ခရီးသွားလုပ်ငန်းများ ရှင်သန်စေခြင်းဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဆီသို့

Type
1

ခင်မောင်(ဟိုတယ်/ခရီး)

စိတ်အပန်းပြေရာ ခရီးသွားမှာ
လူသားတို့သဘာဝ  တစ်ဦးတစ်ယောက်တည်း နေထိုင်ခြင်းထက် အများနှင့်   စုပေါင်းအုပ်စုဖွဲ့ နေတတ်ကြသည်ဖြစ်ရာ ဘဝရှင်သန်ရပ်တည်ရန် စားဝတ်နေရေးအတွက် တစ်နေ့တာကာလနိစ္စဓူဝ အလုပ်များဖြင့်  ရုန်းကန်ကြရင်း   တွေ့ကြုံခံစား ရသည့်  စိတ်ဖိစီးမှုများ၊   ပတ်ဝန်းကျင်လုပ်ငန်း ခွင်၏ ဖိစီးမှုများ၊ အလုပ်ရှင်နှင့် အလုပ်သမားကြား ဆက်ဆံမှုမှ ကြုံတွေ့ရသည့် မပြေလည်မှုများ အစ ရှိသည်တို့ ပြေပျောက်စေရန်အလို့ငှာ ကိုယ်ပိုင် အားလပ်ရက်များ၊   အလုပ်အားလပ်ချိန်များနှင့် အလုပ်ပင်ပန်း၍ အနားယူလိုသည့် အချိန်ကာလ များတွင်   မြန်ပြည်အနှံ့    အပန်းဖြေခရီးများ သွားလာကြသည့်အလေ့အထရှိကြပါသည်။ 
မြန်ပြည်အနှံ့ ခရီးသွားများအား ဆွဲဆောင်နေ သည့် ခရီးစဉ်အချို့  ကောက်နုတ်တင်ပြရလျှင်  ကချင်-  မြစ်ဆုံ၊   ကယား- မိုးဗြဲဆည်၊ ကရင်-ဇွဲကပင်၊ ချင်း-ရိဒ်ရေကန်၊ မွန်-ကျိုက်ထီးရိုး၊ ရခိုင်- မြောက်ဦး၊   ရှမ်း-အင်းလေး ခရီးစဉ်များ အပါအဝင် ရန်ကုန်-ရွှေတိဂုံ၊ ပဲခူး - ရွှေမော်ဓော၊ မကွေး-မြသလွန်၊ စစ်ကိုင်း- ဆွမ်းဦးပုညရှင်၊  မန္တလေး-မဟာမြတ်မုနိ၊ တနင်္သာရီ - ထားဝယ် ရှင်ကိုးရှင်၊ ဧရာဝတီမော်တင်စွန်း စသည့်တန်ခိုး ကြီး   ဘုရားဖူးခရီးစဉ်များ   ကချင်ပြည်နယ်    အင်းတော်ကြီး၊ တနင်္သာရီမြိတ်ကျွန်းစု၊ ဧရာဝတီ၊ ငွေဆောင်၊   ချောင်းသာ၊  ရခိုင် ငပလီ  စသည့် အပန်းဖြေခရီးစဉ် များ၊ မိမိတို့ယုံကြည်ကိုးကွယ်ရာ သက်ဆိုင်ရာဘာသာအလိုက်    ခရီးစဉ်များကို  ရွေးချယ်သွားလာခြင်းဖြင့်  မိမိတို့နှစ်သက်ရာ၊ နီးစပ်ရာ မြို့၊ ရွာများသို့ ခရီးတို၊ ခရီးရှည်စုပေါင်းကာ  သို့မဟုတ် တစ်ဦးတစ်ယောက်ချင်း  အစီအစဉ်ဖြင့်   မိမိတို့  နေရပ်အလုပ်ခွင်မှ  ခေတ္တထွက်ခွာ၍             စိတ်အပန်းပြေစေခြင်း၊ လုပ်ငန်းခွင်၏  ဖိစီးမှုများမှ  ရုန်းထွက်ခြင်းတို့ဖြင့်  စိတ်လွတ်လပ်ပျော်ရွှင်စေရန်  ခရီးထွက်လေ့ရှိကြပါသည်။ 
ကိုဗစ်နှင့် တစ်နေ့တာစိတ်ညစ်စရာ
မကြာမီကာလများ    ကမ္ဘာတစ်ဝန်းလုံးရှိ မိသားစုများ၊ ဆွေမျိုးသားချင်းများ၊    အစိုးရ ပုဂ္ဂလိက  ဝန်ထမ်းများ၊    ပြည်သူများသည်  ကိုဗစ်-၁၉ ကူးစက်ရောဂါ၏ ခြိမ်းခြောက်မှုဒဏ်ကို ရင်ဆိုင်ကြုံတွေ့  ခံစားနေကြရပြီး  ရာသီစက်ဝန်း တစ်ပတ်လည် ကာလရှည်ကြာ  အိမ်တွင်းပုန်း၍ စိတ်နှလုံး  ညစ်နွမ်းမှုများဖြင့်  တစ်နေ့တာကာလ များကို  ဖြတ်သန်းနေကြရသည်နှင့်အညီ စီးပွား ရေး၊ ပညာရေး၊ လူမှုရေး၊ နိုင်ငံရေးများ အဘက် ဘက်မှ ဖွံ့ဖြိုးတိုးတက်မှု  နှောင့်နှေးရပ်တန့်ကာ အလုပ်အကိုင် အခွင့်အလမ်းများ၊ ဝင်ငွေရလမ်း များ၊ ရောင်းဝယ်ဖောက်ကားမှုများ စသည့်နေ့စဉ် လူနေမှုဘဝဆိုင်ရာ အခက်အခဲအကျပ်အတည်း များနှင့် ရင်ဆိုင်ကြုံတွေ့နေရကာ ယခင်က ရရှိခဲ့ သော ပျော်ရွှင်မှု ၊ လွတ်လပ်မှု ၊ အေးချမ်းသာယာမှု များ ပျောက်ဆုံးကာ တစ်ဦးနှင့်တစ်ဦး ယုံကြည်မှု လျော့နည်း၍   အလိုမကျမှု၊  စိတ်ရှည်သည်းခံ  လိုစိတ်မရှိ လူသားအချင်းချင်း  ရန်လိုမှု၊  မလို မုန်းထားမှု  စသည့်မကောင်းစိတ်၊  စိတ်ညစ်၊ စိတ်ဆိုးများ ဖြစ်တည်ခံစားရကာ အေးချမ်းသာယာ သည့် ပတ်ဝန်းကျင်ကို  အရောင်ဆိုးညစ်နွမ်းစေ လိုသည့်  ခက်ထန်မှုများ  လွှမ်းမိုး၍  မိမိတို့၏ တစ်နေ့တာကာလကို ကျင်လည်ဖြတ်သန်းနေကြ ရသည်မှာ ရက်မှ လ၊ လမှ နှစ်သို့တိုင် ကာလရှည် ကြာလာခဲ့ပြီဖြစ်သော်လည်း  ကုစားရန်ဆေးမရှိ၊ မပြည့်စုံခြင်း၊ စိတ်ဖြေဖျောက်ရန်  အပန်းဖြေရန် ထွက်ပေါက်မရှိ   ဖြစ်နေကြရကာ  သက်ဆိုင်ရာ ဘာသာ  အယူဝါဒလမ်းညွှန်မှုများ မေ့လျော့ကာ  လူမှုပတ်ဝန်းကျင်နယ်ပယ်အတွင်း  ဆက်ဆံရေး အဆင်မပြေ မအေးချမ်း မပြေလည်မှုများနှင့် တစ်နေ့ တာ  လူမှုဘဝရပ်တည်မှုအတွက်   လိုအပ်သည့် သွားလာမှုများမှာပင်  စိုးရိမ်ကြောင့်ကြမှုများဖြင့် ဖြတ်သန်းကျင်လည်နေခဲ့ရသည့်  အချိန်ကာလကို  အမြန်ကျော်လွန်လွတ်မြောက်လိုကြသည့် စိတ်ဆန္ဒ များ  လူကြီးလူငယ်အများစုမှာ  ဖြစ်ပေါ်ခံစားနေ ကြရလိမ့်မည်ဖြစ်ပါသည်။  
ခရီးသွားကဏ္ဍမှ ပါဝင်ပတ်သက်နေမှု
မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းနယ်ပယ်အတွင်း မရှိမဖြစ်ရပ်တည်ခဲ့ကြသည့် ဟိုတယ်များ၊  တည်းခို ခန်းများ၊ စားသောက်ဆိုင်များ၊  ဧည့်လမ်းညွှန်များ၊ ခရီးစဉ်ဒေသအသီးသီးရှိ စိုက်ပျိုးရေး၊  မွေးမြူရေး၊ သား၊ ငါး ရှာဖွေထုတ်လုပ်ရေး၊ ရောင်းချရေး စသည့် ဝန်ဆောင်မှုဆိုင်ရာ လုပ်ငန်းအသီးသီးဖြင့် အသက်  မွေးရပ်တည်နေကြသူများ၊  ကုန်းလမ်း၊  ရေလမ်း၊ လေလမ်းများဖြင့်  ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းဆောင်ရွက်နေသည့် လူပုဂ္ဂိုလ်၊  စက်ယန္တရားနှင့် ဆက်စပ်လုပ်ငန်းများ အစရှိသဖြင့် အခြေခံအဆောက် အအုံဟု ခေါ်ဆိုအပ်သော လူ၊ စက်၊ သီးနှံ၊ သား၊ ငါး၊ လမ်း၊ တံတားမကျန် ပါဝင်ပတ်သက်နေလေရာ ဆက်စပ်မှုသက်ရှိသက်မဲ့များနှင့်  ၎င်းတို့ကို အားကိုး သမှုပြုကာ   အသက်ရှင်    မှီခိုရပ်တည်နေရသည့် လုပ်ငန်းရှင်၊ လုပ်သားမှီခိုအားထား   မိသားစုများ ပေါင်းစပ်ရေတွက် ဆန်းစစ်ကြည့်ရသော် နိုင်ငံလူဦး ရေ၏ ကြီးမားသည့် ကိန်းဂဏန်းတစ်ခုက ခရီးသွား လုပ်ငန်းတွင် ပါဝင်ပတ်သက်နေသည်  ဆိုခြင်းမှာ  ငြင်းကွယ်၍မရသည့် အခြေအနေတစ်ခုဖြစ်၍ နေပါ သည်။ ဤမျှရှိသည့် သက်ရှိသက်မဲ့ထုထည်ကြီးသည် လည်း မွန်းကျပ်မှုများကြား အဖြေရှာမရ၊  ရုန်းထွက် ၍ မရ၊ ရပ်တည်ရန်ပင်   ခက်ခဲသည့်  အခြေအနေနှင့် ရင်ဆိုင်ကြုံတွေ့နေပေလိမ့်မည်။ 
စိတ်၏ထွက်ပေါက် ခရီးရောက်မည်
 လွတ်လပ်မျှတသည့်     လူမှုပတ်ဝန်းကျင်    အသစ်တစ်ဖန်ဖြစ်တည်လာရေး    စိတ်ဆန္ဒများဖြင့် ထွက်ပေါက်ရှာသော် ကိုဗစ်ကိုကျော်လွန် အနိုင်ယူ မည့် ခေတ်မီဆေးဝါးများ    ပြည့်စုံစွာရရှိစေခြင်း၊ ကူးစက်ရောဂါကင်းဝေးရာ ဒေသသို့ သွားလာလိုခြင်း သို့မဟုတ် ကူးစက်ရောဂါကို  သတိပြုကာ ကိုဗစ် နှင့်အတူ ယှဉ်တွဲနေထိုင်၍  သတ်မှတ်စည်းကမ်းများ နှင့်အညီ စနစ်တကျလိုက်နာသွားလာခြင်း သို့မဟုတ်  မည်သို့သောအကြောင်းများ ရှိစေကာမှု စိတ်ထွက် ပေါက်ရရေး ရည်ရွယ်ချက်တစ်ခုတည်းဖြင့်  လာမယ့် ဘေး ပြေးတွေ့အထိန်းအချုပ်မရှိ ခရီးထွက်ခွာခြင်း စသည် စသည်ဖြင့် နည်းလမ်းမြောက်မြားစွာ ရှိလေ ရာ  လူနှင့်လူ့ပတ်ဝန်းကျင်အတွက်   အကောင်းဆုံး နှင့် ဖြစ်သင့်သည့်နည်းလမ်းကိုသာ ရွေးချယ်၍ စတင် ဆောင်ရွက်သင့်ပြီး   ခရီးသွားလုပ်ငန်းများ အမြန်ဆုံး လည်ပတ်နိုင်ရေး ချင့်ချိန်မျှော်တွေးဖွင့်လှစ်နိုင်ရေး ကြီးကြပ်ဆောင်ရွက်ရန်  အချိန်တန်ပြီဟု  ယူဆရပါ သည်။ 
ကြိုတင်စီစဉ် ဖွင့်ရန်ပြင်သည်
ခရီးစဉ်များ စတင်နိုင်ရန်   ပြင်ဆင်ကြရာတွင်  ဟိုတယ်နှင့်     ခရီးသွားလာရေး    ဝန်ကြီးဌာန၏ ဦးဆောင် မှု၊ ဟိုတယ်နှင့်  ခရီးသွားညွှန်ကြားမှုဦးစီးဌာန ၏ ကြီးကြပ်မှု၊   သက်ဆိုင်ရာနယ်ရုံးခွဲများ၏   စီစဉ်မှု၊          မြန်မာနိုင်ငံဧည့်လမ်းညွှန်များအသင်း၊ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ ဟိုတယ်နှင့်  ခရီးသွားလုပ်ငန်းဆိုင်ရာကျွမ်းကျင် ပညာရှင်များအသင်းတို့၏  ပူးပေါင်းပါဝင်မှုများဖြင့် ကိုဗစ်-၁၉ ကြောင့် ခရီးသွားလုပ်ငန်းကျဆင်းကာ စီးပွားရေးအရ   ထိခိုက်လျက်ရှိသော  ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ   ခရီးသွားလုပ်ငန်း နယ်ပယ်အတွင်း ပါဝင်ဆောင်ရွက်နေကြသည့် စက်လှေမောင်း လုပ်ငန်းလုပ်ကိုင်သူများ၊ အနှေး ယာဉ်လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုနေသူများ၊  မြင်းလှည်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုသူများ၊ လက်မှုပညာသည်များ၊ ခေါင်းရွက်ဗျပ် ထိုးဈေးသည်များ စသည်တို့ပါဝင်သည့်   အခြေခံ လူတန်းစားများအတွက် COVID-19 Relief Package (1) ခရီးသွားလုပ်ငန်းဆိုင်ရာ  အခြေခံ သင်တန်းများ၊ ဟိုတယ်ဇုန်အသီးသီးမှ  ဟိုတယ် ဝန်ထမ်းများအတွက် COVID-19 Relief Package (2) ဟိုတယ်ဆိုင်ရာ ဝန်ဆောင်မှုမွမ်းမံသင်တန်း များကို   ဖွင့်လှစ်ပို့ချခဲ့ပြီး  ဖြစ်ပါသည်။ ထို့အတူ COVID-19 Relief Package (3)  အနေဖြင့်လည်း ASEAN Standard  Tour  Guide  Upgrading Course for National Tour Guide  သင်တန်းကို ဖွင့်လှစ်ပေးခဲ့ပြီး  ဖြစ်ပါသည်။   ကိုဗစ်- ၁၉ အလွန် ခရီးသွားလုပ်ငန်း ပြန်လည်ဖွင့်လှစ်နိုင်ရေး En- chanting   Myanmar  Health and Safety Protocol အစီအစဉ်ကို ဆောင်ရွက်ရာတွင်  လိုအပ် သော လေ့ကျင့်သင်ကြားမှုများ    ပြုလုပ်ပေးနိုင်မည့် သင်ကြားရေးဆရာများ   လေ့ကျင့်ပေးနိုင်ရေးနှင့် အကဲဖြတ်စိစစ်ပေးမည့်သူများ  ပေါ်ထွန်းလာရေး အတွက် COVID-19 Safe Service Master Trainer (TOT)  သင်တန်းများကို   တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့တွင် ဖွင့်လှစ်ပေးခဲ့ပြီး  ဖြစ် ပါသည်။ အဆိုပါဆရာဖြစ် သင်တန်းဆင်းပြီးသည့် ဆရာများ ဖြင့် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်း ရေးဆိုင်ရာ ဆင့်ပွားသင်တန်းများကို ဟိုတယ်နှင့် တည်းခိုရိပ်သာ လုပ်ငန်းများ၊ စားသောက်ဆိုင်များ၊   သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၊   ခရီးသွား ကုမ္ပဏီများ၊  ဧည့်လမ်းညွှန်များ၊  ခရီးစဉ်ဒေသ များနှင့်  ခရီးသွားဆွဲဆောင်မှုများ၊   အမှတ်တရ ပစ္စည်းအရောင်းဆိုင်များ စသည့်လုပ်ငန်းနယ်ပယ် ခုနစ်ခုအတွက်   ပြည်နယ်နှင့်    တိုင်းဒေသကြီး အသီးသီးတွင်   ဖွင့်လှစ်ခဲ့ပြီးဖြစ်ကာ   အဆိုပါ သင်တန်းများ  ဖွင့်လှစ်မှုအသီးသီးတွင် ပါဝင်သည့်  သင်တန်းပို့ချသူ    ဆရာများအား    ပို့ချသည့် သင်တန်းချိန်အလိုက်နှင့် တက်ရောက်သူသင်တန်း သားများအား  သင်တန်းတက်ရောက်မှု  နေ့ရက် အလိုက် ထောက်ပံ့ငွေများ  ပေးအပ်နိုင်ရန် စီစဉ်မှု ဖြင့်  သင်တန်းများကို    ဖွင့်လှစ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။ 
ဝန်ကြီးဌာနသည် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ အသင်းအဖွဲ့များ၏   ပူးပေါင်းပါဝင်မှု၊   မိတ်ဖက် အဖွဲ့အစည်းများ၏    ပံ့ပိုးမှု၊  COVID- 19 Safe Service Master Trainer နှင့် Inspector Training သင်တန်းတက်ရောက်ပြီးသူ သင်ကြားရေးဆရာ များ၏ ပါဝင်သင်ကြားမှုဖြင့် ကိုဗစ်-၁၉  အလွန် ကာလတွင် ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်း များ  ပြန်လည်ဖွင့်လှစ်သည့်အခါ   လိုအပ်မည့်         လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ ကျွမ်းကျင်မှုများ၊  ဆောင်ရန်၊  ရှောင်ရန်များကို ကျယ်ကျယ်ပြန့်ပြန့်  သိရှိစေရန်   Online    မှ အသိပညာပေးသင်တန်းများ ပို့ချခြင်းတို့ကိုလည်း ဆောင်ရွက်နေကြောင်း သိရှိရပါသည်။ 


စနစ်ကျမှ ဖွင့်လှစ်ကြ
ကြိုတင်ပြင်ဆင်မှုများ  ဆောင်ရွက်ခြင်း၊ ဆောင်ရွက်နေဆဲကာလများတွင်  စနစ်ကျမှု ရှိစေရန်  သက်ဆိုင်ရာနယ်ပယ်အသီးသီးမှ   ကျွမ်းကျင်သူများပါဝင်မှု၊   စုပေါင်းစိစစ် အကြံပြုမှုများဖြင့် ကြပ်မတ်မှု၊ လုပ်ငန်းရှင် များ လုပ်သားများ၏ ပူးပေါင်းပါဝင်မှု စုပေါင်း အားဖြင့် ဆောင်ရွက်ကြမည်ဆိုပါက  မည်သို့ သော အကျပ်အတည်းကို ရင်ဆိုင်ဖြတ်သန်း နေကြရသော်လည်း     စည်းကမ်းလိုက်နာ ဘေးကင်းကွာဟူသည့်    ဆောင်ပုဒ်ကို လက်ကိုင်ပြု၍ အားလုံး၏အသိ၊ သတိတရား များဖြင့် မိမိတို့၏ ခရီးသွားလုပ်ငန်းကဏ္ဍ   ပြန်လည်ရှင်သန်         နိုးထလာစေရေး ဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ပါသည်။  ထိုသို့ လုပ်ငန်းကဏ္ဍအသီးသီးကို   ဖွင့်လှစ်ကြ သည် ဆိုရာတွင်လည်း  မနိုင်ဝန်ထမ်းသည့် ဖြစ်ရပ်မျိုးဖြင့်      အရှိန်အဟုန်ချက်ချင်း ရပ်တန့်သွားစေခြင်း  အကျပ်အတည်းများ   ဖြစ်နိုင်ခြေ  အနည်းဆုံးဖြင့်  လုပ်ငန်းများ စတင်နိုင်ရန်                ဆွေးနွေးညှိနှိုင်း    စီစဉ်ဆောင်ရွက်သင့်ပါသည်။     စုပေါင်း အားဖြင့်            ညီညာစွာဆောင်ရွက်သင့် ပါသည်။ 
စုပေါင်းအားဖြင့် နေ့သစ်ဆီသို့
ခရီးသွားလုပ်ငန်းဖြင့်      ဘဝရှင်သန် ရပ်တည်နိုင်ရေး   ဆောင်ရွက်နေကြရသည့်  လုပ်ငန်းရှင်များ၊ လုပ်သားများ၊ စက်ယန္တရား များ  စသည့်   သက်ရှိသက်မဲ့များသည် ခရီးသွားလုပ်ငန်းကဏ္ဍ ဖွင့်လှစ်မှုကြောင့်  ပေါ်ထွန်းလာမည့်   ရွှေရောင်နေ့သစ်များကို  ဝမ်းသာလှိုက်လှဲ    မျှော်လင့်ကြိုဆိုလျက် ရှိနေကြသည်ဖြစ်ရာ  လက်ရှိဖြစ်ပေါ်နေသည့် ကိုဗစ်-၁၉    ဆိုင်ရာ   လိုက်နာရမည့် စည်းကမ်းများနှင့်အညီ  ခရီးသွားလုပ်ငန်းများ   ပြန်လည် ဖွံ့ဖြိုးလာနိုင်ရေး ညှိနှိုင်းဆောင်ရွက် ပေးခြင်းဖြင့် ခရီးသွားလုပ်ငန်းဖြင့်  ဒေသနေ ပြည်သူများ၏       ကြုံတွေ့နေရသည့် အခက်အခဲအချို့ကို     ပြေလျော့စေနိုင်ခြင်း အကျိုးငှာ  Tourism  for  People, Tourism for Peace, Tourism for Development,  ဖော်ဆောင်နိုင်ရန် ရည်သန်၍ Tourism to be National Strengthening  အလို့ငှာ ခရီးသွားလုပ်ငန်းဖြင့်      နိုင်ငံအဝန်းဖွံ့ဖြိုး တိုးတက်ရေး    မျှော်တွေးကာ    ထည့်သွင်း တွက်ချက်    ဆောင်ရွက်စေလိုပါကြောင်း အကြံပြုတင်ပြအပ်ပါသည်။       ။