် လူမှုဘဝလုံခြုံရေးအတွက် စည်းသဖွယ်ကာရန် ပေးထားသည့် အချင်းအရာဖြစ်ရာ တရားဥပဒေမရှိသော အရပ်သည် လူသားတစ်ဦးအတွက် လုံခြုံ မှုရှိပါမည်လား။ ထိုနေရာမျိုးတွင် လူမှု ဆက်ဆံရေးမှ ဖြစ်ပေါ်လာသည့် ပြဿနာရပ်များကို မည်သည့်ဥပဒေဖြင့် ဖြေရှင်းကြပါသနည်း။ ထိုမေးခွန်း အတွက် အဖြေသည် အလွန်စိတ်ဝင်စား စရာ ကောင်းပါသည်။ တရားဥပဒေ သက်ရောက်မှုနှင့် ယှဉ်တွဲ၍ ကြည့်မည် ဆိုလျှင် ထိုကဲ့သို့သော နယ်မြေသည် လွတ်မြောက်နယ်မြေ၊ ပကတိအခြေ အနေမှန်အတိုင်း ကြည့်မည်ဆိုလျှင် လုံခြုံမှုကင်းမဲ့သော နယ်မြေသာ ဖြစ်ပါသည်။
အကြမ်းဖက် လုပ်ငန်းများအတွက် သင်တန်းများ စေလွှတ်တက်ရောက် ကြသည့်အချိန် ကာလ၏ များမကြာမီ တွင် ထိုလွတ်မြောက်နယ်မြေဆိုသော နေရာများမှ လူမဆန်စွာ သတ်ဖြတ်ခံရမှု ဗီဒီယိုဖိုင်များ၊ လိင်အကြမ်းဖက်မှု သတင်းများ လူမှုကွန်ရက်တွင် ပျံ့နှံ့ လာသည်ကို တွေ့ရပေသည်။ ထိုအကြောင်းအရာတို့ကို အမှန်ဟု တစ်ထစ်ချ မမှတ်ယူလိုသေးပါ။ သို့ရာ တွင် တစ်ချိန်က ဖတ်ဖြစ်ဖူးခဲ့သော ရဲဘော်ဘခက်၊ ရဲဘော်မြ၊ ရဲဘော်စောလှ၊ ဗိုလ်မင်းဒင်နှင့် ဗိုလ်တင်ရှိန်တို့ ငါးဦး ရေးသားခဲ့ကြသည့် “သခင်သန်းထွန်း ၏ နောက်ဆုံးနေ့များ” စာအုပ်ပါ အကြောင်းအရာအချို့နှင့် ချိန်ထိုးစဉ်းစား မိပါသည်။
(ဆက်လက်ဖော်ပြပါမည်)
- Log in to post comments