
ပရီမီယာလိဂ် ပွဲစဉ် (၁၅) ၏ အစောဆုံးပွဲစဉ်အဖြစ် ဝက်စ်ဟမ်း အသင်းနှင့် ချယ်ဆီးအသင်းတို့ ပွဲစဉ်ကို ဒီဇင်ဘာ ၄ ရက် ညပိုင်း က ဝက်စ်ဟမ်းအိမ်ကွင်း၌ အကြိတ်အနယ် ယှဉ်ပြိုင်ကစား ခဲ့ရာ ပွဲအပြီးတွင် ဝက်စ်ဟမ်း အသင်းက ချယ်ဆီးအသင်းကို သုံးဂိုး - နှစ်ဂိုးဖြင့် အနိုင်ရရှိ ခဲ့သည်။
ယခုနှစ်ရာသီတွင် ခြေစွမ်းပြ သထားနိုင်သည့် ဒေးဗစ်မိုယက်စ် ၏ ဝက်စ်ဟမ်းအသင်းသည် ပြီးခဲ့သည့်ပွဲစဉ်မှ ပွဲထွက်စာရင်းကို နှစ်ဦးအပြောင်း အလဲပြုလုပ်ပြီး ဘိုဝင်၊ လန်ဇီနီ၊ အန်တိုနီယိုတို့ ဦးဆောင်ကာ ချယ်ဆီးအသင်းကို ရင်ဆိုင်လာခဲ့သည်။ တူချယ်၏ ချယ်ဆီးအသင်းက တိုက်စစ်တွင် မောင့်၊ ဇီယက်၊ ဟာဗက်ဇ်တို့ဦးဆောင်လာပြီး ဝက်စ်ဟမ်း အသင်းကို ရင်ဆိုင်လာခဲ့သည်။ အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နိုင်ရေးအတွက် ချယ်ဆီးအသင်း သည် ပွဲစသည်နှင့်တစ်ပြိုင်နက် ဝက်စ်ဟမ်းအသင်း ဘက်သို့ ထိုးဖောက်တိုက်စစ်ဆင်မှု ပြုလုပ်နိုင်ခဲ့ သည်။ ယခုပွဲစဉ်တွင် အပြန်အလှန်သွင်းဂိုးများနှင့် အတူ ပြိုင်ဆိုင်မှု မြိုင်ဆိုင်ခဲ့ပြီး ပရိသတ်အကြိုက် ပွဲကောင်းတစ်ပွဲဖြစ်ခဲ့သည်။
ယခုပွဲစဉ်အတွက် ဦးဆောင်ဂိုးကို ချယ်ဆီး အသင်းက စတင်ရရှိခဲ့ပြီး ပွဲချိန် ၂၉ မိနစ်တွင် ခံစစ် ကစားသမား ဆီးလ်ဗားက သွင်းယူပေးခဲ့သည်။ ဝက်စ်ဟမ်းအသင်းကလည်း ချေပဂိုးရရှိရေး ကြိုးစား လာခဲ့ရာ မိနစ် ၄၀ တွင် ချေပဂိုးရရှိခဲ့ပြီး တိုက်စစ်တွင် ပွဲထွက်လာသည့် လန်ဇီနီက ပယ်နယ်တီမှတစ်ဆင့် သွင်းယူပေးနိုင်ခဲ့သည်။ ထို့ပြင် ပထမပိုင်းပွဲချိန် ပြီးခါနီးတွင် ချယ်ဆီးအသင်း ဒုတိယဂိုးရရှိခဲ့ပြီး မောင့်က သွင်းယူပေးခဲ့သည်။ ဒုတိယပိုင်းပြန်လည် စတင်ချိန်တွင် ချယ်ဆီးအသင်းသည် ကစားကွက် အပြောင်းအလဲအဖြစ် ဟာဗက်ဇ်ကို အနားပေး ကာ တိုက်စစ်မှူး လူကာကူကို ထည့်သွင်းအသုံးပြု ခဲ့သည်။
ဝက်စ်ဟမ်းအသင်းသည် ပွဲချိန် ၅၆ မိနစ်၌ ရရှိလာသည့်အခွင့်အရေးကို ဘိုဝင်က ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့သည့်အတွက် တစ်ဖက်နှစ်ဂိုးစီဖြစ်ခဲ့ သည်။ တစ်ဖက်နှစ်ဂိုးစီဖြစ်သရေကျပြီးနောက် ပွဲမှာ ပြိုင်ဆိုင်မှု ပြင်းထန်လာခဲ့သည်။ ချယ်ဆီးအသင်း သည် ယခုပွဲစဉ်တွင် ဝက်စ်ဟမ်းအသင်းအပေါ် ဖိအား ပေး ထိန်းချုပ်ကစားနိုင်ခဲ့သော်လည်း ဝက်စ်ဟမ်း အသင်း၏ မာကျောသည့် ခံစစ်နှင့် ဂိုးသမား ဖေဘီယန်စကီးတို့ လက်စွမ်းပြကာကွယ်ထားနိုင်မှု တို့ကြောင့် လိုအပ်နေသည့် ဂိုးများနှင့် ဝေးကွာခဲ့ရခြင်း ဖြစ်သည်။
ဝက်စ်ဟမ်းအသင်းအတွက် တတိယဂိုးကို ပွဲချိန် ၈၇ မိနစ်တွင် အန်တိုနီယို၏ ဖန်တီးမှုမှ မာဆော့ကာ က သွင်းယူပေးနိုင်ခဲ့သည်။ ထို့နောက်တွင် တစ်ဖက် နှင့်တစ်ဖက် ထပ်မံဂိုးသွင်းယူနိုင်ခြင်း မရှိသော ကြောင့် ဝက်စ်ဟမ်းအသင်းက သုံးဂိုး- နှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။ ဝက်စ်ဟမ်းအသင်းသည် ယခုအနိုင်ပွဲကြောင့် အဆင့် (၄) နေရာတွင် ရမှတ် ၂၇ မှတ်ဖြင့် ဆက်လက်ရပ်တည်နိုင်ခဲ့သည်။
အောင်ဇော်