
မောင်သောင်းဝင်း(တမန်ဟောင်း)
နှစ်စဉ် ဒီဇင်ဘာလ ၂၅ ရက်သည် ခရစ္စမတ်နေ့ဖြစ်သည်။ နှစ်စဉ်ထိုနေ့တွင် ကမ္ဘာတစ်ဝန်းလုံးအလှူအတန်းများနှင့် ပျော်ပွဲရွှင်ပွဲများ ပြုလုပ်ကြသည်။အထူးသဖြင့် လူငယ်များသည် လူကြီးမိဘများထံမှ ခရစ္စမတ်လက်ဆောင်များနှင့် ခရစ္စမတ်ကတ်များရရှိကြသဖြင့် မျက်နှာများပေါ်တွင် အပြုံးများ ဖုံးလွှမ်းလျက်ရှိသည်။ လူငယ်များ၏ ပျော်ရွှင်မှုသည် လူကြီးများကိုကူးစက်စေပါသည်။ စင်စစ်အားဖြင့် လူကြီးများသည်လူငယ်များကို ယဉ်ကျေးသိမ်မွေ့မှုရှိစေရန်၊ ကူညီရိုင်းပင်းတတ် စေရန်၊ ပေးကမ်းစွန့်ကြဲတတ်စေရန်နှင့် မကောင်းမှုရှောင်၍ ကောင်းမှုဆောင်တတ်စေရန်အတွက် သက်ဆိုင်ရာဘာသာတရား၏ အဆုံးအမ၊ အစဉ်အလာတို့ဖြင့် စည်းရုံးဆောင်ရွက်ထားခြင်းဖြစ်သည်။
ခရစ္စမတ်နေ့ဆိုသည်မှာ
ယေရှုခရစ်တော်ဖွားမြင်သည့်နေ့ကို အတိအကျ မသိရှိရသော်လည်း ကမ္ဘာတစ်ဝန်း၌ ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် ခရစ်တော်မွေးနေ့ (Christmas Day) အဖြစ် ကျင်းပကြသည်။ ဘာသာရေးနှင့် ယဉ်ကျေးမှုပွဲတော်တစ်ခုဖြစ်သည်။ ခရစ်ယာန် ဘာသာဝင်မဟုတ်သော နိုင်ငံများတွင်လည်း စည်ကားသိုက်မြိုက်စွာ ကျင်းပကြသည်။ မြန်မာ နိုင်ငံတွင်လည်း ခရစ္စမတ်နေ့အခမ်းအနားများ ကျင်းပလေ့ရှိသည်။ ထိုနေ့တွင် ကမ္ဘာတစ်ဝန်း၌ အစိုးရရုံး၊ ဌာနများနှင့် ကုမ္ပဏီများပိတ်ထား ကြသည်။ အချို့သောနိုင်ငံများတွင် ထိုနေ့မှစ၍ နှစ်သစ်ကူးနေ့ (New Year Day) အထိ ရက်ရှည်ရုံး ပိတ်ပေးထားလေ့ရှိသည်။ မြန်မာသင်္ကြန်ကာလ ရုံးပိတ်ရက်ကဲ့သို့ပင်ဖြစ်သည်။ သို့သော် ယခုနှစ် ခရစ္စမတ်ရာသီသည် ယခင်နှစ်များလို စည်စည် ကားကားရှိမည်တော့ မဟုတ်ချေ။ အေးဆေး တိတ်ဆိတ်စွာဖြင့် ဖြတ်သန်းကြရတော့မည်ဖြစ် သည်။ မည်သည့်အရာမျှ ကျန်းမာရေးလောက် အရေးမကြီးပေ။
ကြိုတင်ပြင်ဆင်
အမှန်တော့ နှစ်စဉ် ဒီဇင်ဘာလဆန်းပြီဆိုသည် နှင့် လူကြီး၊ လူငယ်၊ လူလတ် အသက်အရွယ်အားလုံး သည် ခရစ္စမတ်ကာလအတွက် ကြိုတင်ပြင်ဆင် ခြင်းဖြင့် အလုပ်ရှုပ်နေကြသည်။ အားလုံးသည် ခရစ္စမတ်ကာလတွင် အပြန်အလှန်လက်ဆောင် ပေးသွားမည်၊ အလှူအတန်းပြုမည်၊ မိသားစုများ ဆုံစည်းမည်၊ ချက်ပြုတ်စားကြမည်၊ ပျော်ပွဲစား ထွက်မည်ဆိုသော အပျော်စိတ်များဖြင့် ကြည်နူး နေကြသည်။မည်သည့်ဘာသာ၊ ယဉ်ကျေးမှုဓလေ့ ထုံးတမ်းတွင်မဆို လှူဒါန်းပေးကမ်းခြင်းကိုသာ အခြေခံထားလေ့ရှိသည်။ ဗုဒ္ဓဘာသာရှုထောင့်မှ ကြည့်မည်ဆိုလျှင် လုပ်ဆောင်မှုမှန်သမျှတွင် ဒါန ကိုသာ အခြေခံထားသည်မဟုတ်ပါလား။
ယခင်နှစ်များကဆိုလျှင် ဒီဇင်ဘာလဆန်းသည် နှင့် ဥရောပနိုင်ငံများတွင် ခရစ္စမတ်နေ့ဂုဏ်ပြုရုပ်ရှင်၊ ဗီဒီယို၊ ရုပ်သံဇာတ်လမ်းတွဲများ၊ သီချင်းများ ထုတ်လွှင့်ပြသလေ့ရှိသည်။ လမ်းများ၊ ကုန်တိုက် များနှင့် အထင်ကရ အဆောက်အအုံများတွင် ခရစ္စမတ်သစ်ပင်များ၊ ရောင်စုံမီးလုံးများဖြင့် အလှ ဆင်ထားသဖြင့် ညဘက်မြင်ကွင်းသည် ရှုမငြီး စရာပင်ဖြစ်သည်။ ခရစ္စမတ်အကြို အထူး ဈေးရောင်းပွဲများလည်း ပြုလုပ်လေ့ရှိသည်။ အနောက်နိုင်ငံများတွင် ကုန်တိုက်ကြီးများ၌ နှစ်ဆန်းကတည်းက တင်ထားသော အဝတ်အထည် များနှင့် လူသုံးကုန်ပစ္စည်းများကို ခရစ္စမတ်အကြို ကာလတွင် လျှော့ဈေးဖြင့် ရောင်းချပေးလေ့ ရှိသည်။ ငွေကြေးချို့တဲ့သူများသည် ခရစ္စမတ်နှင့် နှစ်သစ်ကူးကာလများတွင် လျှော့ဈေးဖြင့် ရောင်းသောပစ္စည်းများကို ဝယ်ယူဖြည့်တင်းထား လေ့ရှိကြသည်။ သို့သော် ၂ဝ၂ဝ ပြည့်နှစ် နှစ်ဆန်းက တည်းက ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် လေကြောင်းလိုင်းများနှင့် ခရီးသွားလုပ်ငန်းများ ပိတ်ထားရသည်။ ပြည်သူများမှာလည်း အိမ်ထဲမှာ သာနေထိုင်နေရသဖြင့် ကုန်တိုက်များသည် တိတ်ဆိတ်လျက်ရှိသည်။ ခရစ္စမတ်အငွေ့အသက် ကို သိပ်မခံစားရတော့ပေ။ နေ့စဉ်ဘဝကို သတိ တရားဖြင့် ဖြတ်သန်းနေကြရသည်။
ခရစ္စမတ်ဘိုးဘိုး (Santa Claus)
ခရစ္စမတ်ပွဲတော်ကာလတွင် အဓိကကျသော ဇာတ်ဆောင်သည် ခရစ္စမတ်ဘိုးဘိုး (Santa Claus)ဖြစ်သည်။ Santa Claus သည် အနောက်တိုင်း ယဉ်ကျေးမှုအရ ဒဏ္ဍာရီဆန်သော ပုဂ္ဂိုလ်ဖြစ်သည်။ ထိုပုဂ္ဂိုလ်သည် အဖြူရောင်ကော်လံအရှည်ပါသောအနီရောင်ကုတ်အင်္ကျီနှင့် ဘောင်းဘီရှည်အပွကြီးတို့ကိုဝတ်ဆင်ထားပြီး ခါးတွင် ခါးပတ်အနက်ကြီး စည်းထားသည်။ ခေါင်းစွပ်ဦးထုပ်ဆောင်းထားပြီး အနက်ရောင် ဘွတ်ဖိနပ်ရှည်ကြီးကို စီးထားသည်။ Santa Claus သည် ခရစ္စမတ်အကြိုနေ့တွင် ကလေးများအတွက် လက်ဆောင်ပစ္စည်းများ ထည့်ထားသည့် အိတ်ကြီးကို သယ်ဆောင်လာ သည်ဟု ယုံကြည်ထားကြသည်။
ခရစ္စမတ်ဘိုးဘိုးသည် ကမ္ဘာတစ်ဝန်းရှိ ကလေး များ၏ အင်အားစာရင်းကို နှစ်စဉ်ပြုစုထားသည်ဟု ဆိုသည်။ လိမ္မာယဉ်ကျေးသော ကလေးများ၊ ဆိုးသွမ်းသော ကလေးများ၊ အပြုအမူရိုင်းစိုင်းသော ကလေးများ၊ နူးညံ့သိမ်မွေ့သော ကလေးများဟူ၍စာရင်းခွဲခြားပြုစုထားသည်။ ၎င်းသည် ခရစ္စမတ် အကြိုနေ့တွင် လိမ္မာယဉ်ကျေးသော ကလေးများ အား ကစားစရာအရုပ်များနှင့် ချောကလက်များ လက်ဆောင်ပေးပြီး ဆိုးသွမ်းသော ကလေးများကို ကျောက်မီးသွေးခဲများပေးသည်ဟု ဆိုသည်။ ကလေးများသည်ခရစ္စမတ်ကာလတွင် လက်ဆောင် ပစ္စည်းများ ရရှိကြမည်ဖြစ်သောကြောင့် ပျော်ရွှင် ကြည်နူးနေကြသည်။
ခရစ္စမတ်ဘိုးဘိုးသည် ထိုသို့ဆောင်ရွက်ပေး ခြင်း အမှန်တကယ် ရှိ မရှိကိုမူမည်သူမျှ အတိအကျ ပြောနိုင်မည် မဟုတ်ချေ။ ကလေးများ လိမ္မာယဉ်ကျေး မှုရှိစေရန်အတွက် ခရစ်ယာန်ဘာသာရှုထောင့်အရ ပြောဆိုနေခြင်းလည်း ဖြစ်နိုင်ပါသည်။ အမှန်စင်စစ် မှာမူ လူကြီးမိဘများက ခရစ္စမတ်အကြိုဒီဇင်ဘာလ ၂၄ ရက်နေ့ ညပိုင်း၌ကလေးများ အိပ်မောကျနေ သည့်အချိန်တွင် လက်ဆောင်ပစ္စည်းများအား ခရစ္စမတ်သစ်ပင်အောက်တွင် ချပေးထားခြင်း ဖြစ်သည်။ ကလေးများသည် ဒီဇင်ဘာလ ၂၅ ရက် နေ့ နံနက်စောစော အိပ်ယာထသည့်အချိန်တွင် ထိုလက်ဆောင်ကို တွေ့သဖြင့် ပျော်ရွှင်ကြည်နူးကြ ရသည်။ မည်သည့်ဘာသာအယူဝါဒတွင်ဖြစ်စေ အနှစ်ချုပ်သည် လိမ္မာယဉ်ကျေးမှုရှိနေစေရန်ပင် ဖြစ်သည်။ ကလေးငယ်များကို ငယ်စဉ်ကတည်း ကပင် ဘာသာရေးပွဲတော်များဖြင့် စည်းရုံးထားခြင်း ဖြစ်သည်။ ထို့ကြောင့် ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွား နေသည့်တိုင် လူကြီးမိဘများအနေဖြင့် ဒီဇင်ဘာလ ၂၄ ရက် ညပိုင်းတွင် ခရစ္စမတ်သစ်ပင်အောက်၌ Santa Claus ကိုယ်စား ကလေးများအတွက် ခရစ္စမတ်လက်ဆောင်များ ထားပေးသွားသင့်ပေ သည်။ ကမ္ဘာတစ်ဝန်း အကျပ်အတည်းများ ရင်ဆိုင် နေရသည့်အချိန်တွင် နေအိမ်တွင်း၌ ပိတ်မိနေသည့် ကလေးများကို စိတ်ထွက်ပေါက်ပေးသည့်အနေဖြင့် ခရစ္စမတ်လက်ဆောင်ပစ္စည်းလေးများ စီစဉ်ပေး သွားသင့်ပါသည်။
ကြည်နူးဖွယ်ရာကာလ
ခရစ္စမတ်ပွဲတော်ကာလတွင် မဖြစ်မနေ ပါဝင် သောအရာများသည် ခရစ္စမတ်သစ်ပင်၊ ခရစ္စမတ် ရောင်စုံ မီးလုံးများ၊ မီးရှူး၊ မီးပန်းများနှင့် ခရစ္စမတ် ပန်းကုံးများဖြစ်ကြသည်။ နေအိမ်များ၊ လမ်းများနှင့် ကုန်တိုက်များရှိ ခရစ္စမတ်သစ်ပင်များ၌ ရောင်စုံ အလှမီးများ ထွန်းညှိထားကြသည်။ အထူးသဖြင့် ပျော်ပွဲရွှင်ပွဲများ ကျင်းပခြင်းဖြစ်သည်။ တချို့သော နိုင်ငံများသည် ဒီဇင်ဘာလ ၂၄ ရက်တွင် ခရစ္စမတ် အကြိုနေ့ (Christmas Eve) အခမ်းအနားများ ကျင်းပကြသည်။ ထိုနေ့တွင် လူငယ်များသည် နေအိမ်များကို လှည့်လည်၍ ခရစ်ယာန်ဓမ္မတေး သီချင်းများဆိုကာ ဆုတောင်းပေးကြသည်။ တချို့ သော အိမ်များသည် ထိုအဖွဲ့ကို အလှူငွေများ၊ လက်ဆောင်များပေးကြသည်။ အပြန်အလှန်မေတ္တာ ထားခြင်းဖြစ်သည်။ ချစ်စရာကောင်းသော အလေ့ အထပင်ဖြစ်သည်။ သို့သော် ယခုနှစ်တွင် လူစုလူဝေး မလုပ်ရသဖြင့် နေအိမ်များသို့ လှည့်လည်ပြီး ခရစ်ယာန်ဓမ္မတေးသီချင်းများ ဖျော်ဖြေနိုင်တော့ မည် မဟုတ်ချေ။ မိသားစုအလိုက် မိမိအိမ်မှာပင် ဖြတ်သန်းကြရတော့မည်ဖြစ်သည်။
အနောက်တိုင်းယဉ်ကျေးမှုအရ ရုံး၊ ဌာန၊ ကုမ္ပဏီ များသည် ခရစ္စမတ်ပွဲတော်မတိုင်မီ လက်ဆောင် ပစ္စည်းများ ပေးပို့ရန် ကြိုတင်ပြင်ဆင်ကြရသည်။
စင်စစ်အားဖြင့် ခရစ္စမတ်နေ့၏ အနှစ်သာရ သည် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် လက်ဆောင် ပေးကြခြင်းဖြစ်သည်။ ခရစ္စမတ်ကတ်များကိုလည်း အပြန်အလှန်ပေးပို့ကာ ဆုမွန်ကောင်းတောင်းကြ သည်။ မိတ်ဆွေများ၊ ဆွေမျိုးများနှင့် မိသားစုများ စုစည်းကာရိုးရာ အစားအသောက်များ ချက်ပြုတ် စားသောက်ကြသည်။ ရုံး၊ ဌာနများ၊ ကုမ္ပဏီများသည် ပါတီပွဲများ ကျင်းပကြသည်။ ထိုအခမ်းအနားအပြီး တွင် ခရစ္စမတ်လက်ဆောင်များ အပြန်အလှန် ပေးကြသည်။ အပြန်အလှန် အလှူအတန်းပြုလုပ် ရသောကြောင့် ကြည်နူးစရာအချိန်ကာလပင် ဖြစ်သည်။
ခရစ္စမတ်ကာလကို ငြိမ်းချမ်းစွာ
ဖြတ်သန်းသွားစေလို
မြန်မာနိုင်ငံတွင်လည်း လူငယ်အချို့သည် ခရစ္စမတ်နေ့အခမ်းအနားများ ပြုလုပ်လာကြသည်။ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးပို့ကြ သည်။ ထိုသို့ပြုလုပ်ခြင်းသည် အချင်းချင်း မေတ္တာထားလာသဖြင့် ကောင်းမွန်ပါသည်။ သို့သော် ခရစ္စမတ်နေ့တွင် ညဘက်၌ ပါတီပွဲများကျင်းပကာ သောက်စားမူးယစ်မှုများလည်း ရှိလာကြသည်။ မည်သို့ပင်ဆိုစေကာမူ လူတိုင်းသည် လွတ်လပ်စွာ ကိုးကွယ်ခွင့်၊ ယုံကြည်ခွင့်၊ ပြောဆိုခွင့်၊ ပျော်ရွှင် ကြည်နူးခွင့်များရှိကြပါသည်။ ထိုလွတ်လပ်ခွင့် များသည် မိမိနှင့်မိမိပတ်ဝန်းကျင်ကို ထိခိုက် နစ်နာမှုမရှိစေရန်လည်း လိုအပ်သည်။ လူသည် တစ်ဦးတည်းနေထိုင်သော သတ္တဝါမဟုတ်ချေ။ ပတ်ဝန်းကျင်အသိုက်အဝန်းနှင့် နေထိုင်ကြရသည်။ အထူးသဖြင့် မိမိမွေးဖွားရာ ဒေသ၊ နိုင်ငံ၏ဘာသာ တရား၊ ရိုးရာယဉ်ကျေးမှုနှင့် အစဉ်အလာကောင်း များကိုမူ တန်ဖိုးထားတတ်ရန် လိုအပ်ပါသည်။ ထိုသို့တန်ဖိုးထားတတ်သည့် စိတ်သဘောထားကိုမျိုးချစ်စိတ်ဓာတ်ဟု အဓိပ္ပာယ်ဖွင့်ဆိုနိုင်ပါသည်။
ဆိုရလျှင် တစ်ကမ္ဘာလုံး ဆက်စပ်ပြောင်းလဲနေသောခေတ်ကြီးတွင် ယဉ်ကျေးမှုပေါင်းစုံသည် မြန်ဆန်စွာ ထိုးဖောက်ဝင်ရောက်လျက်ရှိသည်။ ထိုအချိန်တွင် မြန်မာလူငယ်များသည် တိုင်းတစ်ပါး ယဉ်ကျေးမှုကို အထင်ကြီးပြီး မိမိယဉ်ကျေးမှုအစဉ် အလာများကို မေ့လျော့လာတတ်ကြသည်။ လူငယ် များသည် အတုခိုးမှုမြန်ဆန်ပါသည်။ အားလုံး ဝိုင်းဝန်းထိန်းသိမ်းမှုသာမရှိလျှင် အနာဂတ်တွင် မြန်မာ့ယဉ်ကျေးမှုသည် အရိုးပေါ်အရွက်ဖုံးကာ တဖြည်းဖြည်း မှေးမှိန်လာနိုင်ပါသည်။ ဆိုရလျှင် မကြာမီ ခရစ္စမတ်နေ့ရောက်တော့မည်ဖြစ်သည်။ ထိုနေ့တွင် သက်ဆိုင်ရာဘာသာ၏ အနှစ်သာရဖြစ် သော လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးပို့ ခြင်း၊ ကလေးငယ်များအား လက်ဆောင်ပစ္စည်းများ ပေးခြင်း၊ အလှူအတန်းပြုခြင်း၊ ဆုတောင်းမေတ္တာ ပို့သခြင်းတို့ကို ပြုလုပ်သွားသင့်ပါသည်။ ထိုနေ့ကို အကြောင်းပြု၍ ပါတီပွဲများ၊ ပျော်ပွဲရွှင်ပွဲများ ကျင်းပကာ သောက်စားမူးယစ်ရမ်းကားနေမည်ဆိုလျှင် ခရစ္စမတ်နေ့၏ အနှစ်သာရ ပျက်ပြယ်သွား နိုင်သည့်အပြင် လူစုလူဝေးလုပ်သဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုနှုန်းပင် မြင့်တက်လာနိုင်ပေ သည်။ ထို့ကြောင့် မျိုးဆက်သစ်လူငယ်များအနေဖြင့် ယဉ်ကျေးသိမ်မွေ့သော မြန်မာလူငယ်များပီပီ ကျန်းမာရေးဆိုင်ရာ စံနှုန်းများနှင့်အညီ အလှူ အတန်းနှင့် ကောင်းမှုကုသိုလ်များ ပြုလုပ်ရင်း ခရစ္စမတ်ကာလကို ငြိမ်းချမ်းစွာ ဖြတ်သန်းသွားစေ လိုပါသည်။ ။
- Log in to post comments